(ခ)-သံတွဲမြို့နယ်ရှိသူဌေးရေအားလျှပ်စစ်စီမံကိန်း ကို မည်သည့် ကာလတွင်ပြီး စီးအောင် ဆောင် ရွက်ပေးမည်ကိုသိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၂၅) ရက်မြောက်နေ့ (၂.၉.၂၀၁၆)

မေးခွန်း အကြောင်းအရာ 

min kyeeလျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ရေအားလျှပ်စစ် အကောင်အထည်ဖော် ရေးဦးစီးဌာန သည် နိုင်ငံတော်အတွင်း ပေါကြွယ်ဝ သည့် ရေအရင်းအမြစ်များမှ ရေအားလျှပ်စစ် ထုတ်လုပ်ပြီး ခေတ်မီဖွံ့ဖြိုးတိုး တက်သော နိုင်ငံတော်သစ် တည်ဆောက်အကောင်အထည်ဖော်ရာတွင် အဓိကပါဝင် ဆောင်ရွက်ရန်ဟူသော ဦးတည်ချက်များနှင့်အညီ ရေအားလျှပ်စစ်စီမံကိန်းကို အကောင်အထည် ဖော်ဆောင် ရွက်လျက်ရှိရာ ရခိုင်ပြည်နယ် (တောင်ပိုင်း) သံတွဲမြို့နယ်အတွင်းရှိ မဂ္ဂါဝပ် ၁၁၁ ရှိ သူဌေးချောင်း ရေအားလျှပ်စစ် စီမံကိန်းသည်လည်း တစ်ခုအပါအဝင်ဖြစ်ပါကြောင်း၊ သူဌေးချောင်းရေအား လျှပ်စစ်စီမံကိန်းကို အထူးစီမံကိန်းများ အကောင်အထည်ဖော်ရေးအဖွဲ့ကို  ၂/၂၀၁၄ အကြိမ်မြောက်အစည်းအဝေးမှ ခွင့်ပြုခဲ့ပြီး ၂၀၀၅ ခုနှစ် ဇွန်လတွင် ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေး ဦးစီးဌာနနှင့် တည်ဆောက်ရေး လုပ်ငန်းများကို အနီးကပ်စောင့်ရှောက်ရန် သံတွဲမြို့နယ် လက်ထောက်ညွှန်ကြားရေးမှူး၊ မြို့ပြုရုံးများ ဖွင့်လှစ်ပြီးဆောင်ရွက်ခဲ့သည်ကို တွေ့ရှိရပါကြောင်း၊

စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ရန် ယနေ့အချိန် ၂၀၁၆ ခုနှစ်အထိစီမံကိန်း၏ ပြီးစီးမှုရာခိုင်နှုန်းမှာ ၄၂.၄၃ ရာခိုင်နှုန်းသာ ပြီးစီးသည်ကို တွေ့ရှိရပါသဖြင့် နိုင်ငံတော်အစိုးရအနေဖြင့် သတ်မှတ်ကာလတွင် စီမံကိန်းပြီးစီးရေးအတွက် လိုအပ်သော ဘတ်ဂျက်များကိုလည်း အချိန်မီချပေးရန် လိုအပ်ပါကြောင်း၊ စီမံကိန်း၏ ရည်ရွယ်ချက်အတိုင်း ဒေသဖွံ့ဖြိုးရေးအတွက် သတ်မှတ်ကာလအတွင်း အချိန်မီ ပြီးစီးမှုမရှိမည်ကို ဒေသခံများက အထူးစိုးရိမ်နေကြပါကြောင်း၊ ထို့ကြောင့် လျှပ်စစ်ဓာတ်အားကို အချိန်မီသုံးစွဲနိုင်ရန် မျှော်လင့်နေကြသည့် ဒေသခံပြည်သူများကိုယ်စား မေးမြန်းပါသည်။


 

