(ဂ)-ဖွံ့ဖြိုးရေးစီမံကိန်းများအားပွင့်လင်းမြင်သာပြီးလူ ထုပါဝင်မှုတိုးမြှင့်ပေးရန်အကောင်ထည်ဖော်ဆောင် ရွက်မည့် စီမံကိန်းများအားဆက်လက်အကောင်အ ထည်ဖော်ရန်အစီစဉ်ရှိ၊မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၂၃) ရက်မြောက်နေ့ (၃၀.၈.၂၀၁၆)

မေးခွန်း အကြောင်းအရာ 

aye aye muတိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံကိန်းများသည် အဓိကကျပြီး အစိုးရအဆက်ဆက်တွင် စီမံကိန်းများ ရေးဆွဲခဲ့ကြပါကြောင်း၊ ၎င်းစီမံကိန်းများတွင် ယခင်အစိုးရလက်ထက်တွင် ရေးဆွဲခဲ့သည့် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၁ တွင် ဖွံ့ဖြိုးရေးအထူးဒေသကြီး ၂၄ ခု သတ်မှတ်ထားခဲ့သည့် ဖွံ့ဖြိုးရေးစီမံကိန်းလည်း အပါအဝင် ဖြစ်ပါကြောင်း၊ ဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် စီမံကိန်းများသည် အထူးလိုအပ်ပါကြောင်း၊ စီမံကိန်း များ ရေးဆွဲမှု များကို ပညာရှင်များ၊ အစိုးရများ၊ ဒေသအာဏာ ပိုင်များ၊ နိုင်ငံ့ဝန်ထမ်းများမှ အဓိကအခန်းတွင်ဆောင်ရွက်ပြီး ရေးဆွဲခဲ့ကြသည်ကို တွေ့ရှိရပါကြောင်း၊ စီမံကိန်းများ၏ရည်ရွယ်များနှင့် ဖွံ့ဖြိုးရေးရည်ရွယ် ချက်များ ကောင်း မွန်သော် လည်း ဒေသ၏ လိုအပ်ချက်များနှင့်ကိုက်ညီခြင်းမရှိဘဲ လိုအပ်ချက်ထက်ပိုလျှံနေခြင်း၊ ဥပမာ -ကလေးမြို့နယ်နှင့်ထိစပ်နေသည့် ဂန့်ဂေါမြို့နယ်တွင် ဟံသာဝတီတိုက်နယ်ဆေး ရုံနှင့် မြောက်ခရမ်းတိုက်နယ်ဆေးရုံတို့သည် လမ်းမကြီး တစ်ခုတွင်း ငါးမိုင် အကွာတွင် တည်ဆောက်ထားပြီး ကလေးမြို့နယ်လူဦးရေ၏ ၃၀ ရာခိုင်နှုန်းခန့်နေထိုင်သော ချင်းတိုင်းရင်းသား များ အများစုနေထိုင် သည့် အနောက်မြောက်ကျေးရွာများတွင် တိုက်နယ်ဆေးရုံ တစ်ခုမှ မရပါကြောင်း၊ ချင်းပြည်နယ် (မြောက်ပိုင်း)နှင့် ဆက်သွယ်ထားသည့် အဆိုပါလမ်းကြောင်းပေါ်တွင် ကတ္တရာလမ်းတစ်မိုင်ကိုသာ ခင်းထားခြင်း စသည့်တို့ ကိုတွေ့ရှိရပါကြောင်း၊ ဖွံ့ဖြိုးရေးအတွက် အခြေခံလိုအပ်ချက် များ ဆောင်ရွက် ရာတွင် ကျေးရွာ တိုင်းတွင် လိုအပ် ချက်များရှိနေပါကြောင်း၊ တာဝန်ရှိသူများ၏ ဆုံးဖြတ်ချက်သည် ဒေသခံပြည်သူ့တို့၏ လိုအပ်ချက်နှင့် တစ်ထပ်တည်းကျအောင် စီမံကိန်းများရေး ဆွဲ၍ ပြည်သူ့ဘဏ္ဍာငွေများ အလေအလွှင့် မရှိရအောင် ဌာနဆိုင်ရာ အသီးသီး ရှိ ပြည်သူ့ဝန်ထမ်းများ၊ ပညာရှင်များ၊ ဒေသ အာဏာပိုင်များ၊ ရွေးကောက်ခံ ပြည်ထောင်စု၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် များနှင့် ရပ်ကွက်/ကျေးရွာ များမှ ပြည်သူလူထုများ ပူးပေါင်းပြီး ပွင့်လင်းမြင် သာစွာ စီမံကိန်း များရေးဆွဲ ၍ ပြည်သူလူထု၏ အခန်းကဏ္ဍကို အစိုးရမှဦ‌းဆောင်ပြီး မြှင့်တင်ပေးနိုင်မှသာ မိမိတို့လိုချင်သည့် စစ်မှန်သောဒီမိုကရေစီစနစ် အကောင်အထည်ပေါ်လာမည်ဟု ယုံကြည်ပါကြောင်း၊ ယခင်အစိုးရ လက်ထက် အကောင်အထည်ဖော် ရန်ကျန်ရှိသည့် စီမံကိန်းလုပ်ငန်းများအား လက်ရှိအစိုးရ လက်ထက်တွင် ဆက်လက်အကောင်အထည်ဖော်ရန် အစီအစဉ်ရှိ/မရှိနှင့် ၎င်းစီမံကိန်းများကို ပွင့်လင်း မြင်သာ စွာဖြင့် ပြည်သူ့လူထု ပါဝင်ဆောင်ရွက်နိုင်မှု တိုးမြှင့်ပေးရန် အစီအစဉ်ရှိ/မရှိတို့နှင့် ပတ်သက်၍ သိလိုပါကြောင်း မေးမြန်းခဲ့ပါသည်။


