မေးခွန်း အကြောင်းအရာ
တောင်ကုတ်မြို့နယ်သည် တောင်ကုတ်ချောင်း၏ တောင်ဘက်တွင်ရှိသည့်မြို့ဖြစ်ပါကြောင်း၊ မြို့၏ တစ်ဘက်ကမ်းတွင် ကိုင်းရှည်ရွာနှင့် ရွာချင်းနီးစပ်နေသည့် နက်မော်ရွာတည်ရှိပါကြောင်း၊ နက်မော်ရွာ သည် အိမ်ခြေ ၅၀၀ ခန့် နေထိုင်ပြီး ကိုင်းရှည်ရွာ သည် အိမ်ခြေ ၁၀၀၀ ကျော်နေထိုင်လျက် ရှိပါကြောင်း၊ ကိုင်းရှည်ရွာတွင် တောင်ကုတ်ကောလိပ် ဖွင့်လှစ်ထားရှိပြီး တောင်ကုတ်မြို့နှင့် တံတား တစ်စင်းသာ ခြားထားသောရွာကြီးတစ်ရွာဖြစ်ပါကြောင်း၊ ၎င်းရွာနှစ်ရွာသည် နှစ်စဉ်နှ စ်တိုင်း တောင်ကုတ်ချောင်း၏ ရေကြီးရေလျှံမှုများကြောင့် ချောင်းကမ်းပါးပြိုကျနေမှုများနှင့် ရင်ဆိုင်နေရ သောကြောင့် မိမိတို့ဒေသခံများသည် အိုးမဲ့အိမ်မဲ့ဘဝကို ကြုံတွေ့ခံစားခဲ့ကြရပါကြောင်း၊ သဘာဝ ဘေးများကြောင့် ဘာသာရေးဆိုင်ရာ သာသနိကအဆောက်အဦ သိမ်ကျောင်းများလည်း ပြောင်းရွှေ့ပြေးကြရသည်အထိ ယခင်နှစ်များက ဖြစ်ခဲ့ပါကြောင်း၊ ၁၁-၆-၂၀၁၆ ရက်နေ့က ဖြစ်ပွား ခဲ့သော ရေကြီးရေ လျှံမှုများကြောင့် ထိုရွာနှစ်ရွာတွင် ချောင်းကမ်းပါးပြိုကျနေမှုများများသည် ဆက်လက်ဖြစ်ပွားပြီး ချောင်းနှင့်အနီးစပ်ဆုံးနေထိုင်သူများသည် နီးစပ်ရာအိမ်များတွင် ပြောင်းရွှေ့ နေထိုင်ခဲ့ကြရပါကြောင်း၊
ထို့ကြောင့် တောင်ကုတ်မြို့နယ် အတွင်းရှိ ကိုင်းရှည်ကျေးရွာနှင့် နတ်မော်ကျေးရွာအတွင်း ချောင်းကမ်းပါးပြိုကျနေမှုများနှင့် ပတ်သက်ပြီး ကမ်းထိန်းနံရံပြုလုပ်ပေးနိုင်ရန် အစီအစဉ် ရှိ/မရှိ၊ ရှိမည်ဆိုပါက မည်သည့် အချိန်တွင် ပြုလုပ်ပေး မည်နှင့် မရှိပါက မည်သည့်အတွက်ကြောင့် ဖြစ်သည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။
တောင်ကုတ်မြို့နယ်အတွင်းရှိ ကိုင်းရှည်ကျေးရွာနှင့် နက်မော်ကျေးရွာတို့ရှိ ချောင်းကမ်းပါး ပြိုကျနေမှုကို ကာကွယ်သည့်လုပ်ငန်းအတွက် ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရရန်ပုံငွေ၌ ပါဝင်ထားခြင်း မရှိသေးပါကြောင်းနှင့် ကွင်းဆင်းတိုင်းတာစစ်ဆေးမှုများ ပြုလုပ်ရန် လိုအပ်မည်ဖြစ်ပြီး ဆောင်ရွက်သင့်သည်လုပ်ငန်းဖြစ်ပါက ၂၀၁၆-၂၀၁၇ ခုနှစ် ပြည်နယ် အစိုးရအဖွဲ့ ဖြည့်စွက်ရန်ပုံငွေ၌ ထည့်သွင်းလျာထားပြီး ရန်ပုံငွေရရှိမှုအပေါ်မူတည်ပြီး ဦးစားပေး အစီအစဉ်အလိုက် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