ဖြေကြားသူ
ပြည်ထောင်စုဝန်ကြီး ဦးဖေဇင်ထွန်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ
ဖြေကြားချက် 

phe zin tunလျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရေအားလျှပ်စစ်အကောင်အထည် ဖော်ရေးဦးစီးဌာနမှ ရခိုင် ပြည်နယ်၊ သံတွဲမြို့နယ်အတွင်း သူဌေးရေအားလျှပ်စစ်စီမံကိန်းကို ၂၀၀၅ ခုနှစ်မှစတင်ပြီး စူးစမ်း လေ့လာတိုင်းတာရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပြီး တည်ဆောက်ရေးလုပ်ငန်းများကိုလည်း ၂၀၀၈ ခုနှစ်တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါကြောင်း၊

စီမံကိန်းဆောင်ရွက်ခြင်းကို မြို့ပြဆိုင်ရာတည်ဆောက်မှု လုပ်ငန်းများကို နိုင်ငံတော်ဘဏ္ဍာ ရန်ပုံငွေဖြင့်လည်းကောင်း၊ စက်မှု/လျှပ်စစ်ပိုင်းဆိုင်ရာ တပ်ဆင်ခြင်း လုပ်ငန်းများကို တရုတ်နိုင်ငံချေးငွေဖြင့် ကန်ထရိုက်စာချုပ်များ ချုပ်ဆို၍လည်းကောင်း ဆောင်ရွက်ရမည်ဖြစ်သည့် အပြင် ချေးငွေသက်တမ်းကာလအတွင်း နိုင်ငံခြားမှစက်ပစ္စည်းများ တင်သွင်းခြင်းနှင့် တပ်ဆင်ခြင်းတို့ကို ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ စီမံကိန်းတန်ဖိုးသည် ကျပ်သန်းပေါင်း ၃၅၄၆၀၁.၂၅ ဖြစ်ပါကြောင်း၊

 စီမံကိန်းစတင်ဆောင်ရွက်စဉ်က ၂၀၁၈-၁၉ ခုနှစ်တွင် စီမံကိန်းပြီးစီးရန် လျာထားသတ်မှတ် ဆောင်ရွက်ခဲ့ပါသော်လည်း ၂၀၀၈-၀၉ ဘဏ္ဍာနှစ်မှ ၂၀၁၅-၁၆ ဘဏ္ဍာနှစ်အထိ ရန်ပုံငွေကျပ်သန်း ၁၅၁၀၂၁.၇၀၉ ခန့် ရရှိသုံးစွဲရပါသဖြင့် ရန်ပုံငွေလျော့နည်း ရရှိခဲ့သည့်အတွက် မူလလျာထားချက်အရ ၂၀၁၅-၁၆ ဘဏ္ဍာနှစ်ကုန်အထိ စီမံကိန်းတစ်ခုလုံး၏ ၅၈ ရာခိုင်နှုန်းခန့် ပြီးစီးနေရမည်ဖြစ်သော်လည်း ၄၂.၀၉ ရာခိုင်နှုန်းခန့်သာ ပြီးစီးခဲ့ပါကြောင်း၊

နိုင်ငံခြားစက်ပစ္စည်းဝယ်ယူရေးအတွက် တရုတ်နိုင်ငံ CGGC Co.,Ltd. နှင့် စာချုပ်ချုပ်ဆိုထားပြီး စာချုပ်အရ တင်သွင်းရမည့် နိုင်ငံခြားစက်ပစ္စည်းများ၏ ၆၀.၁၀ ရာခိုင်နှုန်း ရောက်ရှိပြီးဖြစ်ပါကြောင်း၊ စီမံကိန်းသဘောသဘာဝအရ နိုင်ငံခြားမှတင်သွင်းသည့် စက်ပစ္စည်းများကို သတ်မှတ်ကာလအတွင်း တပ်ဆင်စမ်းသပ်နိုင်ရန် မြို့ပြဆိုင်ရာတည်ဆောက်မှု လုပ်ငန်းများကို အချိန်ကိုက်ပြီးစီးနိုင်ရေးအတွက် နှစ်အလိုက်သတ်မှတ်ထားသည့် ရန်ပုံငွေအချိုးကျရရှိရန် လိုအပ်ပါကြောင်း၊ နှစ်အလိုက် ရန်ပုံငွေရရှိမှု အကန့်အသတ်များရှိခဲ့သည့်အတွက် မြို့ပြတည်ဆောက်ရေးလုပ်ငန်းများကို လျာထားချက် ပြည့်မီအောင် ဆောင်ရွက်နိုင်ခြင်းမရှိခဲ့ပါသဖြင့် စာချုပ်အရရောက်ရှိလာသော နိုင်ငံခြားစက်ပစ္စည်းများအား စနစ်တကျထားသို ထိန်းသိမ်းရခြင်း၊ စာချုပ်ပါ အချိန်ဇယားအတိုင်း တင်သွင်းမည့် ပစ္စည်းများကို ကာလ ရွှေ့ဆိုင်းတင်သွင်းရန် ညှိနှိုင်းရခြင်း၊ ပစ္စည်းရောက်ရှိမှုအရ ပေးချေရမည့် နိုင်ငံခြားချေးငွေ သက်တမ်း တိုးမြှင့်ရခြင်းစသည့် ကိစ္စရပ်များကို  ဖြေရှင်းပေးလျက်ရှိပါကြောင်း၊