 

ဖြေကြားသူ
ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ
ဖြေကြားချက် 

mg mg win၂၀၁၆-၁၇ ဘဏ္ဍာနှစ်၊ အမျိုးသားစီမံကိန်းဥပဒေကို ၂၀၁၆ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေ အမှတ်(၁၉)နှင့် ၂၅-၁-၂၀၁၆ ရက်နေ့တွင် အတည်ပြုပြဋ္ဌာန်းခဲ့ပါကြောင်း၊ ၎င်းဥပဒေ၏ အခန်း(၃) အထွေထွေပုဒ်မ ၅ တွင် သက်ဆိုင်ရာဌာနနှင့် အဖွဲ့အစည်းများသည် စီမံကိန်းရည်မှန်းချက်များကို အဆက်အစပ်မိမိ ပေါင်းစပ်ဖွဲ့စည်း အကောင်အထည်ဖော်ရန် ပြဋ္ဌာန်းထားပါကြောင်း၊ အဆိုပါ ပြဋ္ဌာန်းချက်အရ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်း အလိုက်၊ ဒေသ အလိုက် လုပ်ငန်းအစီအစဉ်များကို အသေးစိတ်ရေး ဆွဲ၍ ဆောင် ရွက်နိုင် ပါကြောင်း၊ ထို့အပြင် ပုဒ်မ ၁၀ တွင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ အမျိုးသားစည်းလုံး ညီညွတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးကို ဖော်ဆောင်သော စီမံကိန်းများနှင့် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့ကို အထောက် အကူပြုသော စီမံကိန်း များ ပါဝင်ရမည်ဟု ဖော်ပြထားပါကြောင်း၊ ပုဒ်မ ၁၂ တွင်လည်း ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်မည့် လုပ်ငန်း စီမံကိန်းများသည် ဖြစ်မြောက်နိုင်စွမ်းရှိ/မရှိ၊ စီးပွားရေးတွက်ခြေကိုက်မှုရှိ/မရှိ၊ ပြည်သူများအတွက် အကျိုးရှိ/မရှိ၊ ဒေသဖွံ့ဖြိုးရေးကို အထောက် အကူပြု/မပြု၊ ပတ်ဝန်းကျင် ထိခိုက်မှုရှိ/မရှိတို့ ကို လေ့လာဆန်း စစ်ပြီး ပြည်ထောင်စု အစိုးရအဖွဲ့၏ သဘောတူခွင့်ပြုချက် ရရှိထားသော လုပ်ငန်းစီမံကိန်းများဖြစ်ရမည်ဟု ဖော်ပြပါရှိပါကြောင်း၊ သို့ပါ၍ ယခင်အစိုးရ လက်ထက်တွင် အထောင်အထည်ဖော်ခဲ့သည့် စီမံကိန်းများအား ပြဋ္ဌာန်းထားသည့် ဥပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ စီမံဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊

စီမံကိန်းအချက်အလက်များကို ပြည်သူများသိရှိနားလည်ရန် ထုတ်ပြန်ပေးမည့် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်း၍ အမျိုးသားစီမံကိန်းရေးဆွဲရာတွင် ယခင်က Top down ပုံစံဖြင့် ဗဟိုမှ အောက်ခြေသို့ ချပြရေးဆွဲသည့် ပုံစံဖြင့် ဆောင်ရွက် ခဲ့သော်လည်း ၂၀၁၂ ခုနှစ်မှစ၍ အောက်ခြေမှဗဟိုသို့ အဆိုပြုတင်ပြ၍ ရေးဆွဲသည့် Bottom up ပုံစံကိုလည်း ပေါင်းစပ်ကျင့်သုံး ဆောင်ရွက်ခဲ့ပါကြောင်း၊ ဖွံ့ဖြိုးရေးစီမံကိန်းများကို ပွင့်လင်းမြင်သာပြီး လူထုပါဝင်မှု တိုးမြှင့်ပေး ရန်နှင့် ဒေသခံပြည်သူများမှ တင်ပြဆွေးနွေး ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်မည့် အချက်အလက်များကို ပြည်သူတို့ သိရှိနားလည်စေရန်တို့အတွက် တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် စီမံကိန်းရေးဆွဲအကောင် အထည်ဖော်ရေးကော် မတီများကို နိုင်ငံတော်သမ္မတရုံးမှ ၅-၅-၂၀၁၆ ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ် (၁၃/၂၀၁၆) ဖြင့် အသစ်ဖွဲ့စည်းပေးပြီးဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် စီမံကိန်းရေးဆွဲအကောင် အထည်ဖော်ရေးကော်မတီများ အနေဖြင့် ဒေသဖွံ့ဖြိုးတိုး တက်ရေး၊ ဒေသ အတွင်း နေထိုင်ကြသည့် ပြည်သူများ၏ လူမှုစီးပွားတိုး တက်ရေး၊ ဒေသ၏ လိုအပ်ချက်နှင့် ကိုက်ညီသော စီမံကိန်းများဖြစ်ရေးတို့အတွက် အပြန်အလှန်ဆွေးနွေးညှိနှိုင်းမှုများကို အကြိမ်ကြိမ် ဆောင်ရွက်ပြီး အဆင့်ဆင့် တင်ပြဆောင်ရွက်နိုင် ပါကြောင်း၊

ထို့အပြင် မြို့နယ်များရှိ မြို့နယ်ဖွံ့ဖြိုးမှုအထောက်အကူပြုကော်မတီ၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီများမှာလည်း ဒေသခံမြို့မိမြို့ဖများကို ဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်၍ ဖွဲ့စည်းထားသည့် အတွက် စီမံကိန်းရေးဆွဲရာတွင် မိမိတို့ဒေသ၏ လိုအပ်ချက်များ၊ လိုလားချက်များကိုလည်း ထုတ်ဖော်ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ စီမံကိန်းရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေး ကော်မတီ၏ လုပ်ငန်းတာဝန်များမှာ ပြည်သူများ၏ လူမှုစီးပွားဖွံ့ဖြိုးမှုကို အထောက်အကူပြုသည့် ဒေသအလိုက် ဦးစားပေးစီမံ ကိန်း များနှင့် ဆောင်ရွက်ရမည့် ဆီလျော်သည့် လုပ်ငန်းများအတွက် အစီအမံများ ထည့်သွင်းဆောင်ရွက်ရန် ထည့်သွင်းသတ်မှတ်ပေးထားပါကြောင်း၊ အမျိုးသားစီမံကိန်း ရေးဆွဲရာတွင် စီမံကိန်းအကောင်အထည်ဖော်ရန် လိုအပ်သော လူသားအရင်းအမြစ်၊ ငွေကြေး အပါအဝင် ကုန်ထုတ်စွမ်းအားစုများ အစရှိသည်တို့ကို ထည့်သွင်းစဉ်းစားပြီး ဦးစားပေးကဏ္ဍ၊ ဦးစားပေးဒေသနှင့် ဦးစားပေးအစီအစဉ်များကို နိုင်ငံတော်၏ မူဝါဒနှင့်အညီ သတ်မှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊

သို့ဖြစ်ပါ၍ ယခင်အစိုးရလက်ထက်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် စီမံကိန်းများကို ၂၀၁၆-၁၇ ဘဏ္ဍာနှစ်၊ အမျိုးသားစီမံကိန်းဥပဒေနှင့်အညီ စီမံဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် စီမံကိန်းများရေးဆွဲသည့်အခါ ဒေသခံပြည်သူများ ပါ ဝင်ဆွေးနွေးဆောင်ရွက်နိုင်စေရန် တိုင်းဒေသ ကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်စီမံကိန်း ရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီများကို ဖွဲ့စည်း ဆောင်ရွက်စေလျက်ရှိပြီး ၎င်းတို့၏ လုပ်ငန်းတာဝန်များကိုလည်း သတ်မှတ်ပေးထားပြီးဖြစ်ပါကြောင်း၊ လွှတ်တော် ကိုယ်စားလှယ်ကြီး ဆွေးနွေးတင်ပြသော ဒေသခံပြည်သူများမှ တင်ပြဆွေးနွေး ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်မည့် အချက်အလက်များကို အများပြည်သူများ သိရှိရန် ထုတ်ပြန်နိုင်ရေးအတွက်ကိုလည်း သက်ဆိုင်ရာမြို့နယ် အဆင့်အထိ ကော်မတီများ သို့ ညွှန်ကြားနိုင်ရန် နိုင်ငံတော်သမ္မတရုံးသို့ တင်ပြဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။