(ဃ)-ချင်းပြည်နယ်တွင်မြို့နယ်(၉)မြို့နယ်၊မြို့(၆)မြို့ ရှိရာမြို့ပြတည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက် ရန် ပြည်ထောင်စု ရန်ပုံငွေဖြင့်၂၀၁၇-၂၀၁၈ခုနှစ် ဘဏ္ဍာရေး နှစ်တွင် ကျပ်သန်း ၁၀၀၀၀ အား ခွဲဝေ လျာထားပေး ရန် အစီအစဉ် ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၂၃) ရက်မြောက်နေ့ (၃၀.၈.၂၀၁၆)

မေးခွန်း အကြောင်းအရာ 

ni shweချင်းပြည်နယ်သည် မြန်မာနိုင်ငံ၏အနောက်ဘက်တွင်တည်ရှိပြီး ခရိုင်(၃)ခု၊ မြို့နယ်(၉)မြို့နယ်၊ မြို့(၆) မြို့နယ်ဖြင့် ဖွဲ့စည်းထားသည့် ပြည်နယ်ဖြစ်ပါကြောင်း၊ ချင်းပြည်နယ်ရှိမြို့များသည်  တောင်ပေါ်တွင် တည်ရှိပြီး မြေပြင် ညီညာဖြန့်ဖြူးမှု မရှိခြင်း၊ ချို့ဝှမ်းရေစီးချောင်းများ စီးဝင်မှုများပြားခြင်း နှင့် တောင် ကုန်း ချိုင့်ဝှမ်း များဖြစ်နေခြင်းကြောင့် ပြုပြင်ထိန်းသိမ်းရန် အခက်အခဲများစွာ ရှိနေပါကြောင်း၊ ချင်းပြည်နယ် စည်ပင်သာယာရေးအဖွဲ့သည် ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ် တွင် ပြည်နယ်ဘတ်ဂျတ်ဖြင့် ကျပ်သန်း ၃၇၂၁.၂၂ ခွင့်ပြုချက်ရရှိပြီး ၂၀၁၆-၁၇ ဘဏ္ဍရေးနှစ်တွင်လည်း ကျပ်သန်း ၂၈၅၅.၂၄ ကို ရရှိခဲ့သော်လည်း မြို့ပြတည်ဆောက်ရေးလုပ်ငန်းများကို ထိရောက် စွာဆောင် ရွက်ပေးနိုင်ခဲ့ခြင်း မရှိပါ ကြောင်း၊ ချင်းပြည်နယ် စည်ပင်သာယာရေး အဖွဲ့အဆင့်ဆင်‌့၏ မြို့ပြလမ်းတံတားတည်ဆောက်ရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် စိမ်းလန်းစိုပြေရေး၊ သောက်သုံးရေ ဖူလုံစွာရရှိရေး၊ အခြား စည်ပင်သာ ယာရေးဆိုင်ရာ လုပ်ငန်းများ ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရေးအတွက် ပြည်ထောင်စုရန်ပုံ ငွေနှင်‌့ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် ကျပ်သန်း ၁၀၀၀၀ ခွဲဝေချထားပေး ရန် အစီအစဉ်ရှိ/မရှိကို သိလိုပါ ကြောင်း မေးမြန်း ခဲ့ပါသည်။


 

