(ဂ)-၂၀၁၇ခုနှစ်နွေရာသီကာလ၌ လျှပ်စစ်ဓာတ် အားပြတ်တောက်မှု မရှိစေရန်နှင့်လျှပ်စစ် ဓာတ် အား လုံ လောက်စွာ ရရှိနိုင်ရေးအတွက် မည်သို့ စီစဉ်ဆောင်ရွက်ထားသည်ကို သိလိုခြင်း နှင့် စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၂၅) ရက်မြောက်နေ့ (၂.၉.၂၀၁၆)

မေးခွန်း အကြောင်းအရာ 

nay myo htetကျောက်တံတားမြို့နယ်အပါအဝင် ရန်ကုန်မြို့၌ နှစ်စဉ် နွေရာသီရောက်တိုင်း မီးပျက်သည့်ဒုက္ခများ ခံစားရပါကြောင်း၊ မတ်လတွင် ဆယ်တန်းစာမေးပွဲများ ကျောင်းသူကျောင်းသားများ စားမေးပွဲ ဖြေရ သည့် အတွက် စာမေးပွဲဖြေရ သည့်အတွက် လျှပ်စစ်မီးရရှိရေးသည် အလွန်အရေးကြီးပါကြောင်း၊ ရန်ကုန်မြို့တွင် တိုက်ခန်းများသည် ‌ရေရရှိရေး၊ ရာသီဥတု အပူဒဏ် ကို လျော့ချနိုင်ရေးအတွက် လျှပ်စစ်ရရှိရေး သည် အလွန်အရေးကြီးပါကြောင်း၊ ထို့ကြောင့် ၂၀၁၇ ခုနှစ် နွေရာသီကာလ၌ လျှပ်စစ်ပြတ်တောက်မှု မရှိစေရန်နှင့် လျှပ်စစ်ဓာတ်အား လုံလောက်စွာ ရရှိနိုင်ရေးအတွက် ထုတ်လုပ်ရေးပိုင်း (Generation) ပိုင်းတွင် ပြည်သူလူထု လျှပ်စစ်ကို လုံလောက်စွာ သုံးနိုင်ရေး အတွက် မည်ကဲ့သို့ထုတ်လုပ်ရန် စီစဉ်ဆောင်ရွက်ထားသည်ကို သိရှိလိုပါကြောင်း၊ သယ်ယူရေးအပိုင်း (Transportation) ကို ကောင်း မွန်အောင် မည်ကဲ့သို့ ဆောင်ရွက်ထားသည်ကို သိရှိလိုပါကြောင်း၊ ဖြန့်ဖြူးရေးအပိုင်းကို မည်သို့ဆောင်ရွက် ထားသည်နှင့် ကုမ္ပဏီများက ပြည်သူများထံ လျှပ်စစ်ကောင်းမွန်စွာ ရောက်ရှိရန် မည် သို့ဆောင် ရွက်ထားသည်ကို သိရှိလိုပါကြောင်း၊ ပြီးခဲ့သည့်နှစ်က Chain System Breakdown, System Breakdown ဟူ၍ ပျက်ပါကြောင်း၊ Call Centre ကလည်း System Breakdown ဟု အမြဲ တမ်း ကြေညာ ပါသဖြင့် System Breakdown မဖြစ်စေရန် မည်သို့ စီစဉ်ဆောင်ရွက်ထားသည်နှင့် System Breakdown ဖြစ်ခဲ့ပါ မြို့နယ်လျှပ်စစ်ရုံးများ၊ ပုဂ္ဂလိကကုမ္ပဏီ Franchise များ က ပြည်သူလူထုကို မည်ကဲ့သို့အသိပေးပြီး စီစဉ်ဆောင်ရွက်ထားသည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပြည်ထောင်စုဝန်ကြီး ဦးဖေဇင်ထွန်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ
ဖြေကြားချက် 

