မေးခွန်း အကြောင်းအရာ
မိမိတို့နိုင်ငံအနေဖြင့် တစ်ချိန်က နိုင်ငံတကာစင်မြင့် ဂုဏ်ရှိန်မြင့်မားခဲ့သည့်အပြင် ကမ္ဘာ့ကုလ သမဂ္ဂတွင်လည်း အတွင်းရေးမှူးချုပ်ရာထူးရရှိတဲ့အထိ နိုင်ငံ၏ ဂုဏ်သိက္ခာမြင့်မားခဲ့ ပါကြောင်း၊ ထို့ကြောင့် တစ်ချိန်က မြင့်မားခဲ့သော ဂုဏ်သိက္ခာ ကို ပြန်လည် ရရှိအောင် ပြည်ထောင်စု အစိုးရတွင် ရေတိုရေရှည် မဟာဗျူဟာနည်းဗျူဟာများ စီစဉ်ချမှတ်ထားခြင်းရှိ/မရှိ သိရှိလိုပါကြောင်း၊ ဒုတိယမေးခွန်းအနေဖြင့် ယနေ့ ကမ္ဘာပေါ်တွင် နိုင်ငံမျးသည် မိမိတို့နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် Free Trade Agreement(FTA) ဟုခေါ်သော လွတ်လပ်သောကုန်သွယ်မှု စာချုပ်များ ချုပ်ဆိုပြီး တစ်နိုင်ငံနှင့် တစ်နိုင်ငံ စီးပွားရေးအပြန်အလှန် ကူးလူးဆက်ဆံ၍ ကိုယ့်အမျိုးသား အကျိုးစီးပွားကိုမြှင့်တင်ရပါကြောင်း၊ မြန်မာနိုင်ငံတွင် (FTA) စာချုပ်ချုပ်ထားသည့် နိုင်ငံရှိ/မရှိနှင့် အကယ်၍ ရှိပါက နောင်တွင် (FTA) စာချုပ် ချုပ်ဆိုရန် အစီအစဉ်ရှိ မရှိကိုသိလိုပါကြောင်း၊ တတိယမေးခွန်းအနေဖြင့် လူမျိုးတုန်း သတ်ဖြတ်မှုနှင့် စစ်ရာဇဝတ်မှုများ တားဆီးရန် ရောမစာချုပ်မှ ဖြစ်တည်လာသည့် နိုင်ငံတကာရာဇဝတ်ခုံရုံး(International Criminal Court)ကို နယ်သာလန်နိုင်ငံမြို့တွင် ထူထောင်ထားရှိရာ မိမိတို့နိုင်ငံအနေဖြင့် အဆိုပါ ရောမ စာချုပ် (Rome Statue) လက်မှတ်ရေးထိုးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
နိုင်ငံတကာအလယ်တွင် မြန်မာ့ပုံရိပ်ပိုမိုတောက်ပြောင်လာစေရေးနှင့် ပတ်သက်၍ မြန်မာနိုင်ငံ အနေဖြင့် ပြီးခဲ့သည့် ရာစုနှစ် နှစ်ခုအတွင်း နိုင်ငံတကာမျက်နှာစာတွင် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေများအပေါ်မှာ အကြောင်းပြု ဝေဖန်ထိုးနှက်မှုများနှင့် စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်း ခဲ့ရပါကြောင်း၊ ယခုအခါ ဒီမိုကရေစီအစိုးရ၏ ဦးဆောင်မှုနှင့် တိုးတက် ပြောင်းလဲမှုများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီးဖြစ်သည့်အတွက် မိမိ နိုင်ငံနှင့် ပြည်သူများအတွက် ပိုမိုကောင်းမွန်သည့် အခြေအနေကို ဖန်တီးနိုင်ရန် နိုင်ငံတကာ သက်ဆိုင်ရာ အဖွဲ့အစည်းများ၏ နားလည်မှု၊ ပူးပေါင်းကူညီဆောင်ရွက်မှုများနှင့်အတူ ရလဒ်ကောင်းများရရှိရန် ကြိုးပမ်း ဆောင်ရွက် လျက်ရှိ ပါကြောင်း။
