မေးခွန်း အကြောင်းအရာ
၁၉၈၀ ခုနှစ်ပတ်ဝန်းကျင်မှအစပြု၍ သပိတ်ကျင်းမြို့နယ် တောင်ဘက်ပိုင်း သစ်တောကြိုးဝိုင်းအတွင်း ရွှေ၊ သတ္တုတူးဖော်တွေ့ရှိရာမှအစပြု၍ ရွှေတောဟု အမည်တွင်လာပြီး ဒေသအနှံ့မှ ရောက်ရှိလာကြကာ ကြိုးဝိုင်းအတွင်း ခုတ်ထွင်ရှင်းလင်းပြီး နေထိုင်လာကြရာမှ လက်ရှိကျေးရွာအများအဖြစ် ပေါ်ထွန်းလာပါကြောင်း၊ သစ်တောကြိုးဝိုင်းအတွင်း ပြည်ထဲရေး အမည်မပေါက်သေးသည့် ကျေးရွာများ အမည်ပေါက်ရရှိရေးအတွက် မြို့နယ်သစ်တောဦးစီးဌာနမှ ကွင်းဆင်းစစ်ဆေးချက်အစီရင်ခံစာကို ၂၀၁၀ ခုနှစ်မှာ ထုတ်ပြန်ခဲ့ပါကြောင်း၊ ၂၀၁၁ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့တွင် ပြည်ထဲရေးဝန်ကြီးဌာနမှ အမိန့်ကြော်ငြာစာထုတ်ပြန်ပြီး သပိတ်ကျင်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုသုံးအုပ်စုနှင့် ကျေးရွာပေါင်း ၂၄ ရွာကို တိုးချဲ့ပြင်ဆင်ပြီး ဖွဲ့စည်းလိုက်ရာ ဝက်သေကျေးရွာနှင့် ဖက်ရှည်ကျေးရွာ ၂ ရွာသည် ပြည်ထဲရေးအမည်ပေါက်ကျေးရွာများအဖြစ် ပါဝင်လာပါကြောင်း၊ ထိုကျေးရွာ ၂ ရွာသည် ကပ်လျက်တစ်ဆက်တည်း တည်ရှိသည့်ရွာများဖြစ်ကြပြီး ရွာ၏ပတ်ဝန်းကျင်တွင် ရွှေ၊ သတ္တုတူးဖော်သည့် ကုမ္ပဏီများ အများအပြားတည်ရှိပါကြောင်း၊ ကျေးရွာနှစ်ရွာသည် ကျေးရွာ မြေပုံကြမ်းရှိသော်လည်း မြေစာရင်းပုံစံ(၁၀၅)နှင့်တကွ ကျေးရွာပိုင်ဧရိယာ သတ်မှတ်ကျောက်တိုင် စိုက်ထူထားခြင်း ယနေ့အထိ မရှိသည့်အတွက် ကျေးရွာပတ်ဝန်းကျင်ရှိ ရွှေ၊ သတ္တုတူးဖော်သည့် ကုမ္ပဏီများနှင့် ဒေသခံကျေးရွာသူ ကျေးရွာသားများအကြား ရွာမြေဧရိယာသည် မည်သည်ဖြစ်သည်၊ ရွှေလုပ်ကွက်သည် မည်သည်ဖြစ်သည်ကို ရှင်းရှင်းလင်းလင်း မသိရသည့်အပေါ် အကြောင်းပြုပြီး အငြင်းပွားရာမှ ထိပ်တိုက်တွေ့ဆုံ ပဋိပက္ခဖြစ်မှုများ မကြာခဏ ဖြစ်ပေါ်ကြပါကြောင်း၊
ရွာမြေ၊ ရွှေသတ္တုလုပ်ကွက်၊ သစ်တောမြေ စသည်ဖြင့် ကွဲကွဲပြားပြားဖြစ်စေရန် သက်ဆိုင်ရာ ဝန်ကြီးဌာများမှ စီစဉ်ဆောင်ရွက်ပေးစေလိုပါကြောင်း၊ သို့မှသာ အနာဂတ်တွင် ရွှေတောနယ်မြေ၌ မကြာခဏဖြစ်ပေါ်တတ်သော မြေပိုင်ဆိုင်မှုအငြင်းပွားရာမှ ရွာခံနှင့် ကုမ္ပဏီ ထိပ်တိုက် တွေ့ဆုံသည့် ပြဿနာများကို ကြိုတင်ကာကွယ် တားဆီးနိုင်မည်ဖြစ်ပါကြောင်း၊ ယခင်အစိုးရလက်ထက် ၂၀၁၄-၁၅ ခုနှစ်တွင် မူလရှိနှင့်ပြီးဖြစ်သော ၂၀၁၁ ခုနှစ် ပြည်ထဲရေး အမည်ပေါက်ပြီးသည့် ကျေးရွာမြေဧရိယာ တော်တော်များများကို သတ္တုလက်ကွက်နှင့် သစ်တောမြေနှင့် မလွတ်ကင်းဟုဆိုကာ ပယ်ဖျက်ပြီး ဒေသခံပြည်သူလူထု၏ သဘောထားကို မတောင်းခံဘဲ ကျေးရွာမြေဧရိယာကို အောက်ပါအတိုင်းပြင်ဆင်ဖွဲ့စည်းလိုက်ပါကြောင်း၊