phe zin tunလျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ နိုင်ငံတော်ကို ဓာတ်အား လုံလောက်စွာဖြန့်ဖြူးပေးနိုင်ရန်အတွက် ရေအား၊ သဘာဝဓာတ်ငွေ့၊ စွန့်ပစ်အပူသုံး ဘွိုင်လာနှင့် ရေနွေးငွေ့သုံးဓာတ်အားပေးစက်ရုံများမှ စုစုပေါင်း ၂၇၄၃ မဂ္ဂါဝပ် ထုတ် လုပ်ပေးလျက်ရှိပါတယ်။ ဝန်ကြီးဌာနအနေဖြင့် ဓာတ်အားစနစ် တည်ငြိမ်စွာဖြင့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ရေးကို ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့်အပြင် တိုးတက် လာမည့် လျှပ်စစ်မီးသုံးစွဲမှုအခြေအနေကို ခန့်မှန်း တွက်ချက်ပြီး ကြိုတင်လျာထား ဆောင်ရွက်မှုများ ပြုလုပ်ရပါကြောင်း၊ ၂၀၁၆ ခုနှစ်၊ နွေရာသီကာလတွင် ဓာတ်အားလုံလောက်စွာ ရရှိနိုင်ရေး အတွက် ပုံမှန်ဓာတ်အားထုတ်လုပ်မှုများအပြင် နိုင်ငံပိုင် သီလဝါစက်ရုံ အမှတ်(၁)စက်မှ ၂၅ မဂ္ဂါဝပ်စနစ်ဖြင့် အကောင်အထည်ဖော်ဆောင်သည့် မော်လမြိုင်ဓာတ်အားပေးစက်ရုံ ပထမအ ဆင့် ရေနွေးငွေ့ တာဘိုင် စက် ၃၃ မဂ္ဂါဝပ်၊ ဓာတ်ငွေ့ အင်ဂျင်စက်များ ငှားရမ်း ဓာတ်အားထုတ်လုပ်သော ပုဂ္ဂလိကပိုင် ဓာတ်အားပေး စက်ရုံ များမှ ကျောက်ဖြူဒေသတွင် ၄၅ မဂ္ဂါဝပ်နှင့် မြင်းခြံဒေသမှာ ၁၃၃ မဂ္ဂါဝပ် စုစုပေါင်း တပ် ဆင် အင်အား ၂၃၆ မဂ္ဂါဝပ်အထိ တိုးမြှင့်ဆောင်ရွက်နိုင်ခဲ့သည့်အတွက် ဝန်အားလျှော့ချရခြင်းများမရှိဘဲ ပုံမှန်ဓာတ် အားဖြန့်ဖြူးပေးနိုင်ခဲ့ ပါကြောင်း၊ သို့သော် သဘာဝ ဘေးဒဏ်နှင့် ရာသီဥတုအခြေ အနေ များကြောင့် ဓာတ်အားစနစ်တစ်ခုလုံး လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု ၁၀ ကြိမ်ဖြစ်ပေါ်ခဲ့ပါကြောင်း၊

၂၀၁၇ ခုနှစ်၊ နွေရာသီကာလတွင် ဓာတ်အားစနစ်အတွင်း လျှပ်စစ်ဓာတ်အားလိုအပ်ချက်မှာ ထုတ်လုပ်နိုင်မှုထက် ၃၀၀ မဂ္ဂါဝပ်ခန့် ထပ်မံလိုအပ်မည်ဟု ခန့်မှန်းရရှိပါကြောင်း၊ ၂၀၁၇ ခုနှစ်၊ နွေရာသီ ကာလ တွင် ဓာတ်အား လိုအပ်ချက် ကို ပြည့်မီစွာဖြည့်ဆည်းပေးနိုင်ရန် နိုင်ငံပိုင် သီလဝါစက်ရုံ အမှတ်(၂) စက်မှ ၂၅ မဂ္ဂါဝပ်၊ မော်လမြိုင်ဓာတ်အားပေးစက်ရုံ ဒုတိယ အဆင့် ရေနွေးငွေ့တာဘိုင်စက် ၄၅ မဂ္ဂါဝပ်နှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ပုဂ္ဂလိကပိုင် (IPP, BOO) ဓာတ်အားပေးစက်ရုံစီမံကိန်း ၃၀၀ မဂ္ဂါဝပ်တို့ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ သဘာဝဓာတ်ငွေ့ဖြင့် ဓာတ်အား ထုတ်လုပ်ခြင်းမှ စုစုပေါင်းတပ်ဆင်အင်အား ၃၇၀ မဂ္ဂါဝပ်တိုးတက်လာမည်ဖြစ်ပါကြောင်း၊ ထို့အပြင် တပ်ဆင်အင်အား ၄၀ မဂ္ဂါဝပ်ရှိသော မြစ်သာရေအားလျှပ်စစ်စီမံကိန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ တည်ဆောက် လျက်ရှိရာ ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလအတွင်း ပြီးစီးမည်ဖြစ်သည့်အတွက် မိမိတို့ဝန်ကြီးဌာနမှ လွှဲပြောင်းလက်ခံရယူပြီး ဆက်လက်ထိန်းသိမ်း မောင်းနှင်၍ ဓာတ်အား ထုတ်လုပ်သွားမည်ဖြစ်ပါကြောင်း၊ ထိုကဲ့ သို့ မြစ် သာရေအား လျှပ်စစ်စက်ရုံမှ နွေရာသီတွင် ထုတ်လုပ်နိုင်မှု ၂၀ မဂ္ဂါဝပ်၊ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံမှားမှ ထုတ်လုပ်နိုင်မှု ၃၇၀ မဂ္ဂါဝပ် စုစုပေါင်း ၃၉၀ မဂ္ဂါဝပ်အထိ တိုးတက်ထုတ်လုပ်နိုင်ရန် စီမံထား ရှိပြီး ဖြစ်ပါကြောင်း၊

