(ဂ)-ဂွမြို့နှင့်မကျီးငူကျေးရွာကြားချောင်းကိုတံတား ထိုးပေးရန်အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၂၂) ရက်မြောက်နေ့ (၂၉.၈.၂၀၁၆)

မေးခွန်း အကြောင်းအရာ 

myint ngweဂွမြို့နှင့် မကျီးငူကျေးရွာကြား ပင်လယ်ဝ ချောင်းသည် ပေ ၁၁၀၀ ကျယ်ဝန်းပါကြောင်း၊ ပင်လယ်ဝ ဖြစ်သည့်အတွက် လှိုင်းကြီးပြီး ယခုလို မိုးတွင်းကာလတွင် လှိုင်းကြီးသည့်အတွက် အင်မတန် အန္တရာယ်များပါကြောင်း၊ ၎င်းချောင်းကို တရုတ်နီ ၇ ပေါင် ၁ မတ် စက်တပ်ထားသည့် ပဲ့ထောင် လှေဖြင့် ကူးနေရခြင်းဖြစ်ပါကြောင်း၊ ချောင်း၏တစ်ဖက်ကမ်းတွင် ကျေးရွာအုပ်စု လေးစု၊ ကျေးရွာ ပေါင်း ၂၅ ရွာ၊ အိမ်ခြေ ၃၂၈၂ အိမ်နှင့် လူဦးရေ ၁၄၁၈၂ ဦး နေထိုင်ပါကြောင်း၊ တံတားထိုးပေးမည်ဆိုပါက ကမ်းခြေ ပတ်လမ်းတစ်ခုရှိပြီး ဂွ-ငသိုင်းချောင်းလမ်းထက် ခရီးမိုင်ပိုတိုသည့် အကွေ့အဝိုက်၊ အတက် အဆင်း မရှိသည့် မြေပြင်ကမ်းခြေ ပတ်လမ်းတစ်ခု ရလာနိုင်ပြီး ကမ်းခြေလုံခြုံရေး၊ နိုင်ငံလုံခြုံရေးကို လည်း အထောက်အကူဖြစ် လာမည်ဖြစ်ပါကြောင်း၊ ချောင်း၏တစ်ဖက်ကမ်း ကမ်းသာယာ၊ ချောင်းသာ ၊ ငွေဆောင်တို့ကြားတွင်ရှိပြီး ၎င်းဒေသများနှင့် တစ်ဆက်တစ်စပ်တည်းဖြစ်၍ ဟိုတယ်ခရီးလုပ်ရာတွင် အင်မတန်မှ သင့်တော်သည့် ဒေသဖြစ်ပါကြောင်း၊ ဟိုတယ်ခရီးလုပ်ငန်းဖြစ်လာမည်ဆိုရင် ဒေသဖွံ့ဖြိုး ရေး ကို အထောက် အကူဖြစ်ပြီး ဒေသလည်းဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ၎င်းချောင်း ကို တံတားထိုးပေးရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိမည်ဆိုပါက မည်သည့်အချိန်တွင် တံတားထိုးပေး၍ အစီအစဉ်မရှိပါက မည်သည့်အတွက်ကြောင့်ဆိုသည်ကို သိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဒုတိယဝန်ကြီး ဒေါက်တာထွန်းဝင်း
အဖြေ
ဖြေကြားချက် 

tun winရခိုင်ပြည်နယ်၊ ဂွ မြို့နယ်နှင့် မကျီးငူကျေးရွာ ဆက်သွယ်သည့် ဂွချောင်းကူးတံတားသည် ဂွမြို့နယ် ၏ အနောက်ဘက်တွင် တည်ရှိပြီး ကွန်ကရစ်တံတားတစ်စင်းအဖြစ် တည်ဆောက်မည်ဆိုပါက ပေ ၁၂၀၀ အရှည် တည်ဆောက်ရ မည်ဖြစ်ပါကြောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ သတ်မှတ်ချက်ဖြစ်သည့် ချောင်းကူးတံတား အရှည်ပေ ၃၀၀ အထက်ရှိသည့် တံတားကြီးဖြစ်ပါသဖြင့် အသေးစိတ်ကွင်းဆင်းပြီး Soil Test ပြုလုပ်၍့ နည်းပညာ ကျွမ်းကျင် သည့် အင်ဂျင်နီယာများနှင့် Structure Design တွက်ချက်ရန် လိုအပ်မည်ဖြစ်ပါကြောင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး  ဦးစီးဌာနအနေဖြင့် တံတားတည်ဆောက်ရေးအတွက် တံတားအထူးအဖွဲ့နှင့် အထောက် အကူပြုပစ္စည်းများ မရှိသောကြောင့် ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက် ရမည်ပြီး လတ်တ လော ဆောင်ရွက်ပေးနိုင်ခြင်းမရှိသေးပါကြောင်း ပြန်လည်ဖြေကြားအပ်ခဲ့ပါသည်။