မေးခွန်း အကြောင်းအရာ
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်သည် စစ်တွေခရိုင်အတွင်း တည်ရှိပြီး စတုရန်းမိုင် ၄၁၃.၇၄ ကျယ်ဝန်းပါကြောင်း၊ အိမ်ခြေ ၃၅၈၉၉၊ လူဦးရေ ၁၈၅၁၂၉ ဦး ရှိပြီး မြို့နယ်၏ တည်နေရာသည် ကုလား တန်မြစ်ဝှမ်းအတွင်း ကျရောက်သည့်အတွက် မြစ်ချောင်းများ အလွန်ပေါများသောကြောင့် ရေလမ်းခရီးဖြင့်သာ သွားနေရပါကြောင်း၊ မြို့နယ်တွင် တိုက်နယ်ဆေးရုံတစ်ရုံနှင့် ကျေးလက်ကျန်းမာရေး ဌာနများ ရှိသော်လည်း အများစုမှာ မြို့နယ်ဆေးရုံကိုသာ အားကိုးအားထားပြုရပါကြောင်း၊
၂၀၁၅ ခုနှစ်တွင် လူနာဦးရေ ၂၅၈၉ ဦး၊ ဆေးရုံပြင်ပ လူနာဦးရေ ၂၉၀၈ ဦး၊ တစ်နေ့ပျမ်းမျှ ဆေးရုံတက်သည့် လူနာဦးရေ ၂၂.၅ ဦး၊ တစ်နေ့ပျမ်းမျှ အပြင်လူနာဦးရေ ၁၁.၈ ဦးရှိပါကြောင်း၊ ထို့ကြောင့် ခုတင် ၂၅ ဆံ့ဆေးရုံ တိုးချဲ့ဆောင်ဆောက်လုပ်ပြီး ကုသနေရပါကြောင်း၊ လူနာများ များလွန်းသည့်အတွက် လူသွားလမ်း နေရာများတွင် နေရာချထားပြီး ကုသနေရသည်မှာ စိတ်မကောင်းဖြစ်မိပါကြောင်း၊ လက်ရှိဆေး ရုံသည် ၄.၇၁ ဧရိယာကျယ်ဝန်းပြီး ဂရန်ရရှိပြီး မြေဖြစ်ပါကြောင်း၊ မိမိတို့ လွှတ်တော်ကိုယ်စားလှယ်များ အပါအဝင် ဆေးရုံကြီးကြပ်ရေးကော်မတီဝင်များ ကွင်းဆင်းပြီး နေရာရွေးချယ်ခဲ့သည့်အခါ ခုတင် ၅၀ ဆံ့ဆေးရုံအတွက် လက်ရှိဆေးရုံဝန်းအတွင်း လုံလောက်သည့် မြေအနေအထားရှိပါကြောင်း၊ ပေါက်တောမြို့နယ် ပြည်သူ့ဆေးရုံကို ခုတင် ၅၀ ဆံ့ စံကိုက်ဆေးရုံအဖြစ်သို့ တိုးမြှင့်ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/မရှိ၊ အစီအစဉ်ရှိပါက မည်သည့်ကာလတွင် ဖွင့်လှစ်မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်တွင် ၂၅ ခုတင်ဆံ့ဆေးရုံတစ်ရုံ ဖွင့်လှစ်ထားရှိပြီး ဖြစ်ပါကြောင်း၊ ကျောက်တောင် တိုက်နယ်ဆေးရုံတစ်ရုံလည်း ရှိပါကြောင်း၊ ပေါက်တောမြို့နယ်ဆေးရုံတွင် အတွင်း လူနာနှင့် ဆေးရုံအညွှန်းကိန်းများကို ၂၀၁၁ ခုနှစ်မှစပြီး ပြန်လည်လေ့လာသည့် အခါတွင် ဆေးရုံခွင့်ပြု ခုတင်အသုံးပြုနှုန်းသည် ၂၀၁၁ ခုနှစ်တွင် ၆၀ ရာခိုင်နှုန်း၊ ၂၀၁၂ ခုနှစ်တွင် ၃၆ ရာခိုင်နှုန်း၊ ၂၀၁၃ ခုနှစ်တွင် ၅၇ ရာခိုင်နှုန်း၊ ၂၀၁၄ ခုနှစ်တွင် ၁၀၃ ရာခိုင်နှုန်း၊ ၂၀၁၅ ခုနှစ်တွင် ၁၀၀ ရာခိုင်နှုန်း အပြည့်ရှိပါကြောင်း၊ တစ်နေ့ပျမ်းမျှ အပြင်လူနာဦးရေမှာ နည်းပါးပါကြောင်း၊ မွေးလူနာအနေဖြင့်လည်း တစ်နှစ် ကို ၂၇၉ ဦး မွေးသည့်အတွက် ပျမ်းမျှအားဖြင့် တစ်နေ့လျှင် တစ်ယောက်နှုန်း မွေးဖွားပါကြောင်း၊ သို့သော် လူဦးရေအနေဖြင့် ၁၅၀၀၀၀ ရှိပါကြောင်း၊ ဆေးရုံတွင် ခွင့်ပြုဝန်ထမ်းအင်အား ၅၅ ယောက် ရှိ သည့် နေရာတွင် ၂၉ ယောက်ရှိသည်ကို တွေ့ရှိရပါကြောင်း၊ လောလောဆယ်တွင် တိုးမြှင့်ပေးရန် အစီအစဉ်မရှိပါကြောင်း၊ တိုးမြှင့်ပေးမည် ဆိုပါကလည်း ပြည်နယ်ဦးစီးမှူးနှင့် ပြန်လည်လေ့လာပြီးမှ စဉ်း စားပေးမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