ထို့ကြောင့် ၂၀၁၇ ခုနှစ် နွေရာသီကာလတွင် မြန်မာနိုင်ငံအတွင်း လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု မရှိစေရန်နှင့် လျှပ်စစ်ဓာတ်အား လုံလောက်စွာရရှိနိုင်ရန်အတွက် စုစုပေါင်းတပ်ဆင် အင်အား  ၃၉၀ မဂ္ဂါဝပ် တိုးတက်ရရှိရန် စီမံဆောင်ရွက်ထားရှိပါကြောင်း၊ လျှပ်စစ်ဓာတ်အားပြတ်တောက်မှု လျှော့နည်းစေရေးအတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်များအလိုက် ရှုပ်ထွေး ဆားဗစ်ကြိုးများ ရှင်းလင်းခြင်း၊ ဟောင်းနွမ်းနေသော ဆားဗစ်ကြိုးများ လဲ လှယ်ခြင်း၊ ဝန်အားပိုသည့် ထရန်စဖော်မာများ လဲလှယ်တပ်ဆင်ခြင်း၊ ထရန်စဖော်မာထိန်းသိမ်းပြုပြင်ခြင်းနှင့် ဓာတ်အားလိုင်း တိုင်များ အစားထိုးလဲလှယ်/ပြန်လည်တည့်မတ်ခြင်းများကို အချိန်နှင့် တစ်ပြေးညီကြိုးပမ်း ဆောင်ရွက် လျက်ရှိပါကြောင်း၊

System Breakdown သည် မိမိတင်ပြခဲ့သည့်အတိုင်း မမျှော်မှန်းနိုင်သည့် သဘာဝ ဘေးအန္တရာယ်များ ကြုံတွေ့သည့်အခါ ဓာတ်အားဖြန့်ဖြူးသည့် System သည် မည်သည့်နေရာတွင် ဖြစ်သည်ကို ရှာဖွေပြီး တွေ့ရှိပါက မိမိတို့အနေဖြင့် တစ်ပြိုင်နက်တည်းဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာ System တစ်လျှောက်ရှိ ရှာဖွေသူများသည် ၎င်းကိုလိုက်ရှာရပါကြောင်း၊ False ကိုတွေ့ပါက ယင်းနေရာကို  အင်အားနှင့် သွားရောက်ပြင် ဆင်ပေး ပါကြောင်း၊ ထို့ကြောင့် System Breakdown ဖြစ်ခြင်းသည် သဘာဝဘေးအန္တရာယ်ကြောင့်ဖြစ်စေ၊ ဓာတ်အားလိုင်းတစ်ခုခုတွင် ထိခိုက်သွားသည့်အတွက် System ကို ပြတ်တောက်သွားစေခြင်းဖြစ်ပါကြောင်း၊ သို့သော် အတတ်နိုင်ဆုံး System ကို ပြင်ပြီး မိမိတို့ ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ တချို့ကိစ္စရပ်များတွင် မမျှော်မှန်းနိုင်သော ဓာတ်အားကြိုးလိုင်း ဝင်ရောက်မရသည့် ဒေသများတွင် ပြတ်တောက်သွားခြင်း ရှိပါက မိမိတို့ ရသည့်အချိန်တွင် အတင်းဝင်ရောက်ပြီး တပ်ဆင်ပေးခဲ့ခြင်းများ ရှိပါကြောင်း၊ ထို့ကြောင့် မိမိတို့ အချိန်နှင့်တစ်ပြေးညီ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။