(ခ)-အစိုးရဝန်ကြီးဌာနများ၏ဘတ်ဂျက်ခွဲဝေချထား ရာ တွင်၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် မှ စ၍အမှန်တ ကယ် ဒေသပေါက်ဈေးနှင့်အညီ တွက်ချက်ခွဲဝေချ ထားပေးရန်အစီစဉ်ရှိ၊မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၂၃) ရက်မြောက်နေ့ (၃၀.၈.၂၀၁၆)

မေးခွန်း အကြောင်းအရာ 

u kyaw htayမြန်မာနိုင်ငံသည် ပထဝီအနေအထားအရ တောင်ပေါ်မြေပြန့်၊ ကုန်းကြောင်း၊ ရေကြောင်း တစ်နေရာနှင့် တစ်နေရာ လမ်းပန်းဆက်သွယ်ရေးအခြေအနေများစွာ ကွာခြားလျက်ရှိနေသကဲ့သို့ ဒေသတစ်ခုနှင့်တစ်ခု ကုန်ဈေးနှုန်း၊ ဒေ သပေါက်ဈေးနှုန်း ထားမှာလည်း အလွန်ကွာခြားလျက် ရှိနေပါကြောင်း၊ သို့သော် နိုင်ငံတော်အစိုးရဝန်ကြီးဌာနများမှ ဆောင်ရွက်လျက်ရှိသည့် ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် ခွဲဝေချထားပေး သည့် ငွေလုံးငွေရင်း အသုံး စရိတ်များကို လေ့လာရာတွင် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အထိ ခွင့်ပြုငွေပမာဏ တစ်နိုင်ငံလုံး တစ်ပြေးညီ ဖြစ်နေသည်ကို လုပ်ငန်းအမျိုးအစားအလိုက် ဒေသပေါက်ဈေးအဖြစ် ခွဲဝေချထားပေးခြင်းမျိုးမဟုတ်ဘဲ မတူညီသည့်ဒေသ များ တွင် တန်းတူခွင့်ပြုငွေချပေးခြင်းအားဖြင့် လုပ်ငန်း အရည်အသွေး မညီမျှမှုများ ဖြစ်ပေါ်နေ သည်ကို တွေ့ရှိ ရပါကြောင်း၊ အခြားသောဈေးနှုန်း မတူညီမျှမှုများကြောင့် လုပ်ငန်းများကို သတ်မှတ်စံချိန် စံညွှန်းပြည့် မီအောင် ဆောင်ရွက် သည့် နေရာတွင် မလုံလောက်သည့် နေရာဒေသများရှိသကဲ့သို့ ဘဏ္ဍာငွေပိုလျှံသည့် နေရာများလည်း များစွာရှိနိုင်ပါကြောင်း၊ ထို့နောက် မြို့တစ်ခု တည်းတွင် လုပ်ငန်းအမျိုးအစား အတိုင်းအတာပမာဏ တူနေပြီး ဝန်ကြီးဌာန တစ်ခုနှင့်တစ်ခု မတူညီသည်မှာ ပိုပြီးဆိုးပါကြောင်း၊ ထို့ကြောင့် လုပ်ငန်းများကို သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ တစ်နိုင်ငံလုံးတစ်ပြေးညီ ကြပ်မတ်ဆောင်ရွက်နိုင်ရန်နှင့် တိုင်းပြည်၏ ဘဏ္ဍာငွေကို အလေအလွင့် မရှိစေဘဲ စနစ်တကျ သုံးစွဲနိုင်ရန် ရည်ရွယ်ပြီး အစိုးရဝန်ကြီးဌာနများ၏ ဘတ်ဂျက်ခွဲဝေချထားရာတွင် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှစ၍ အမှန်တကယ် ဒေသပေါက်ဈေးနှင့်အညီ တွက်ချက်ခွဲဝေချထားပေးရန် အစီအစဉ်ရှိ/မရှိ သိရှိ လိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ
ဖြေကြားချက် 

mg mg winဝန်ကြီးဌာနများကို ဘတ်ဂျက်ခွဲဝေချထားခြင်းနှင့်စပ်လျဉ်းပြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန အနေဖြင့် ဘတ်ဂျက်ရေးဆွဲရာတွင် ယခင်က သမားရိုးကျ နှစ်စဉ်တိုးမြှင့်လျာထားလာသည့် ပုံစံများအစား ကမ္ဘာ့နိုင်ငံအများစုတွင် ကျင့်သုံးနေကြပြီဖြစ်သော မူဝါဒကို အခြေခံဘတ်ဂျက် ရေးဆွဲခြင်း (Policy based budgting) ဖြစ်စေရန်အတွက် ကမ္ဘာ့ဘဏ်နည်းပညာအကူအညီများဖြင့် နှစ်လတ်ဘဏ္ဍာရေးမူဘောင် တည်ဆောက်ပြီး ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်မှစပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယင်းမူဘောင်အရ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် ပြည်ပအကူအညီရငွေနှင့် ပြည်ပချေးငွေများမပါသည့် သာမန်အသုံးစရိတ်ဘောင်များကို ဝန်ကြီးဌာနအလိုက် သတ်မှတ်ပေး ခဲ့ပါကြောင်း၊ ပြည်ပအကူအညီရငွေနှင့် ချေးငွေမပါသော ငွေလုံးငွေရင်း အသုံးစရိတ်ဘောင်များကိုလည်း ဝန်ကြီးဌာနအလိုက် သတ်မှတ်ပေးခဲ့ပါကြောင်း၊

