မေးခွန်း အကြောင်းအရာ
ဟုမ္မလင်း မြို့ပေါ်တွင် ဖိုးသီးချိုလျှပ်စစ်ဝန်ဆောင်မှု လုပ်ငန်းမှ မီးပေးပါကြောင်း၊ တစ်ယူနစ်ကို ၃၇၀ ကျပ် နှင့် ၄၀၀ ကျပ်ကြားတွင်ကျသင့်ပါကြောင်း၊ နယ်ကျေးလက်များတွင် ဆိုလာပြား၊ ဆိုလာမီးသီး၊ ကိုယ့်အားကိုယ်ကိုး မီးစက်များကို အသုံးပြုပြီး မီးလင်းနေရပါကြောင်း၊ ထို့ကြောင့် မိမိတို့ ဟုမ္မလင်းမြို့နယ် ပြည်သူများအနေဖြင့် ရေအားလျှပ်စစ်ကိုရရှိလိုကြပါကြောင်း၊
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုအရ ဟုမ္မလင်းမြို့နယ် ထွေထွေအုပ်ချုပ်ရေးဌာန၏ ကြီးကြပ်မှုဖြင့် ဟုမ္မလင်းမြို့နယ် နားပြိုက်ကျေးရွာအနီးရှိ နမ့်ပန်းငါးချောင်းမှ ရေအားလျှပ်စစ်ထုတ်လုပ် ရရှိနိုင်မှုအခြေအနေအား စူးစမ်းလေ့လာတိုင်းတာရာ ဟုမ္မလင်း မြို့နယ် တာဝန်ရှိပုဂ္ဂိုလ်များလိုက်ပါလျက် Myanmar Hydropower Development Co.,Ltd. သည် ၁၂-၁၂-၂၀၁၄ ရက်နေ့တွင် ကွင်းဆင်းတိုင်းတာခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါကြောင်း၊ နမ့်ပန်းငါးချောင်း ရေအားလျှပ်စစ် စူးစမ်းတိုင်းတာလေ့လာခြင်း အစီအစဉ်၏ အစီရင်ခံစာကိုလည်း မေးခွန်းနှင့်အတူ တစ်ပါတည်းပူးတွဲ တင်ပြထားရှိပါကြောင်း၊ အစီရင်ခံစာအရ လျှပ်စစ်အားသည် ၃.၅ မဂ္ဂါဝပ်ထွက်ရှိမည်ဟု ခန့်မှန်းထားရှိပါကြောင်း၊ ဟုမ္မလင်းမြို့နယ်နှင့်တကွ အနီးရှိကျေးရွာအုပ်စု ခြောက်အုပ်စု၊ အိမ်ထောင်စုပေါင်း ၆၀၇၁ စုကို မီးလင်းနိုင်မည်ဟုလည်း ဖော်ပြထားရှိပါကြောင်း၊ ထို့အတွက်ကြောင့် မိမိမေးလိုသည်မှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟမ္မလင်းမြို့နယ်ရှိ နမ့်ပန်းငါး ချောင်းအားအသုံးပြု၍ အသေးစားရေအားလျှပ်စစ် စက်ရုံအား ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်းတွင် ထည့်သွင်းပေးနိုင်ခြင်း ရှိ/မရှိနှင့် မရှိပါကမည်သည့် အတွက်ကြောင့်ဆိုသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ နမ့်ပန်းငါးချောင်းမှ အသေးစားရေအားလျှပ်စစ် ထုတ်ယူနိုင်မှုအခြေအနေကို စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်ချက်အရ Myanmar Hydropower Development Co., Ltd. မှ ကနဦး စူးစမ်းတိုင်းတာရေး လုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ပြီး၊ စူးစမ်းတိုင်းတာလေ့လာခြင်း အစီရင်ခံစာအရ ၃.၅ မဂ္ဂါဝပ်ခန့် လျှပ်စစ်ဓာတ်အား ထုတ်ယူနိုင်မည်ဖြစ်ပါကြောင်း၊