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစည်းအဝေးအမှတ်စဉ် (၂၀/၂၀၁၄)နှင့် (၃၈/၂၀၁၅) မှတ်တမ်းနှင့် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်၏ သဘောတူကြောင်း ထောက်ခံချက်အရ ဝက်သေကျေးရွာမြေအား မူလ ၁၅၅.၃၆ ဧကထဲမှ ၇၂.၀၅ ဧကကိုပယ်ဖျက်၍ ၉၃.၄၉ ကို အစားထိုးပေးခဲ့ပါကြောင်း၊ ထို့အတူ ဖက်ရှည်ကျေးရွာမြေကိုလည်း မူလ ၁၅၃.၂၆ ဧကထဲမှ ၄၆.၈၉ ဧကကို ပယ်ဖျက်ပြီး ၇၉.၈၃ ဧကကို အစားထိုးပေးခဲ့ပါကြောင်း၊ ထိုကျေးရွာများသည် အိမ်ထောင်စုပေါင်း ၁၀၀၀ ကျော်စီရှိပြီး လူဦးရေပေါင်း ၄၀၀၀ ကျော်ခန့် နေထိုင်ကြသည့်အတွက် လူဦးရေ တိုးပွားလာမှုနှင့်အတူ အိမ်ပူးအိမ်ကပ်များ၊ နေရာများပါ လိုအပ်လာပါကြောင်း၊ ကြက်ခြေနီ၊ မီးသတ်၊ မိခင်နှင့်ကလေး၊ နာရေးကူညီမှုစတဲ့ လူမှုရေးအသင်းအဖွဲ့များအတွက်လည်း နေရာအဆောက်အဦ အခက်အခဲများ တွေ့လာရပါကြောင်း၊ အစားထိုးပေးသော မြေဧရိယာသည် ကိန်းဂဏန်းအားဖြင့် ကျယ်ဝန်းလာသည်ဟု ထင်ရသော်လည်း အမှန်တကယ် လူနေထိုင်၍ မရနိုင်သော မတ်စောက်သည့်ချောက်များ ဖြစ်နေခြင်း၊ ဖယ်ရှားပေးရမည့်ဧရိယာအတွင်း ကျေးရွာဒေသခံနေအိမ် အများအပြားရှိနေခြင်း၊ လုပ်ကွက်သည် လူနေရပ်ကွက်များနှင့် နီးကပ်လွန်းခြင်း စသည့်ပြဿနားများစွာ တွေ့နေရပါကြောင်း၊ သို့ဖြစ်ပါ၍ သပိတ်ကျင်းမြို့နယ်အတွင်းရှိ ဝက်သေကျေးရွာနှင့် ဖက်ရှည်ကျေးရွာအား နယ်နိမိတ်ဧရိယာ ပြင်ဆင် ဖွဲ့စည်းခြင်းကိစ္စကို ပြန်လည်စိစစ်ပေးရန်နှင့် သတ်မှတ်ရွာမြေကို မြေစာရင်းပုံစံ (၁၀၅) နှင့်တကွ ကျေးရွာပိုင်ဧရိယာ သတ်မှတ်ကျောက်တိုင်စိုက်ထူပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။
ပြည်ထဲရေးဝန်ကြီးဌာန၏ ၂၀၁၁ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့ အမိန့်ကြော်ငြာစာနှင့် မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ် ပုန်းစုန်းကျေးရွာအုပ်စု အတွင်းရှိ ဝက်သေကျေးရွာနှင့် ဖက်ရှည်ကျေးရွာအပါအဝင် ကျေးရွာအုပ်စုသုံးအုပ်စု၊ ကျေးရွာ ၂၄ ရွာကို တိုးချဲ့ပြင်ဆင်ဖွဲ့စည်းခဲ့ပါကြောင်း၊ ယခုအချိန်တွင် သပိတ်ကျင်းမြို့နယ်ကို မြို့ ၂ မြို့၊ ရပ်ကွက် ၅ ခု၊ ကျေးရွာအုပ်စု ၂၂ စု၊ ကျေးရွာ ၇၀ နှင့် ဖွဲ့စည်းထားရှိပြီး ပုန်းစုန်းကျေးရွာအုပ်စုကို ပုန်းစုန်း ကျေးရွာနှင့် ဝက်သေကျေးရွာ၊ ဖက်ရှည်ကျေးရွာအပါအဝင် ကျေးရွာ ၈ ရွာနှင့်လည်း ဖွဲ့စည်းထားရှိပြီး ဖြစ်ပါကြောင်း၊