လက်ရှိနိုင်ငံတော်အစိုးရ စတင်တာဝန်ယူပြီး မရှေးမနှောင်းမှာပင် နိုင်ငံရေးအကျဉ်းသားများ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ နိုင်ငံရေးနှင့်ဆက်နွယ်ပြီး အမှုရင်ဆိုင်နေရသည့် ကျောင်းသား ကျောင်းသူများကို ပြစ်ဒဏ်မှ အမြန်ဆုံး လွတ်မြောက်ရေး အတွက် ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊ လူ့အခွင့်အရေးဆိုင်ရာနိုင်ငံတကာပင်မစာချုပ်များသို့ မြန်မာနိုင်ငံမှ တိုးတက်ပါဝင်နိုင်ရေးဆိုင်ရာ အသိပညာပေးအလုပ်ရုံဆွေးနွေးပွဲများကို နိုင်ငံတကာ အသိုက်အဝန်းနှင့် ပူးပေါင်းပြီး ပြုလုပ်ပေးလျက် ရှိခြင်း၊ မြန်မာနိုင်ငံ အစိုးရအနေဖြင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီကို တင်ပြရမည့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အရွယ်မရောက်သေးသော ကလေးသူငယ်များကို စစ်မှုထမ်းခြင်း စာရင်းမှ ပယ်ဖျက် မှုဆောင်ရွက်နိုင်ရေး အတွက် မြန်မာနိုင်ငံစောင့်ကြည့်လေ့လာရေးနှင့် အစီရင်ခံ တင်ပြရေးအဖွဲ့နှင့် Plan of Action လက်မှတ်ရေးထိုးပြီးဆောင်ရွက်လျက်ရှိခြင်းများအပြင် အရွယ် မရောက်သေးသူ ကလေး သူငယ်များ ကိုလည်း စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေး ကော်မတီကိုလည်း ဖွဲ့စည်းဆောင်ရွက်လျက်ရှိခြင်း၊ အဓမ္မစေခိုင်းမှု ပပျောက်ရေးအတွက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့နှင့်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး နိုင်ငံတကာ အလုပ်သမား အခွင့်အရေး စံချိန်စံညွှန်းများနှင့် ဆီလျော်မှုရှိစေရန် အလုပ်သမားအခွင့်အရေးဆိုင်ရာ ပြည်တွင်း ဥပဒေများကို လည်း ပြန်လည် သုံးသပ်ပြင်ဆင်ခြင်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း။
ယခုအခါ မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေများ ပိုမိုတိုးတက်ကောင်းမွန်လာပြီး အပြုသဘောဆောင်သည့် ဆောင်ရွက်ချက်များကြောင့်လည်းကောင်း၊ ဒေသတွင်း အစည်းအဝေး များဖြစ်သည့် အာဆီယံထိပ်သီးအစည်းအဝေးများ၊ အာဆီယံဝန်ကြီးအဆင့်၊ အဆင့်မြင့်အရာရှိကြီးများ အဆင့် အစည်းအဝေးများ၊ ဘင်းမ်စတက်ထိပ်သီးအစည်းအဝေးနှင့် အက်မက်ထိပ်သီး အစည်းအဝေးများကို အိမ်ရှင်နိုင်ငံအဖြစ် အောင်မြင်စွာလက်ခံကျင်းပနိုင်ခဲ့သည့် အတွက်ကြောင့် လည်း ကောင်း၊ နိုင်ငံတကာ အသိုက်အဝန်း အနေဖြင့် မြန်မာနိုင်ငံ၏ဖြစ်ပေါ်တိုးတက်မှုများကို အသိ အမှတ်ပြုမှုနှင့် စိတ်ဝင်စားမှု များ ပိုမိုမြင့်မားလာသည်ကို တွေ့မြင့်ကြရမည်ဖြစ်ပါကြောင်း၊
နိုင်ငံတကာအလယ်တွင် မြန်မာ့ပုံရိပ်ပိုမိုတောက်ပြောင်လာစေရေးသည် နိုင်ငံတော်နှင့် နိုင်ငံခြား ရေးဝန်ကြီးဌာန၏ ဦးစားပေးဆောင်ရွက်နေသော လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ပြီး မြန်မာသံတမန် များ၏ အရည်အသွေးများ မြင့်မားလာရန်ဘာသာစကား၊ ဘာသာရပ် ဆိုင်ရာ ကျွမ်းကျင်ပိုင်နိုင်မှု မြင့်မားရေး၊ သံတမန်စွမ်းရည်မြင့်မားရေးတို့အတွက် နိုင်ငံတကာတက္ကသိုလ်များမှ မဟာဘွဲ့နှင့် ပါရဂူ ဘွဲ့သင်တန်းများကိုလည်း စေလွှတ်လေ့ကျင့်ပေးလျက်ရှိခြင်း၊ ရေရှည်စီမံချက်အနေဖြင့် နိုင်ငံခြားရေး ဝန်ကြီးဌာနတွင် သံတမန်ရေးရာ သင်တန်းကျောင်း(Diplomatic Academy) တစ်ခုတည်ထောင် နိုင်ရေးကိုလည်း နိုင်ငံတကာကျွမ်းကျင်သူများနှင့် ဆွေးနွေးညှိနှိုင်းဆောင်ရွက်လျက်ရှိပါကြောင်း။