ဖြေကြားသူ
ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ
ဖြေကြားချက် 

mg mg winချင်းပြည်နယ်၏ဘဏ္ဍာရန်ပုံငွေသည် စည်ပင်သာယာရေးအဖွဲ့အပါအဝင် စုစုပေါင်းဌာန ၂၆ ခု ၏ ရငွေ နှင့် အသုံးစရိတ်များကို ရသုံးခန့်မှန်းခြေ ငွေစာရင်းတွင် ထည့်သွင်းရေးဆွဲခြင်းဖြစ်ပါကြောင်း၊ ဌာနအဖွဲ့ အစည်းများမှ ဘတ်ဂျက်အဆိုပြုတင်ပြသည့် ရငွေ၊ သုံးငွေနှင့်လိုငွေပေါ်ပေါက်မှုများကို စုစည်းရေး ဆွဲပြီးယခင်နှစ် စာရင်းများနှင့် နှိုင်းယှဉ်၍ စိစစ်ရေးဆွဲတင်ပြခြင်း ဖြစ်ပါကြောင်း၊ မြို့နယ်အလိုက် စည်ပင်သာယာရေး အဖွဲ့များ၏ ဆောင်ရွက်မည့် လုပ်ငန်းများကို ရွေးချယ်ပြီး ခန့်မှန်းခြေစာရင်းများ တွက်ချက်ပြု စုခြင်း၊ ရွေးချယ်ထားသည့် လုပ်ငန်းများကို နှစ်အလိုက်လျာထား သတ်မှတ်ပေးခြင်း၊ ဦးစားပေးအဆင့်သတ်မှတ်ခြင်းလုပ်ငန်းများကို ဘဏ္ဍာနှစ်အလိုက် ငါးနှစ်စီမံ ကိန်းတွင် ထည့်သွင်း ရေးဆွဲပြီး လာမည့်ဘဏ္ဍာနှစ်၏ စီမံကိန်းဥပဒေတွင် ပါဝင်နိုင်ရန် ဆောင်ရွက်ခြင်း၊ ဘဏ္ဍာရေးနှစ် ဘတ်ဂျက်အဆိုပြုချက်တွင် ထည့်သွင်းတောင်းခံခြင်းတို့ကို ဆောင်ရွက်ရပါကြောင်း၊ အဓိက အားဖြင့် ပြည်နယ်ဘဏ္ဍာရန် ပုံငွေဖြင့် ဆောင်ရွက်မည့်လုပ်ငန်းများကိုသာ အဆိုပြုတင်ပြရခြင်း ဖြစ်ပါကြောင်း၊ ချင်းပြည်နယ်၏ ဒေသန္တရစီမံကိန်းဥပဒေ အတည်ပြုပြဋ္ဌာန်းနိုင်ရေးအတွက် စီမံကိန်းရည်မှန်းချက် အဆိုပြုချက်များကို နှစ်စဉ်ရေးဆွဲတင်ပြလျက်ရှိရာတွင် ဌာနဆိုင်ရာ၊ အဖွဲ့အစည်းများအနေကဖြင့် မိမိတို့ ဆောင်ရွက်လိုသည့် လုပ်ငန်းစီမံကိန်းများကို ဦးစားပေးအလိုက် ထည့်သွင်းရေးဆွဲတင်ပြရန် လိုအပ် ပါကြောင်း၊ သို့ဖြစ်ပါ၍ ချင်းပြည်နယ် စည်ပင်သာယာရေး အဖွဲ့အနေဖြင့် ဆောင်ရွက် လိုသည့် လုပ်ငန်းစီမံကိန်းများကို ဦးစားပေးအလိုက် ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ် နှစ်စဉ်စီမံကိန်းရည်မှန်းချက်များ ရေးဆွဲသည့်အခါ ထည့်သွင်းရေးဆွဲ တင်ပြရန်လိုအပ်မည်ဖြစ် ပါကြောင်း၊

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၃၀ ပုဒ်မခွဲ(ဂ) အပိုဒ်(၁)တွင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များ အတွက် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေတွင် ဘဏ္ဍာငွေများကိုသင့်သလို ဖြည့်ဆည်းပေးခြင်း၊ အထူး ကိစ္စတစ်ရပ် အနေဖြင့် ထောက် ပံ့ခြင်းနှင့် ချေးငွေများ ခွင့်ပြုခြင်းတို့ကို  ဆောင်ရွက်နိုင်ပါကြောင်း၊ အထက်ပါ ပြဋ္ဌာန်းချက်နှင့်အညီ ၂၀၁၁-၁၂ ဘဏ္ဍာရေးနှစ်မှ ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်အထိ တိုင်းဒေ သကြီး/ပြည်နယ်များမှ တင်ပြလာသည့် လိုငွေ အပေါ်မူ တည်၍ ပြည်ထောင်စုမှ ထောက်ပံ့ပေးခဲ့ပါ ကြောင်း၊ ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်မှစ၍ နှစ်လတ်ဘဏ္ဍာရေး မူဘောင်ရေးဆွဲပြီး ညွှန်ကိန်းများ အသုံးပြ၍ လိုငွေကို ဖြည့်ဆည်းခြင်း ဖြစ်ပါကြောင်း၊ ချင်းပြည်နယ်၏လိုငွေအတွက် ၂၀၁၅-၁၆ ဘဏ္ဍာ ရေးနှစ်တွင် ပြည်ထောင်စုမှ ၁၂၂.၂၅ သန်းနှင့် ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် ၁၃၀.၇၃၉ ဘီလီယံ ဖြည့်ဆည်းပေးခဲ့ပြီးနှင့် ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်ထက် ရာခိုင်နှုန်းအားဖြင့် ၁၀၆.၉ ရာခိုင်နှုန်း ကို တိုးမြှင့် ဖြည့်ဆည်းပေးခဲ့ခြင်းဖြစ်ပါကြောင်း၊

၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ်မှ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်အထိ နိုင်ငံတော်အစိုးရမှ တိုင်းဒေသကြီး သို့မ ဟုတ် ပြည်နယ်များသို့ လွှတ်တော်ဖွံ့ဖြိုးရေး ရန်ပုံငွေ ၃၃ ဘီလီယံကို မြို့နယ်တစ်မြို့နယ်လျှင် ကျပ် သန်း ၁၀၀ နှုန်း ထောက်ပံ့ပေးခဲ့ပါကြောင်း၊ ၂၀၁၆-၁၇ ဘဏ္ဍာရေး နှစ်အတွက် ချင်းပြည်နယ်၏ ရငွေ သည် ကျပ် ၁.၇၁၂ ဘီလီယံ ဖြစ်ပြီး သုံးငွေမှာ ကျပ် ၁၃၂.၄၅၁ ဘီလီယံဖြစ်၍ လိုငွေကျပ် ၁၃၀.၇၃၉ ဘီလီယံကို ပြည်ထောင်စုမှ ဖြည့်ဆည်း ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ ချင်းပြည်နယ်အစိုးရအဖွဲ့၏ မြို့ပြတည် ဆောက်ရေး လုပ်ငန်းများကို ဆောင်ရွက်နိုင်ရန်အတွက် သင့်လျော်သလို သုံးစွဲရမည်ဖြစ်ပါကြောင်း၊ ချင်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အဆင့် ဌာနအဖွဲ့စည်းများ စည်ပင်သာယာရေး အဖွဲ့များ အပါအဝင် ရငွေနှင့်အသုံးစရိတ် လျာထားမှုများကို ချင်းပြည်နယ်၏ ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက် သည့် ဌာနအဖွဲ့အစည်းများနှင့် ညှိနှိုင်းလျာထားရခြင်းဖြစ်ပါကြောင်း၊ စည်ပင်သာယာရေးအဖွဲ့သည် ပြည်နယ်အဆင်‌့ အဖွဲ့အစည်းဖြစ်သည့် အတွက် အသုံးစရိတ်ကို ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေတွင် တိုက်ရိုက် ခွဲဝေချထား၍ မရဘဲ ပြည်နယ်ဘဏ္ဍာရန်ပုံငွေအစီအစဉ်ဖြင့်သာ ကျခံသုံးစွဲပြီး လိုငွေကို ပြည်ထောင်စုမှ ထောက်ပံ့ပေးရမည် ဖြစ်ပါကြောင်း၊ ချင်းပြည်နယ်၏ ၂၀၁၅-၁၆ ဘဏ္ဍာနှစ်အတွက် ဘဏ္ဍာရန်ပုံငွေ ငွေလုံးငွေရင်း အသုံးစရိတ် စုစုပေါင်း ၉၂.၈၁၃ ဘီလီယံ နှင့် ၂၀၁၆-၁၇ ဘဏ္ဍာနှစ် တွင် ၁၀၂.၅၃၂ ဘီလီယံ လျာထားသည်ကိုတွေ့ရှိရပါကြောင်း၊ ထို့ပြင် ပြည်ထောင်စုဘတ်ဂျက်တွင် ချင်းပြည်နယ်အတွင်း မြို့ပြ၊ လမ်းတံတားတည်ဆောက်ရေး လုပ်ငန်းများအတွက် သက်ဆိုင်ရာ ပြည်ထောင်စု ဝန်ကြီးဌာနများမှ လျာထားသည့် အသုံးစရိတ်များလည်း ပါဝင်မည်ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနများ၏ ချင်းပြည်နယ်နှင့်သက်ဆိုင်သည့် အသုံးစရိတ်လျာထား ချက်များကို ၂၀၁၇-၁၈ ဘဏ္ဍာနှစ် အတွက် အရအသုံးခန့်မှန်ချေငွေစာရင်းများ ရေးဆွဲတင်ပြသည့် အချိန်ရောက် မှသာ မိမိတို့အနေဖြင့်စိစစ်ပေးနိုင်မည်ဖြစ်ပါကြောင်း၊ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေများ ကို ခွဲဝေသုံးစွဲရာတွင် ပြည်ထောင်စုနှင့်တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အားလုံး တို့အတွက် ထည့်သွင်းရခြင်းဖြစ်သဖြင့် ချင်းပြည်နယ်မြို့ပြတည်ဆောက်ရေး လုပ်ငန်း များ ဆောင်ရွက်နိုင်ရန် အတွက် ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေမှ မည်မျှခွဲဝေလျာထားပေးမည်ကို ကြိုတင်သတ်မှတ်ပေး နိုင်ခြင်း မရှိသေးပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။