မေးခွန်း အကြောင်းအရာ
တန့်ယန်းမြို့သည် ခရိုင်ပြည်သူ့ဆေးရုံကြီးရှိရာ လားရှိုးမြို့နှင့် ၈၅ မိုင်ဝေးပြီး လူဦးရေ ၁၇၀၀၀၀ ကျော်၊ အိမ်ထောင်စု ၃၁၅၉၈ စု နေထိုင်ပါကြောင်း၊ တန့်ယန်းမြို့နယ်ပြည်သူ့ဆေးရုံသည် ၂၅ ခုတင် ဆံ့ဆေးရုံ အဖြစ် ဆောင်ရွက် ခဲ့သည်မှာ နှစ်ပေါင်း ၂၀ ခန့်ရှိပြီး တိုက်နယ်ဆေးရုံသုံးခု ဖွင့်ထားသော်လည်း ဝန်ထမ်းနှင့်ဆေးရုံသုံး ပစ္စည်းများပိုမိုပြည့်စုံသော မြို့နယ်ပြည်သူ့ ဆေးရုံကိုသာ လူနာများ အားကိုး အားထား ပြုကြပါကြောင်း၊ ယခုတိုးပွား လာသော လူဦးရေနှင့် ဆေးရုံသည် မျှတမှုမရှိသည့်အတွက် ဆေးကုသမှုခံယူရသည့် လူနာများအတွက် အခက်အခဲနှင့် ကြုံတွေ့နေရပါကြောင်း၊ ဆေးရုံအား အဆင့် တိုးမြှင့်ပြီး ဝန်ထမ်းအင်အား၊ ဆေးဝါးပစ္စည်းကိရိယာ အင်အားများ လုံလောက်စွာ ပံ့ပိုးပေးပါရန် ကျန်းမာရေးဝန်ထမ်းနှင့် ပြည်သူများမှ တင်ပြလာပါကြောင်း၊ သို့ဖြစ်ပါ၍ တန့်ယန်းမြို့နယ် ပြည်သူ့ဆေးရုံအား ၂၅ ခုတင်ဆံ့ဆေးရုံမှ ခုတင် ၅၀ ဆံ့ဆေးရုံအဖြစ်သို့ အဆင့်တိုးမြှင့်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် တိုးမြှင့်ပေးရန် အစီအစဉ် မရှိပါကလည်း မည်သည့် ခုနှစ်တွင် ဆောင်ရွက်ပေးနိုင်မည်ကို သိရှိလို ပါကြောင်း မေးမြန်း ပါသည်။
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ တန့်ယန်းမြို့တွင် ၂၅ ခုတင်ဆံ့မြို့နယ်ဆေးရုံ တစ်ရုံရှိပါကြောင်း၊ တန့်ယန်းမြို့နယ်တွင် ဝန်းကောင်းတိုက်နယ်ဆေးရုံ၊ ခမ်ပန်တိုက်နယ်ဆေးရုံ၊ မန်ကပ်တိုက်နယ် ဆေးရုံ၊ မိုင်းကောင်တိုက်နယ်ဆေးရုံ စုစုပေါင်းဆေးရုံငါးရုံလည်း ရှိပါကြောင်း၊ ၎င်း ဆေးရုံ၏ ခုတင် အသုံးပြုနှုန်းမှာ ၂၀၁၁ ခုနှစ်မှစပြီး ၂၀၁၅ ခုနှစ်ကို ကြည့်သည့်အချိန်တွင် ၆၈ ရာခိုင်နှုန်း၊ ၆၈ ရာခိုင်နှုန်း၊ ၆၆ ရာခိုင်နှုန်း၊ ၈၄ ရာခိုင်နှုန်း၊ ရာခိုင်နှုန်း ၁၀၀ အဖြစ် တိုးတက် ပြောင်းလဲလာသည်ကို တွေ့ရှိရပါကြောင်း၊ သို့သော် ဆေးရုံတွင် အတွင်းလူနာပေါင်း တစ်နှစ်လုံးတွင်မှ ၂၃၅၉ ယောက်မျှသာရှိပြီး အပြင်လူနာ စုစုပေါင်း ၅၁၃၀ ရှိပါကြောင်း၊ ၃၆၅ ရက်မှာ အပြင်လူနာမှ ၅၀၀၀ ကျော် ခန့်သာ ရှိပါကြောင်း၊ ဆေးရုံတွင် ခွင့်ပြုဝန်ထမ်း ၄၁ ဦးရှိပြီး ၂၂ ယောက်သာ ရှိနေသည်ကို တွေ့ရှိရပါကြောင်း၊ လက်ထောက် ဆရာဝန် သုံးဦးမှာလည်း တစ်ဦးသာ ခန့်ထားခြင်း၊ နှစ်ယောက် လစ်လပ်နေ သည်ကို လည်း တွေ့ရှိရပါကြောင်း၊ ယခု ဆေးရုံ၏ အသုံးပြုနှုန်းသည် လွှတ်တော် ကိုယ်စားလှယ်ကြီး ပြောထားသည့် အကြောင်း အရာနှင့် လျော်ညီသည်ကို လက်ခံပါကြောင်း၊ သို့သော် ဆေးရုံကို လောလောဆယ်တွင် လိုအပ်သည့် ပစ္စည်း ကိရိယာ၊ ဓာတ်မှန် ဓာတ်ခွဲမှအစ ဓာတ်ခွဲခန်းတွင်သုံးသည့် Reagent မှအစ အကုန် လုံးကောင်းမွန်အောင် မိမိတို့ပြုလုပ်ပေးမည် ဖြစ်ပါကြောင်း၊ ထို့နောက် ဓာတ်မှန်ကျွမ်းကျင်မှု မရှိသည့်ကိစ္စကိုလည်း လုပ်ပေးမည်ဖြစ်ပါကြောင်း၊ ၎င်း ဆေးရုံအား မိမိတို့ အနေဖြင့် သေချာစောင့်ကြပ် ကြည့်ရှု သည့် အဆင့်သာထားပြီး လိုအပ်လျှင် လိုအပ်သလို ချက်ချင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားပါသည်။
ဦးစိုင်းအောင်ပွင့် (တန့်ယန်းမဲဆန္ဒနယ်) က ဆ က်စပ်မေးခွန်း မေးမြန်းပါသည်။
မိမိလေ့လာကြည့်ထားသည်ကို ပြောပြရမည်ဆိုပါက ဆရာဝန်မပြည့်စုံခြင်း တခြားပြည်မက လာသည့် ဆရာဝန်များမှာလည်း မိမိတို့ဆီတွင် တည်မြဲမှုမရှိဘဲ တစ်နှစ်၊ နှစ်နှစ်မျှ ကြာလာပါက ပြောင်းသွားကြပါကြောင်း၊ ထို့ကြောင့် ယခု တန့်ယန်းမြို့တွင် ဆေးပညာဘွဲ့ရရှိသည့် ကျောင်းဆင်းများရှိပါကြောင်း၊ ယခု သူတို့သည် ဇီးပင်ကြီးသင်တန်းနှင့် ဖောင်ကြီးသင်များသို့ တက်ရောက်နေကြပါကြောင်း၊ ထို့ကြောင့် ဆေးပညာဘွဲ့ရရှိသည့် ကျောင်းဆင်းများအား မိမိတို့ တန့်ယန်းမြို့ဖြစ်သည့် ဇာတိမြေတွင် ခန့်ပေးထားနိုင်ရန် အစီအစဉ်ရှိ/မရှိ ထပ်ဆင့်မေးမြန်းပါသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး
ဝေးလံသည့်နေရာများ လွှတ်လို့ရှိလျှင် များသောအားဖြင့် ဆရာဝန်များမှာ မသွားချင်ကြပါကြောင်း၊ မိမိတို့အနေဖြင့် စီစဉ်ထားရှိသည်မှာ ဆရာဝန်များကို ဘွဲ့လွန်သင်တန်းတက်သည့် အချိန်တွင် ၎င်းတို့အား အမှတ်ပေးသည့် စနစ်ရှိ ပါကြောင်း၊ အမှတ်ပေးသည့်စနစ်မှာ ဝေးလံခေါင်ပါးသည့် နေရာတွင်သွားရောက်တာဝန် တစ်နှစ်ထမ်းဆောင်လျှင် အမှတ်မည်မျှပိုရမည်။ နှစ်နှစ်ထမ်းဆောင်လျှင် မည်မျှပိုရမည်ဆိုလျှင် လုပ်မည်ဖြစ်ပြီး လွှတ်တော် ကိုယ်စား လှယ်ကြီး တင်ပြသည့် ယခု ဖောင်ကြီးသင်တန်းနှင့် ဇီးပင်ကြီးသင်တန်း တက်ရောက်နေသည့် ဆရာဝန်များအား ချက်ချင်း ခန့်အပ်ပေးမည် ဖြစ်ပါကြောင်း၊ မပါရှိခဲ့လျှင်လည်း ဆရာဝန်များထဲမှ ခန့်ပေးမည် ဖြစ်ပါကြောင်း၊ တန့်ယန်းမြို့နယ်၏ လူဦးရေ ၁၇၀၀၀၀ သည် တော်တော်လေး များပါကြောင်း၊ မိမိတို့ဘက်မှလည်း သေချာစူးစမ်းလေ့လာပြီး ပြုလုပ်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