မြန်မာနိုင်ငံအနေဖြင့် လွတ်လပ်သော ကုန်သွယ်ရေး နယ်မြေ(Free Trade Area-FTA) စာချုပ်များ ချုပ်ဆိုထားခြင်းရှိ/မရှိမေးခွန်းနှင့် ပတ်သက်ပြီး WTO အဖွဲ့ဝင်နိုင်ငံများဟာ ဒေသဆိုင်ရာ Free Trade Agreement (FTA) များကို သတ်မှတ် ချက်များနှင့်အညီချုပ်ဆိုပြီး စာချုပ်ဝင်နိုင်ငံများ အချင်းချင်းအကောက်ခွန်လျှော့ချ ဖယ်ရှားခြင်းများ အပါအဝင် ကုန်သွယ်မှုဆိုင်ရာအတားအဆီးများ၊ ကန့်သတ်ချက်များကို ဖြေလျှော့ခြင်း၊ ကုန်သွယ်မှု မြှင့်တင်ခြင်းနှင့် ကုန်သွယ်မှု လျင်မြန် ချောမွေ့စေခြင်းတို့ကို ဆောင်ရွက်နိုင်ပါကြောင်း၊ ၂၀၁၆ ခုနှစ် သြဂုတ်လ အထိ WTO အဖွဲ့ဝင်နိုင်ငံများ အနေဖြင့် ကမ္ဘာတစ်ဝှမ်းလုံးတွင် ဆောင်ရွက်ထားသော FTA ပေါင်း ၂၈၁ ခုရှိသည်ကို သိရှိရ ပါကြောင်း၊
မြန်မာနိုင်ငံအနေဖြင့် လွတ်လပ်သောကုန်သွယ်မှုဒေသ ခြောက်ခုတွင် ပါဝင်လက်မှတ် ရေးထိုး ဆောင်ရွက် လျက်ရှိကြောင်း၊ ၎င်းတို့မှာ
၂၆-၂-၂၀၀၉ရက်နေ့တွင် အာဆီယံဒေသတွင်း လွတ်လပ်သောကုန်သွယ်မှုဒေသ သဘောတူစာချုပ်၊ ၂၉-၁၁-၂၀၁၄ ရက်နေ့တွင် အာဆီယံ-တရုတ်လွတ်လပ်သောကုန်သွယ်မှုဒေသ သဘောတူစာချုပ်၊၂၄-၈-၂၀၀၆ ရက်နေ့တွင် အာဆီယံ-ကိုရီးယား လွတ်လပ်သော ကုန်သွယ်မှုဒေသ သဘောတူစာချုပ်၊ ၁၀-၄-၂၀၀၈ ရက်နေ့တွင် အာဆီယံ-ဂျပန် လွတ်လပ်သောကုန်သွယ်မှုဒေသ သဘောတူစာချုပ်၊
၂၇-၂-၂၀၀၉ ရက်နေ့တွင် အာဆီယံ-သြစတြေးလျ၊ နယူးဇီလန် လွတ်လပ်သောကုန်သွယ်မှုဒေသ သဘောတူစာချုပ်၊
၁၃-၈-၂၀၀၉ ရက်နေ့တွင် အာဆီယံ-အိန္ဒိယ လွတ်လပ်သောကုန်သွယ်မှုဒေသ သဘောတူစာချုပ် တို့ကို ချုပ်ဆိုခဲ့ပါကြောင်း၊
ထို့အပြင် မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်သည့်အားလျော်စွာ အာဆီယံ-ဟောင်ကောင် လွတ်လပ်သော ကုန်သွယ်မှု ဒေသ၊ အာဆီယံနှင့်ကိုရီးယား၊ တရုတ်၊ ဂျပန်၊ သြစတြေးလျ၊ နယူးဇီလန်၊ အိန္ဒိယနိုင်ငံများ အကြား ဆွေးနွေးညှိနှိုင်း လျက်ရှိသော ဒေသ တွင်းစီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု သဘောတူညီချက် (Regional Comprehensive Economic Partnership-RCEP)၊ နိုင်ငံများ၏ ကဏ္ဍစုံနည်းပညာနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ဘင်္ဂလားပင်လယ်အော် ဦးဆောင် ဦးရွက်ပြုမှု အစီအစဉ် (BIMSTEC) လွတ်လပ်သော ကုန်သွယ်မှုဒေသများနှင့် စပ်လျဉ်းပြီး ပါဝင်ဆွေးနွေးလျက်လည်းရှိပါကြောင်း၊