သစ်တောရေးရာဝန်ကြီးဌာနမှ ၂၀၁၁ ခုနှစ်၊ မေလ ၂၁ ရက်နေ့ ရက်စွဲပါအမိန့်ကြော်ငြာ စာအမှတ် (၁၀၇/၂၀၁၁)နှင့် ပုန်းစုန်းကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ ၈ ရွာမှ သစ်တော ကြိုးဝိုင်းမြေအတွင်း ရောက်ရှိနေသော မြေနေရာများကို ကြိုးဝိုင်းသစ်တောမြေအဖြစ်မှပယ်ဖျက်ခဲ့ရာတွင် ဝက်သေကျေးရွာ၏ မြေဧရိယာ ၁၅၅.၃၆ ဧက၊ ဖက်ရှည်ကျေးရွာ၏ မြေဧရိယာ ၁၅၃.၂၆ ဧကတို့ ပါဝင်သည်ကို စိစစ်တွေ့ရှိရပါကြောင်း၊ သပိတ်ကျင်းမြို့နယ် ဝက်သေကျေးရွာနှင့် ဖက်ရှည်ကျေးရွာတို့၏ ကျေးရွာမြေဧရိယာများသည် သတ္တုတွင်းဝန်ကြီးဌာနမှ ခွင့်ပြုမိန့် ထုတ်ပေးထားသော သတ္တုတူးဖော်ပေးကုမ္ပဏီများ၏ ရွှေလုပ်ကွက်များနှင့် ထပ်နေသည့်အတွက် ပြန်လည်တိုင်းတာသတ်မှတ်ပေးရန် လိုအပ်ကြောင်း စိစစ်တွေ့ရှိရသည့်အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၅၄ နှင့်အညီ ကျေးရွာမြေနေရာ ပြင်ဆင်ဖွဲ့စည်းနိုင်ရေးအတွက် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားရန် ပြည်ထဲရေးဝန်ကြီးဌာနက၂၀၁၃ ခုနှစ်၊ သြဂုတ်လ ၈ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီးသို့ အကြောင်းကြားခဲ့ပါကြောင်း၊ ထိုသို့အကြောင်းကြားခဲ့မှုအပေါ် ထပ်ဆင့်တင်ပြချက်အရ မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့မှ ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ညွှန်ကြားရေးမှူးခေါင်းဆောင်ပြီး သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ ပါဝင်သော ရွာမြေ အမှန်အတည်ပြု သတ်မှတ်ရေးကွင်းဆင်းအဖွဲ့ကို ဖွဲ့စည်းတာဝန်ပေးခဲ့သည်ကို စိစစ်တွေ့ရှိရပါကြောင်း၊
ထို့အပြင် သပိတ်ကျင်းမြို့နယ်၊ ဝက်သေကျေးရွာနှင့် ဖြတ်ချေကျေးရွာအတွင်း သတ္တုတွင်းဝန်ကြီးဌာနမှ ရွှေသတ္တုတူးဖော် လုပ်ကိုင်ခွင့်ချထားပေးသည့် လုပ်ကွက်များသည် ရွာမြေအတွင်း ကျူးကျော်နေသည့်အတွက် ရွာမြေပြန်လည်ရရှိရေး ကျေးရွာသူကျေးရွာသားများက တိုင်ကြားခြင်းနှင့်ပတ်သက်ပြီး မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး သစ်တောနှင့်သတ္တုဝန်ကြီး ဦးဆောင်ပြီး သက်ဆိုင်ရာဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များပါဝင်သော ဝက်သေ၊ ဖြတ်ချေဒေသအငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့ကို ဖွဲ့စည်းတာဝန်ပေး ဆောင်ရွက်ခဲ့ပါကြောင်း၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်နေ့ ပြန်လည်တင်ပြချက်အရ အငြင်းပွားမှုစိစစ်ရေးအဖွဲ့၏ စိစစ်တွေ့ရှိချက်များနှင့်ပတ်သက်၍ ပြည်ထဲရေးဝန်ကြီးဌာနသို့ ညှိနှိုင်းပေးပို့လာခဲ့ပါကြောင်း၊ ပေးပို့ချက်များတွင် ပထမအချက်အနေဖြင့် ဝက်သေကျေးရွာ၏ ၂၀၁၁ ခုနှစ်မတိုင်မီက အမှန်တည်ရှိသော ရွာမြေသည် ၈၈.