အသေးစား (သို့မဟုတ်) အလတ်စားရေအားလျှပ်စစ် ထုတ်လုပ်ဖြန့်ဖြူးရေးနှင့် ပတ်သက်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပုဒ်မ ၁၈၈၊ ဇယား ၂၊ အပိုဒ် ၄ အပိုဒ်ခွဲ (က) တွင် ပြည်ထောင်စုမှ စီမံခန့်ခွဲခွင့်ရှိသည့် အကြီးစားရေအားလျှပ်စစ် ထုတ်လုပ်ဖြန့်ဖြူးရေးမှအပ မဟာဓာတ်အားလိုင်းနှင့် ဆက်သွယ်ခြင်းမရှိသော တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်မှ စီမံခန့်ခွဲခွင့်ရှိသည့် အလတ်စားနှင့် အသေးစားလျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးရေးဟု ဖော်ပြထားပါသဖြင့် နိုင်ငံတော်ဓာတ်အား ကွန်ယက်စနစ်နှင့် မချိတ်ဆက်ဘဲ အလတ်စားနှင့် အသေးစားလျှပ်စစ် စီမံကိန်းများကို တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်မှ စီမံခန့်ခွဲခွင့်ရှိပါကြောင်း၊ ထို့အပြင် လျှပ်စစ်ဥပဒေ (၂၀၁၄ ခုနှစ်) ပုဒ်မ ၁၃ တွင် လည်း ပြည်ထောင်စုမှ စီမံခန့်ခွဲခွင့်ရှိသည့် အကြီးစားလျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးရေးမှအပ မဟာဓာတ်အားလိုင်းနှင့် ဆက်သွယ်ခြင်းမရှိသော တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်မှ စီမံခန့် ခွဲခွင့်ရှိသည့် အလတ်စားနှင့်အသေးစား လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းနှင့် ဖြန့်ဖြူးခြင်းလုပ်ငန်းဖြစ်ပါက ခွင့်ပြုမိန့်ထုတ်ပေးနိုင်သူ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်အစိုးရအဖွဲ့သည် ပြည်တွင်း/ပြည်ပမှ ရင်းနှီးလုပ်ကိုင်ဆောင်ရွက်လိုသည့် မည်သည့်ပုဂ္ဂိုလ်၊ အဖွဲ့အစည်းကိုမဆို တည်ဆဲဥပဒေများနှင့်အညီ ခွင့်ပြုမိန့်ထုတ်ပေးနိုင်သည်ဟု ရှင်းလင်းဖော်ပြထားပြီးဖြစ်ပါကြောင်း၊
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဖြေကြားချက်အရ ဟုမ္မလင်းမြို့နယ်၊ နမ့်မာလုံချောင်းတွင် ၆၀၀ ကီလိုဝပ်ထွက်ရှိမည့် အသေးစားရေအားလျှပ်စစ် စက်ရုံအား ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိနေခြင်း၊ စီမံကိန်းနှစ်ရပ်အား တစ်ပြိုင်တည်းဆောင်ရွက်ရန် ရန်ပုံငွေလုံလောက်မှုမရှိခြင်း၊ နမ့်ပန်းငါးချောင်းကို အသုံးပြုပြီး အသေးစားရေအားလျှပ်စစ် ထုတ်လုပ် သောစက်ရုံအား ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်းတွင် ထည့်သွင်းပေးနိုင်ခြင်း မရှိခြင်း တို့ကြောင့် နောက်လာမည့် ဘတ်ဂျက်နှစ်များတွင် စီမံကိန်းအကောင်အထည် ဖော်ရေးအတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ညှိနှိုင်းပေးသွားမည် ဖြစ်ပါကြောင်းနှင့် စီမံကိန်းအကောင်အထည် ဖော်ဆောင်ရွက်သည့် အခါတွင်လည်း ဝန်ကြီးဌာနမှ နည်းပညာဆိုင်ရာ ပံ့ပိုးကူညီပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