သတ်မှတ်ပေးထားသော အသုံးစရိတ်ဘောင်များကို အခြေခံပြီး ပြည်ထောင်စုဝန်ကြီးဌာနများက မိမိတို့၏ ဘတ်ဂျက်ကို ရေးဆွဲရပါကြောင်း၊ ရေးဆွဲပြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနကို ပို့ရပါကြောင်း၊ သက်ဆိုင်ရာ ဝန်ကြီးဌာန များမှ ပေးပို့လာသည့် ဘတ်ဂျက်ကို သာမန်အသုံးစရိတ်များကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက စစ်ပါကြောင်း၊ ငွေလုံးငွေရင်းအသုံးစရိတ်များကို ဆောက်လုပ်ရေးလုပ်ငန်းစိစစ်ညှိနှိုင်းရေးအဖွဲ့ (ငွေလုံး ငွေရင်း) ကော်မတီ၊ စက်ပစ္စည်းကြီးကြပ်မှုကော်မတီ၊ တည်ဆောက်ရေး လုပ်ငန်းစိစစ်ရေးကြီးကြပ်မှုကော်မတီ စသဖြင့် ကော်မတီ သုံးရပ် ဖွဲ့စည်းထားပါကြောင်း၊ ယင်းကော်မတီများက အသီးသီးရေးဆွဲ တင်ပြလာသော ဘတ်ဂျက်များကို စိစစ်ပြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒုတိယသမ္မတ၊ ဘဏ္ဍာရေးကော်မရှင် စသည်ဖြင့် အဆင့်ဆင့်ဆက်ပြီး တင်ပြရပါကြောင်း၊ အလားတူပင် တိုင်းဒေသကြီး/ပြည်နယ် အသီးသီးတွင် လည်း ပြည်ထောင် စုက ထောက်ပံ့ပေးရမည့်ငွေကို နှစ်လတ် ဘဏ္ဍာရေးမူဘောင်အရလည်း စုစုပေါင်း ညွှန်းကိန်းခြောက်ခုနှင့် တွက်ချက်ပြီး သတ်မှတ်ပေးပါကြောင်း၊

တိုင်းဒေသကြီး/ပြည်နယ်အရအသုံးများတွင် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အဆင့် ဌာနအဖွဲ့အစည်းများက ဘတ်ဂျက်ကို ဦးစွာရေးဆွဲပြီး တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့ကတစ်ဆင့် ပြည်ထောင်စု ကထောက်ပံ့ပေးနိုင်မည့် ထောက်ပံ့ငွေဘောင် အတွင်းရှိ/မရှိ စိစစ်သုံးသပ်ပြီး သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော်သို့ တင်ပြပြီး ပြည်ထောင်စုစီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနကို တင်ပြပါကြောင်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကတစ်ဆင့် ဒုတိယသမ္မတထံ တင်ပြ ရပါကြောင်း၊ ဒုတိယသမ္မတက စိစစ်ပြီး ဘဏ္ဍာရေးကော်မရှင်၊ ထောက်ခံတင်ပြချက်နှင့်အတူ အစိုးရအဖွဲ့၊ ပြည်ထောင်စုလွှတ်တော်စသည်ဖြင့် အဆင့်ဆင့် တင်ပြပြီး ပြည်ထောင်စု လွှတ်တော်မှ ပြည်ထောင်စု ဘတ်ဂျက်ကို အတည်ပြုပြီး သည့်အခါ တိုင်းဒေသကြီး/ပြည်နယ်ဘတ်ဂျက်ကိုလည်း တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်များက ဆက်လက် အတည်ပြုဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ ဘတ်ဂျက်များကို ရေးဆွဲသည့်နေရာတွင် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ သည် လည်းကောင်း၊ တိုင်းဒေ သကြီး/ပြည်နယ်အဆင့် အဖွဲ့အစည်းများသည်လည်းကောင်း မိမိတို့ အကောင်အထည်ဖော် ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းများအတွက် ငွေလုံးငွေရင်းအသုံးစရိတ်များနှင့် ပတ်သက်ပြီး ဒေသပေါက်ဈေးနှုန်းနှင့် တွက်ချက်ကာ သက်ဆိုင်ရာ ဝန်ကြီးဌာန၏ အတည်ပြုချက်နှင့် ဘတ်ဂျက်ကို လျာထားရေးဆွဲနိုင်မည်ဖြစ်ပါကြောင်း၊ အဆိုပြုတင်ပြနိုင်ပါကြောင်း၊ သက်ဆိုင်ရာကော်မတီများက စိစစ်သည့်အခါတွင် တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များက ထောက်ခံ ထားသည့် ဒေသန္တရဈေးနှုန်း များကို အသုံးပြုပြီး စိစစ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ ဘတ်ဂျက်ခွဲဝေချထားရာတွင် ဌာနအဖွဲ့အစည်းများသည် ဒေသဈေးနှုန်းများဖြင့် လျာထားတွက်ချက် တင်ပြလာပါက  သက်ဆိုင်ရာကော်မတီများက စိစစ်ပြီးခွဲဝေချထားပေးလျက်ရှိပါကြောင်းနှင့် ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများ၊ သက်ဆိုင်ရာ ကော်မတီများသို့လည်း ထပ်မံအသိပေးအကြောင်းကြား၍ ဆောင်ရွက်မည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။