၅၅ ဧက ရှိပြီး ကုမ္ပဏီများ၏ ရွှေသတ္တုလုပ်ကွက်များမှာ ၂၀၀၆ ခုနှစ်မှစ၍ သတ္တုတွင်း ဝန်ကြီးဌာန၏ ခွင့်ပြုမိန့်ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ၂၀၁၁ ခုနှစ်တွင် ရွာမြေအဖြစ် တိုင်းတာသတ်မှတ်ရာ ၂၀၀၆ ခုနှစ်ကတည်းက ခွင့်ပြုချက်ဖြင့် လုပ်ကိုင်နေသည့် ကုမ္ပဏီများ၏ ရွှေသတ္တုလုပ်ကွက် ဧရိယာများကို ရွာမြေအတွင်း ထည့်သွင်းလိုက်ပြီဖြစ်သည့်အတွက် ဝက်သေကျေးရွာမြေဧရိယာ ၁၅၅.၃၆ ဧက ဖြစ်ပေါ်လာခဲ့ကြောင်း၊ ဒုတိယအချက်အနေဖြင့် ဖတ်ရှည်ကျေးရွာ၏ ၂၀၁၁ ခုနှစ် မတိုင်မီ အမှန်တကယ်တည်ရှိသောရွာမြေသည် ၁၁၉.၈ ဧကရှိပြီး ၂၀၁၁ ခုနှစ်မှာ ရွာမြေအဖြစ် တိုင်းတာသတ်မှတ်ရာတွင် ၂၀၀၆ ခုနှစ်ကတည်းက ခွင့်ပြုချက်ဖြင့် လုပ်ကိုင်နေသည့် ကုမ္ပဏီများ၏ ရွှေသတ္တုလုပ်ကွက်များ ရွာမြေအတွင်းထည့်သွင်းလိုက်သည့်အတွက် လက်ရှိကျေးရွာ၏ မြေဧရိယာသည် ၁၅၃.၂၆ ဧက ဖြစ်ပေါ်လာကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရမှ အကြောင်းကြားလာခဲ့ပါကြောင်း၊
ထိုသို့ တင်ပြလာမှုအရ ပြည်ထဲရေးဝန်ကြီးဌာနမှ ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ဝက်သေကျေးရွာနှင့် ဖက်ရှည်ကျေးရွာတို့၏ မြေနေရာနှင့်စပ်လျဉ်းပြီး ပြင်ဆင်ဖွဲ့စည်းလိုမှုအား ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၅၄ နှင့်အညီ မန္တလေးတိုင်းဝန်ကြီးချုပ်၏ ထောက်ခံချက်ဖြင့် နိုင်ငံတော်သမ္မတရုံးသို့ တင်ပြဆောင်ရွက်ရန်နှင့် နိုင်ငံတော်သမ္မတရုံး၏ သဘောထားမှတ်ချက် တောင်းခံလာမှုအပေါ် ပြည်ထဲရေးဝန်ကြီးဌာနမှ စိစစ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ပတ်ဝန်း ကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနကလည်း လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ခဲ့ပြီး ၂၀၁၅ ခုနှစ်၊ သြဂုတ်လ ၂၇ ရက်နေ့ အမိန့်ကြော်ငြာစာအမှတ် ၅၇၉/၂၀၁၅နှင့် ဝက်သေကျေးရွာမြေဧရိယာ ၁၇၅.၈ ဧက၊ ဖက်ရှည်ကျေးရွာမြေဧရိယာ ၁၈၆.၂ ဧကတို့ကို သစ်တောကြိုးဝိုင်းမြေဧရိယာအတွင်းမှ ထပ်မံပြင်ဆင်ပယ်ဖျက်ပေးခဲ့ပြီး သစ်တောရေးရာ ဝန်ကြီးဌာန၏ ၂၀၁၁ ခုနှစ်၊ မေလ ၂၄ ရက်နေ့ ရက်စွဲပါအမိန့်ကြောင်ငြာစာအမှတ် ၁၀၇/၂၀၁၁ ကို လွှမ်းမိုးပယ်ဖျက်ခဲ့ပါကြောင်း၊
