မေးခွန်း အကြောင်းအရာ
သာပေါင်းမြို့နယ်၏ ကျွန်းလျားကြီးအုပ်စုနှင့် သစ်ဖြူအုပ်စုအုပ်စုနှစ်စု၏ ဧရိယာစတုရန်းမိုင် ၃၆၈ စတုရန်းမိုင်ခန့်ရှိပြီး ၎င်း ဒေသတွင် နေထိုင်ကြသည့် ပြည်သူများက ချောင်းထိပ်၊ မြောင်းထိပ်များတွင် ရွာများကို တည်ဆောက်ထားသည့်အခါ လမ်းပန်းဆက်သွယ်ရေး အခက်အခဲရှိနေပါကြောင်း၊ ၎င်း ကျေးရွာအုပ်စုနှစ်စု၏ အရှေ့ဘက်တွင် ကျန္တလီကြိုးဝိုင်း၊ အနောက်မြောက်ဘက်တွင် ရွှေသောင်ယံမြို့နယ်ခွဲနှင့် ဘင်္ဂလားပင်လယ်အော်၊ တောင်ဘက်တွင် သာပေါင်း မြို့မရဲစခန်းပိုင်နယ်မြေ ဖြစ်ပြီး မြောက်ဘက်တွင် ရခိုင်ပြည်နယ်၊ ဂွမြို့နယ်ရှိပါကြောင်း၊ ယခု အခြေအနေမျိုးတွင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ၊ လုံခြုံရေးပိုင်းဆိုင်ရာများတွင် အခက်အခဲများ များစွာရှိပါကြောင်း၊ ထို့အပြင် ဆင်အန္တရာယ်ရှိပါကြောင်း၊ ဆက်သွယ်ရေးအခြေအနေမှာလည်း CDMA 450 တစ်မျိုးကိုသာ အသုံးပြု၍ ရပါကြောင်း၊ ၂၀၁၅ ခုနှစ် မေလတွင် ရခိုင်ပြည်နယ် သဲချောင်းဒုက္ခသည် စခန်းနှင့် သက္ကယ်ကျင်း ဒုက္ခသည်စခန်းမှ ဘင်္ဂါလီလူမျိုး ၁၄ ဦးက ရေလမ်းမှခိုးဝင်လာသည့် အတွက်ကြောင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဒေသခံပြည်သူများ ပူးပေါင်းဆောင်ရွက်ပြီး အချိန်မီဖမ်းဆီး၍ ပြစ်ဒဏ်ပေးနိုင်ခဲ့ပါကြောင်း၊ မိမိတို့ သာပေါင်းမြို့၏ ရဲစခန်းနှင့် အနီးဆုံးကျေးရွာသည် ၁၆ မိုင်ခန့် ကွာဝေးပြီး သစ်ဖြူအုပ်စုနှင့်ကြည့်မည်ဆိုပါက ၄၅ မိုင်ခန့်ကွာဝေးပါကြောင်း၊ မြို့နယ်အတွင်းရှိ မန်ကျည်းစင်ကျေးရွာအုပ်စု၊ မန်းကျည်းစင်ကျေးရွာတွင် ရဲကင်းရှိပါကြောင်း၊ ရွှေသောင်ယံမြို့နယ်ခွဲ ဖြစ်သွားသည့်အတွက် ၎င်း ရဲကင်းကို ၁၉-၉-၂၀၁၂ ရက်နေ့တွင် လွှဲပြောင်းပေးလိုက်ပါကြောင်း၊ ကျွန်းလျားကြီးအုပ်စုနှင့် သစ်ဖြူအုပ်စုရှိ ပြည်သူများ၏ လုံခြုံရေးနှင့် အုပ်ချုပ်ရေးအတွက် လုံခြုံရေးအထောက်အကူပြု ရဲကင်းထားရှိပေးရန် အစီအစဉ်ရှိ/မရှိကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်ကို ရပ်ကွက် ၃ ခု၊ ကျေးရာအုပ်စု ၆၇ စု၊ ကျေးရွာပေါင်း ၃၉၄ ရွာနှင့် ဖွဲ့စည်းထားပြီး အိမ်ခြေ ၃၅၅၇၉ အိမ်၊ အိမ်ထောင်စု ၃၆၆၀၀ နှင့် လူဦးရေအားဖြင့် စုစုပေါင်း ၁၄၆၇၆၆၂ ရှိပါကြောင်း၊ ကျွန်းလျားကြီးကျေးရွာအုပ်စုနှင့် သစ်ဖြူကျေးရွာ အုပ်စုတို့သည် တစ်ဆက်တစ်စပ်တည်းတည်ရှိပြီး သာပေါင်းမြို့နယ် သာပေါင်းမြို့မရဲစခန်းအပိုင် နယ်မြေထဲတွင် ရှိကြောင်းတွေ့ရှိရပါသည်။ ကျွန်းလျားကြီးနှင့် သစ်ဖြူကျေးရွာအုပ်စုအတွက် မြေအနေအထားနှင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့် ဒေသဖြစ်သောကြောင့် နယ်မြေလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး ဆောင်ရွက်နိုင်ရန်အတွက် သာပေါင်းမြို့မရဲစခန်း၏ လက်ရှိရှိနေသည့် အင်အားပေါ် မူတည်ပြီး ရဲတပ်ဖွဲ့ဝင်အင်အား ၁+၅ ဦးကို ၁၉-၈-၂၀၁၆ ရက်နေ့တွင်စတင်ပြီး ကျွန်းလျားကြီးကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးရုံးကို အခြေပြုပြီး သက်ဆိုင်ရာနယ်မြေ၏ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းများကို စတင်ဆောင်ရွက်လျက်ရှိကြောင်း ပြန်လည်ရှင်းလင်း ဖြေကြားပါသည်။