စာချုပ်အရ လက်ရှိအချိန်အထိ မြို့ပြတည်ဆောက်မှု လုပ်ငန်းများဖြစ်သည့် ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်း၊ အင်ဂျင်နီယာဘူမိဗေဒဆိုင်ရာနှင့် ဇလဗေဒဆိုင်ရာ စူးစမ်းတိုင်းတာခြင်းလုပ်ငန်း၊ တမံအုတ်မြစ် စိမ့်ရေတားကွန်ကရစ်နံရံ တည်ဆောက်မှုလုပ်ငန်း၊ တမံအောက်ခြေမြေကြီး ကျောက်သားတူးဖော်ခြင်း၊ ရေလွှဲဥမင်လိုဏ်ခေါင်း ဖောက်လုပ်ခြင်းနှင့် ခိုင်ခံမှုရှိရန်ပြုလုပ်ခြင်း၊ ရေထိန်းတံခါးပြွန်တူးဖော်ခြင်းနှင့် ခိုင်ခံ့မှုရှိရန်ပြုလုပ်ခြင်း၊ တမံတည်ဆောက်နိုင်ရေးအတွက် တမံဖို့ကျောက်များ ကြိုတင်စုဆောင်းခြင်း လုပ်ငန်းနှင့် ရေဝပ်ဧရိယာအတွင်းရှိ ကျေးရွာများ ပြန်လည်ထူထောင်ရေး လုပ်ငန်းတို့ကို ဆောင်ရွက်လျက်ရှိပြီး ၂၀၁၆ ခုနှစ် သြဂုတ်လကုန်အထိ စီမံကိန်းတစ်ခုလုံး၏ ပြီးစီးမှုအနေဖြင့် ၄၂.၆၄ ရာခိုင်နှုန်းပြီးစီးပြီ ဖြစ်ပါကြောင်း၊

စီမံကိန်း၏ အဓိကတည်ဆောက်ရေးလုပ်ငန်းဖြစ်သည့် ပင်မတမံတည်ဆောက်ခြင်း လုပ်ငန်းနှင့် ဓာတ်အားပေးစက်ရုံ တည်ဆောက်ခြင်း လုပ်ငန်းများသည် မြစ်ရေလွှဲခြင်းလုပ်ငန်း ဆောင်ရွက်ပြီးမှသာ စတင်ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း၊ အလျား ၂၃၁၆ ပေရှိသည့် ရေလွှဲဥမင်လိုဏ် အမှတ်(၁)နှင့် အလျား ၁၇၉၄ ပေရှိ ရေလွှဲဥမင်လိုဏ် အမှတ်(၂)တို့ဖြင့် မြစ်ရေလွှဲမည်ဖြစ်ပြီး လက်ရှိအချိန်တွင် ဥမင်လိုဏ်လုပ်ငန်းသည် လိုင်နက်ကွန်ကရစ်လုပ်ငန်းအပါအဝင် လက်ကျန်လုပ်ငန်းများကို နှစ်နှစ်ခန့် အချိန်ယူပြီး ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ဥမင်လိုဏ်လုပ်ငန်းပြီးစီးပြီး မြစ်ရေလွှဲနိုင်သည့် အခါတွင်မှ အလျား ၂၀၂၈ ပေ၊ အမြင့် ၂၉၈ ပေနှင့် ထုထည်ပမာဏ ၂၆၈၃၄၀၀ ကျင်းခန့်ရှိသည့် ဇုန်အမျိုးအစား ကျောက်ဖြည့်တာတမံကို ငါးနှစ်ခန့် အချိန်ယူပြီး ဆက်လက်ဆောင်ရွက်မည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ၂၀၁၅-၁၆ ခုနှစ်အထိ စီမံကိန်းလုပ်ငန်းပြီးစီးမှု ရာခိုင်နှုန်းအရ မူလလျာထားသည့် ၂၀၁၈-၁၉ ခုနှစ်တွင် ပြီးစီးမည့်အစား ၂၀၂၃-၂၄ ခုနှစ်တွင် ပြီးစီးနိုင်မည်ဟု မိမိတို့ ခန့်မှန်းထားရှိပါကြောင်း၊