ပြည်ထဲရေးဝန်ကြီးဌာနမှ ၂၀၁၆ ခုနှစ်၊ မတ်လ ၁ ရက်နေ့ ရက်စွဲပါအမိန့်ကြော်ငြာစာအမှတ် ၅၉၂/၂၀၁၆ ဖြင့် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင် သပိတ်ကျင်းမြို့နယ်၊ အုန်းစွန်းကျေးရွာ အုပ်စုအတွင်းမှ ယာမြေဧရိယာ ၁၅၅ ဧကကျော်ရှိသည် ဝက်သေကျေးရွာကို သတ္တုလုပ်ကွက် သစ်တောမြေနှင့် လွတ်ကင်းမှုမရှိသော ယာမြေဧရိယာ ၇၃.၅ ဧကကိုပယ်ဖျက်ပြီး သတ္တုလုပ်ကွက်နှင့် လွတ်ကင်းသည့် သစ်တောမြေမှ ပယ်ဖျက်ပေးခဲ့သည့် မြေဧရိယာ ၉၃.၄၉ ဧကကို ကျေးရွာမြေအဖြစ် တိုးချဲ့ပြင်ဆင် ဖွဲ့စည်းခြင်းဖြင့် ဝက်သေကျေးရွာနယ်နိမိတ်ကို ၁၇၅.၁ ဧကဖြင့်လည်းကောင်း၊ ယာမြေဧရိယာ ၁၅၃.၂၆ ဧကရှိသည့် ဖက်ရှည်ကျေးရွာကို သတ္တုလုပ်ကွက် သစ်တောမြေနှင့် လွတ်ကင်းမှုမရှိသော ယာမြေဧရိယာ ၄၆.၈၉ ဧကကို ပယ်ဖျက်ပြီး သတ္တုလုပ်ကွက်နှင့် လွတ်ကင်းသည့် သစ်တောမြေမှ ပယ်ဖျက်ခဲ့သော မြေဧရိယာ ၂၃.၈၃. ဧကကို ကျေးရွာမြေအဖြစ် တိုးချဲ့ပြင်ဆင်ဖွဲ့စည်းခြင်းဖြင့် ဖက်ရှည်ကျေးရွမြေနေရာ နယ်နိမိတ်ဧရိယာကို ၁၈၆.၂ ဧကအဖြစ်လည်းကောင်း၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၅၄ နှင့်အညီတိုးချဲ့ပြင်ဆင်ဖွဲ့စည်းပေးခဲ့ပါကြောင်း၊
သို့ဖြစ်ပါ၍ မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ ဝက်သေကျေးရွာ အုပ်စုအတွင်းရှိ ဝက်သေကျေးရွာနှင့် ဖက်ရှည်ကျေးရွာတို့ကို ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၄ နှင့်အညီ ပြင်ဆင်ဖွဲ့စည်းပြီးဖြစ်ပါကြောင်းနှင့် ၂၀၁၁ ခုနှစ်၊ ပြည်ထဲရေးအမည်ပေါက် မူလဧရိယာ နယ်နိမိတ်အတိုင်း ပြန်လည်ပြင်ဆင်သတ်မှတ်ပေးရန် အစီအစဉ်မရှိပါက ကျေးရွာမြေအနေဖြင့် မြေစာရင်းပုံစံ ၁၀၅ နှင့် ကျေးရွာနယ်နိမိတ်ကျောက်တိုင် စိုက်ထူနိုင်ရေးနှင့်ပတ်သက်ပြီး ပြည်ထဲရေးဝန်ကြီးဌာန၏ ၂၀၁၆ ခုနှစ်၊ မတ်လ ၁ ရက်နေ့ ရက်စွဲပါအမိန့်ကြော်ငြာစာအမှတ် ၅၉၂/၂၀၁၆ အရ တိုးချဲ့ပြင်ဆင်ဖွဲ့စည်းထားသော ယာမြေဧရိယာအတိုင်းသာ မြေစာရင်းပုံစံ ၁၀၅ နှင့် ကျေးရွာနယ်နိမိတ် ကျောက်တိုင်စိုက်ထူရေးကိစ္စတို့ကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ချက်အရ ပြန်လည်ရှင်းလင်းဖြေကြားပါသည်။
ဒေါက်တာအောင်နိုင် (သပိတ်ကျင်းမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးချုပ်၏ ၂၀၁၆ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့မှာ ညွှန်ကြားချက် ထွက်လာပါကြောင်း၊ မြို့၊ ရပ်ကွက်၊ ကျေးရွာအုပ်စု၊ ကျေးရွာများပြင်ဆင်ဖွဲ့စည်းသည့်အခါ လိုက်နာဆောင်ရွက်ရမည့် ညွှန်ကြားချက် အပိုဒ် ၁ နှင့် အပိုဒ် ၂ တွင် အပိုဒ် ၁ ၌ (က) တွင် ၂၀၁၆ ခုနှစ်၊ မေလ ၂၄ ရက်နေ့တွင် ကျင်းပပြုလုပ်သော လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကော်မတီ အစည်းအဝေးအမှတ်စဉ် (၃/၂၀၁၆) ၌ မြို့၊ ရပ်ကွက်၊ ကျေးရွာ ပြင်ဆင်ဖွဲ့စည်းခွင့်ပြုရန် တင်ပြခြင်းကိစ္စနှင့်စပ်လျဉ်း၍ တင်ပြခြင်းများအပေါ် စုပေါင်းဆွေးနွေးခဲ့ရာ စိစစ်တွေ့ရှိချက်များ အောက်ပါအတိုင်းဖြစ်ပါသည်ဆိုပြီး (က) မြို့၊ ရပ်ကွက်၊ ကျေးရွာများ ပြင်ဆင်ဖွဲ့စည်းခြင်းအား ဖွဲ့စည်းပုံအခြေခံဥပဒေ ၅၄ နှင့်အညီ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် ဝန်ကြီးချုပ်မှ ထောက်ခံ၍ နိုင်ငံတော်သမ္မတရုံးသို့ တင်ပြဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ (ခ) ယခင်တင်ပြမှုများတွင် ယခင်အစိုးရ အဖွဲ့လက်ထက် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်ဝန်ကြီးချုပ်များ၏ ထောက်ခံချက်များသာ ပါဝင်ပြီး ယခုအစိုးရအဖွဲ့လက်ထက် သက်ဆိုင်ရာတိုင်းဒေသကြီးဝန်ကြီးချုပ်များ၏ အတည်ပြုချက် သဘောထားများ ပါဝင်ခြင်းမရှိသည်ကို တွေ့ရကြောင်း၊ (ဂ) မြို့၊ ရပ်ကွက်၊ ကျေးရွာပြင်ဆင်ခြင်းများ ဆောင်ရွက်မည်ဆိုပါက သက်ဆိုင်ရာနယ်မြေရှိ ဒေသခံပြည်သူလူထု၏ သဘောထားများ ပါဝင်ရမည်ဖြစ်ပြီး မြေပြင်တွင် လူထုသဘောထား အမှန်တကယ် ကောက်ခံဆောင်ရွက်သင့်ကြောင်း၊ မိမိက (ဂ) အချက်အရ ဝက်သေ၊ ဖက်ရှည်ကိစ္စတွင် အပိုဒ် ၁ (ဂ) နှင့် ဆီလျော်ညီညွတ်မှု မရှိဟု မိမိအနေဖြင့် ယူဆသည့်အတွက်ကြောင့် ဝန်ကြီးဌာနအနေဖြင့် (ဂ) အချက်ကို ထောက်ထားပြီး ပြန်လည်စိစစ်ရန် ဖြစ်နိုင်ပါက ပြန်လည်စိစစ်ပြီး စဉ်းစားပေးစေလိုကြောင်း မေးမြန်းပါသည်။
ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုး
ဝက်သေကျေးရွာနှင့် ဖက်ရှည်ကျေးရွာတို့ကို ကျေးရွာမြေ သတ်မှတ်ရေးနှင့်ပတ်သက်ပြီး ညှိနှိုင်းဆောင်ရွက်ရာတွင် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်သည် ၂၀၁၄ ခုနှစ်၊ မတ်လ ၅ ရက်နေ့၌ သပိတ်ကျင်းမြို့ ဝက်သေ၊ ဖက်ရှည်ကျေးရွာအရေးကို လှုပ်ရှားနေကြသည့် မိုးကုတ်မြို့နယ် ရေပူဆရာတော်နှင့် ဦးမောင်ကြီးပါ ဝက်သေကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်များ၊ ဦးခင်ဝင်းပါ ဖက်ရှည် ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်များနှင့် တွေ့ဆုံပြီး အသေးစိတ် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်းလည်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ တင်ပြချက်အရ မိမိတို့ တွေ့ရှိရပါကြောင်း။ ထိုသို့ အခြေအနေချပြခဲ့သည့်အတွက် ဝက်သေကျေးရွာရှိ ဦးမောင်ကြီးပါ ဖွံ့ဖြိုးရေးကော်မတီဝင်များနှင့် ဖက်ရှည်ကျေးရွာရှိ ဦးခင်ဝင်းပါ ဖွံ့ဖြိုးရေးကော်မတီဝင်များက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးရန် အချက် (၉) ချက်ကို တင်ပြတောင်းဆိုခဲ့သည်ကိုလည်း သိရှိရပါကြောင်း၊ ထိုသို့ တင်ပြတောင်းဆိုခဲ့ပြီး ညှိနှိုင်းအဆင်ပြေမှုပေါ် မူတည်ပြီး လက်ရှိ နောက်ဆုံးပြဋ္ဌာန်းခဲ့သော ကျေးရွာမြေ သတ်မှတ်ပြဋ္ဌာန်းရေးကို ဆောင်ရွက်ခဲ့သည်ကို သိရှိရပါကြောင်း၊