Bilateral စာချုပ်နှင့်ပတ်သက်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်သည့် ဘရူနိုင်း၊ အင်ဒိုနီးရှား၊ လာအို၊ ထိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်နိုင်ငံ၊ စင်ကာပူနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံများသည် FTA များ ပါဝင် ရေးထိုးထားကြောင်း တွေ့ရှိရပြီး မြန်မာနိုင်ငံအနေဖြင့် FTA ရေးထိုးခြင်း မရှိသေးပါကြောင်းနှင့် နှစ်ဦး နှစ်ဖက်အကျိုးရှိနိုင်မည့် ကိစ္စရပ်များကို နိုင်ငံတော်နှင့်ပြည်သူ့အကျိုးအတွက် သုံးသပ်ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊
ဆက်လက်၍ မြန်မာနိုင်ငံအနေဖြင့် ရောမစာချုပ် (Rome Statute)တွင် ပါဝင် လက်မှတ် ရေးထိုးရန် နှင့် စပ်လျဉ်း၍ အီတလီနိုင်ငံ၊ ရောမမြို့တွင် ပြုလုပ်ခဲ့သော သံတမန်ဆိုင်ရာ ညီလာခံက အတည်ပြု ခဲ့သည့် ရောမစာချုပ်သည် လူမျိုးတုံးအောင်ကျူးလွန်သည့်ပြစ်မှု၊ လူသားချင်း မစာနာစွာ ကျူးလွန် သည့်ပြစ်မှု၊ စစ်ဖြစ်စဉ်ကျူးလွန်သည့်ပြစ်မှု၊ ကျူးကျော်ရန်စမှုကြောင့် ကျူးလွန်သည့်ပြစ်မှု များအတွက် နိုင်ငံအချင်းချင်း သဘောတူစာချုပ်ဖြစ်ပါကြောင်း၊ အဖွဲ့ဝင်နိုင်ငံများ၏ ပြစ်မှုတရားစီရင် ခြင်းနှင့် စပ်လျဉ်းပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ အခွင့်အာဏာဖြင့် ဆောင်ရွက်ပါကြောင်း၊ လက်မှတ် ရေးထိုးထားသည့် နိုင်ငံပေါင်း ၁၃၉ နိုင်ငံဖြစ်ပြီး အဖွဲ့ဝင် ၁၂၄ နိုင်ငံရှိသည်ကို သိရှိရပါကြောင်း၊ အာဆီယံနိုင်ငံများအနက် ကမ္ဘောဒီးယားနှင့် ဖိလစ်ပိုင်နိုင်ငံများသည် အဖွဲ့ဝင် နိုင်ငံအဖြစ် လည်းကောင်း၊ ထိုင်းနိုင်ငံသည် လက်မှတ်ရေးထိုးထားသည့် နိုင်ငံအဖြစ် လည်းကောင်း စိစစ်တွေ့ရှိရပြီး မြန်မာနိုင်ငံအပါအဝင် ဘရူနိုင်း၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ စင်ကာပူနှင့် ဗီယက်နမ် နိုင်ငံများသည် လက်မှတ်ရေးထိုးခြင်း မရှိပါကြောင်း၊ အလားတူ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့သည်လည်း လက်မှတ်ရေးထိုး ခြင်းမရှိသည်ကို စိစစ်တွေ့ရှိရပါကြောင်း၊
စာချုပ်တွင် အပိုင်း ၁၃ ပိုင်း၊ အပိုဒ် ၁၂၈ ပိုဒ်ပါရှိပြီး ဖွဲ့စည်းပုံအခြေခံဥပဒေအခန်း(၁၅) အထွေထွေပြဋ္ဌာန်းချက်များ၊ ဇယား(၁) အပိုဒ် ၂ အပိုဒ်ခွဲ(ဃ)တွင် အပြည်ပြည်ဆိုင်ရာနှင့် ဒေသ ဆိုင်ရာ စာချုပ်များ၊ သဘောတူညီချက်များ၊ ကွန်ဗင်းရှင်းများ၊ နှစ်ပြည်ထောင်ဆိုင်ရာ သဘောတူညီချက်များ၊ စာချုပ်များကို ချုပ်ဆိုရေးနှင့် အထမြောက်စေရေးသည် နိုင်ငံခြားရေးကဏ္ဍ ဖြစ်သည့် အတွက် ဦးဆောင်ရမည့်ဝန်ကြီးဌာနနှင့် ထည့်သွင်းသင့်သည့်ဝန်ကြီးဌာနများ ပါဝင်သည့် ကော်မတီ တစ်ရပ် ဖွဲ့စည်းခြင်း သို့မဟုတ် အဖွဲ့ဖွဲ့ စည်းပြီး နိုင်ငံတကာရာဇဝတ်ခုံရုံး ICC၏ ကျောရိုးဖြစ်သော ရောမစာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးရန် သင့်/မသင့်ကို မိမိနိုင်ငံ၏ တည်ဆဲဥပဒေများနှင့် အညီ လေ့လာသုံးသပ်ဆက်လက်ဆောင်ရွက်သင့် ပါကြောင်းပြန်လည်ဖြေကြား ပါသည်။