ထို့ကြောင့် သူဌေးရေအားလျှပ်စစ်စီမံကိန်း၏ လျာထားလုပ်ငန်း အစီအစဉ်ပါအတိုင်း နှစ်စဉ် ရန်ပုံငွေပြည့်ဝစွာ ရရှိနိုင်မှသာ ၂၀၂၃-၂၄ ဘဏ္ဍာရေးနှစ်ကုန်တွင် စီမံကိန်းပြီးစီးနိုင်မည်ဖြစ်ပြီး ၎င်း စီမံကိန်းမှ ထွက်ရှိမည့် လျှပ်စစ်ဓာတ်အားကို မဟာဓာတ်အားလိုင်းသို့ ပို့လွှတ်ပြီး ရခိုင် ပြည်နယ်ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများအတွက် စတင်အသုံးပြုနိုင်မည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဦးမင်ကြည် (သံတွဲမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

ဝန်ကြီးပြောကြားသည့် အထဲတွင် ရေဝပ်ဧရိယာရှိသည့် ကျေးရွာများကိုလည်း ကူညီဆောင်ရွက် နေသည်ဆိုသည်ကို တွေ့ရှိရပါကြောင်း၊ ယခုအချိန်တွင် ရေဝပ်ဧရိယာ ကျေးရွာသုံးရွာရှိပြီး လက်ရှိရွာတစ်ရွာမှာ ပြောင်းရွှေ့ပြီး အဆင်ပြေနေပါကြောင်း၊ ကျေးလက်ဆေးပေးခန်းများ၊ စာသင်ကျောင်းများ၊ ဘုန်းကြီးကျောင်းများ ပြုလုပ်ပေးထားပါကြောင်း၊  ရေတာတမံနှင့်အထက် ခြောက်မိုင်ခန့်ဝေးသည့် နေရာတွင် ကျေးရွာနှစ်ရွာရှိပါကြောင်း၊ ၎င်း ရွာများသည် ရေဝပ်ဧရိယာထဲတွင် ရောက်ရှိသွားသည့် ရွာများဖြစ်ပါကြောင်း၊ ထိုရွာများ၏ ပြောင်းရွှေ့စရိတ်နှင့် လိုအပ်သည့်မြေနေရာ အနေအထားကိုလည်း အစိုးရမှ လုပ်ကိုင်ဆောင်ရွက်ပေးသည်ကိုလည်း မတွေ့ရှိရပါကြောင်း၊ ၎င်းရှာပေးသည့်နေရာသည် ကြိုးဝိုင်းသစ်တောထဲတွင် ကျရောက်နေသည့် အတွက်ကြောင့် သစ်တောနှင့် အစိုးရအဆင်ပြေအောင် ဆောင်ရွက်နေသည်ကိုလည်း တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် ဒေသခံပြည်သူများ၏ နေထိုင်ရေး၊ အိမ်ရာအတည်တကျ ရရှိရေးအတွက်ကို အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ပေးရန်အတွက်လည်း ထပ်ဆင့်မေးခွန်း မေးမြန်းအပ်ပါသည်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဖေဇင်ထွန်း

လွှတ်တော်ကိုယ်စားလှယ်ကြီး တင်ပြသည့် အတိုင်းကျန်ရှိသည့် ကျေးရွာများအတွက် မိမိတို့အနေဖြင့် အကောင်းဆုံးအနေအထားဖြစ်အောင် ညှိနှိုင်းပြီး ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ရှင်းလင်း ဖြေကြားအပ်ပါသည်။