ကျေးရွာမြေညှိနှိုင်းမှုတွင် မိမိတို့ အချက (၉) ချက် ဆွေးနွေးခဲ့ပါကြောင်း၊ (၁) တိုင်းဒေသကြီးအစိုးရအဖွဲ့က စီမံခန့်ခွဲပေးသော ရွာမြေဧရိယာအကျယ်အဝန်းကို ပြည်ထဲရေး အမည်ပေါက်ဖြင့် အမြန်ဆုံးသတ်မှတ်ပေးရန်ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့်လည်း မတ်လ ၁ ရက်နေ့တွင် သတ်မှတ်ပေးပြီးဖြစ်သည့်အတွက် လက်ရှိအစိုးရကာလ မဟုတ်ဘဲ ပြီးခဲ့သည့် အစိုးရကာလဖြစ်သည့်အတွက် ပြီးခဲ့သည့် သက်ဆိုင်ရာတိုင်းဒေသကြီးဝန်ကြီးချုပ်၏ အတည်ပြုထောက်ခံချက်လည်း ပါရှိပြီးဖြစ်ပါကြောင်း၊
တိုးချဲ့ပေးမည့် ရွာမြေနှင့်ပတ်သက်ပြီး လူနေအိမ်များ ဆောက်လုပ်ရန်၊ နေထိုင်ရန်အတွက် မြေမျက်နှာပြင်ပြုပြင်ပေးရန်ဖြစ်ပါကြောင်း၊ ပြင်ဆင်သတ်မှတ်ပေးလိုက်သည့်မြေမှ ထပ်တိုးပေးသည့် ဧရိယာများသည် ကုန်းစောင်းများဖြစ်နေသည်ကို မြေဖို့ခြင်း၊ မြေညှိခြင်းများကို လူနေထိုင်သောနေရာများအထိဖြစ်အောင် ဆောင်ရွက်ပေးမည်ဟု တိုင်းဒေသကြီးအစိုးရက ညှိနှိုင်းထားပြီးဖြစ်ပါကြောင်း၊
ရွာမြေနှင့် ကုမ္ပဏီကြားတွင် ကြားခံမြေ ပေ ၄၀ နယ်ခြား လမ်းသတ်မှတ်ပေးရန် ရွာနှင့် ကုမ္ပဏီများ၏ လုပ်ကွက်ကြားတွင်လည်း မြေဧရိယာများ ရောထွေးနေသည့်အတွက် ပေ ၄၀ ရှိသည့် နယ်ခြားလမ်းများကို သတ်မှတ်ပေးရန် ညှိနှိုင်းထားခဲ့ပါကြောင်း၊ ညှိနှိုင်းချက်အပေါ် လက်ရှိမေးခွန်းအပေါ်တွင် ပြင်ဆင်မှု ရှိ/မရှိ မိမိတို့စောင့်နေသည့်အတွက် မြေပြင်တွင် ဆောင်ရွက်နိုင်ခြင်း မရှိသေးပါကြောင်း၊ အတည်ပြုချက်ရပါက ဆက်လက်ဆောင်ရွက်မည်ဟု တိုင်းဒေသကြီးအစိုးရတင်ပြချက်အရ သိရပါကြောင်း၊
မန္တလေးတိုင်းဒေသကြီးအတွင်း ချထားပေးလျက်ရှိသည့် တိုက်နယ်ဆေးရုံ ၉ ရုံအနက် သပိတ်ကျင်းမြို့နယ်တွင်ရှိရမည့် တိုက်နယ်ဆေးရုံတစ်ရုံ လိုအပ်ချက်အရ ဝက်သေကျေးရွာသို့ ချထားပေးရန်နှင့်ပတ်သက်၍ တိုက်နယ်ဆေးရုံအတွက် ဧရိယာ ၅.၁၂ ဧကကို ပုံစံ(၁၀၅)၊ (၁၀၆) ရရှိရေး ဆောင်ရွက်ပြီးဖြစ်သည့်အတွက် ခွင့်ပြုချက်ရရှိရေး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကိုလည်း တင်ပြထားရှိပြီးဖြစ်ပါကြောင်း၊ ထို့အပြင် ကျေးရွာရှိ လူနေအိမ်ခြေ ၂၄ နာရီလျှပ်စစ်မီးရရှိရေးအတွက် ကုမ္ပဏီများ၏ ပံ့ပိုးမှုများအတိုင်း တိုင်းဒေသကြီးအစိုးရမှ ကျေးလက်ဖွံ့ဖြိုးရေးအစီအစဉ်တစ်ရပ်အဖြစ် အမြန်ဆုံး အကောင်အထည်ဖော်ပေးရန် ညှိနှိုင်းခဲ့ပါကြောင်း၊ ထိုသို့ ညှိနှိုင်းခဲ့သည့်အတွက် ထာဝရကုမ္ပဏီက ဝက်သေကျေးရွာတစ်ခုလုံးကို မီးစက်နှင့် အချိန်ပိုင်းလျှပ်စစ်ဓာတ်အားဖြန့်ဝေပေးခြင်း၊ For Love ကုမ္ပဏီက 9 Meter ကွန်ကရစ်တိုင် ၂၅ လုံး၊ ၃၅၀ ကေဗွီအေ ထရန်စဖော်မာနှစ်လုံး ကျေးရွာများတွင် ချထားပြီးဖြစ်ကြောင်းနှင့် မီးလင်းရေးအတွက်လည်း တိုင်းဒေသကြီးအစိုးရကနေ ဆက်လက်ကြပ်မတ် ဆောင်ရွက်လျက်ရှိပါကြောင်း၊
ကျေးရွာသူကျေးရွာသားများအတွက် လက်လုပ်လက်စား တစ်ပိုင်တစ်နိုင်လုပ်ကွက်များ ချထားပေးရန်နှင့် သီးခြားစားကျက်မြေများ ချထားပေးရန်လည်း ညှိနှိုင်းခဲ့သည့်အတွက် လက်လုပ်လက်စားနှင့် တစ်ပိုင်တစ်နိုင်လုပ်ကွက်များ ချထားပေးရန် ပြည်ထောင်စုသယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ အစီအစဉ်အတိုင်းသာ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊
ယခုနှစ်တွင် ကျေးရွာမီးဘေးကြိုတင်ကာကွယ်ရေးအတွက် သင့်လျော်သည့် မီးသတ်မော်တော်ယာဉ် ဆောင်ရွက်ပေးရန်လည်း ညှိနှိုင်းခဲ့ပါကြောင်း၊ မီးသတ် ကြိုတင်ကာကွယ်ရေးအတွက် အရန်မီးသတ်ကို ဖွဲ့စည်းထားပြီးဖြစ်ပါကြောင်း၊ မီးသတ်ယာဉ် မရရှိသေးသော်လည်း ကုမ္ပဏီများက လှူဒါန်းထားသည့် အရေးပေါ်လူနာတင်ယာဉ်ကို ကျေးရွာကို လှူဒါန်းထားပြီးဖြစ်ပါကြောင်း၊
နိုင်ငံတော်အစိုးရမှချပေးသည့် အစိုးရမူလတန်းကျောင်းအတွက် လိုအပ်သည့် အဆောက်အဦနှင့် ကျောင်းသုံးပရိဘောဂများ ဆောင်ရွက်ပေးရန် ဝက်သေကျေးရွာမူလတန်းကျောင်းတွင် အဆောက်အဦနှင့် ပရိဘောဂများကို ထာဝရကုမ္ပဏီက လှူဒါန်းထားပါကြောင်း၊ ထို့အပြင် နိုင်ငံတော်က ခန့်အပ်ပေးထားသော ဆရာဆရာမ ၆ ဦးနှင့် ထာဝရကုမ္ပဏီကငှားပေးထားသည့် ဆရာဆရာမ ၄ ဦးတို့နှင့် စုစုပေါင်းကျောင်းသားကျောင်းသူ ၂၂၅ ဦးတို့လည်း လက်ရှိပညာသင်ကြားလျက်ရှိပါကြောင်း၊ ပြည်ထဲရေး အမည်ပေါက်ရရှိပြီးပါက ကျန်ရှိနေသည့် ရွာအနီး ကုမ္ပဏီများ အသုံးမပြုတော့သည့် မြေများကို ရွာမြေအဖြစ် ပြန်လည်တိုးချဲ့ဖွဲ့စည်းပေးရန် ဖြစ်ပါကြောင်း၊ ၎င်းနှင့်ပတ်သက်၍ သက်ဆိုင်ရာဝန်ကြီးဌာန၏ Mine Closer မိုင်းပိတ်သိမ်းပြီးနောက်ပိုင်းတွင် လုပ်ဆောင်ရသည့် စီမံကိန်းများအရ သက်ဆိုင်ရာ ဝန်ကြီးဌာန၏ စီမံချက်နှင့်အညီ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်ဖြစ်ပါကြောင်း၊ ၂၀၁၄ ခုနှစ်၊ မတ်လ ၅ ရက်နေ့တွင် ဝန်ကြီးချုပ်ပါဝင်သော ကျေးရွာဒေသခံပြည်သူများနှင့် တွေ့ဆုံညှိနှိုင်းမှုများကိုလည်း ဆောင်ရွက်ခဲ့ပြီးမှ ကျေးရွာမြေသတ်မှတ်ခြင်းကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
