(ဂ)-ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အနေဖြင့် အကျဉ်းသား အကျဉ်းသူများအား ကြီးကြပ် ကူ ညီစောင့်ရှောက်မည့်ကော်မတီများဖွဲ့စည်းပေးနိုင်ခြင်း ရှိ၊မရှိသိလိုခြင်း နှင့် စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၂၁) ရက်မြောက်နေ့ (၂၆.၈.၂၀၁၆)

မေးခွန်း အကြောင်းအရာ 

u win myint aungဦးစီးဌာနတို့ပူးပေါင်းပြီး ကြီးကြပ်ကွပ်ကဲကူညီစောင့်ရှောက်သည့် အဖွဲ့များကို ဖွဲ့စည်းခဲ့ကြပြီး အကျဉ်းသားများကို စောင့်ရှောက်ခဲ့ကြပါကြောင်း၊ သို့သော်လည်း ထောင်အတွင်း ဖြစ်တတ်သည့် အလေ့အထများမှာ ကျွေးမွေးသည့် အစားအသောက်များ သည် ကောင်းမွန်ခြင်း ရှိ/မရှိနှင့် လုံလောက်ခြင်းရှိ/မရှိ စသည်များကို အများသိရှိရန်လိုအပ်ပါကြောင်း၊ ထို့နောက် ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသား/သူများ၏ မိသားစုများ လာရောက်တွေ့ဆုံသည့်အခါတွင် အဆင်ပြေမှုရှိ/မရှိ၊ အကျဉ်းသူ/ သားများကို ထောင် ပိုင်ထောင်မှူးများမှ တစ်ပတ်တစ်ကြိမ် တွေ့ဆုံ၍ အခက်အခဲများကို တင်ပြစေနိုင်ရန်နှင့် အယူခံလျှောက်ထားရန် လိုအပ်သော အကျဉ်းသားအသစ်များအား ကူညီရန် အကျဉ်းသူ/သားများမှ အရေးတကြီးတင်ပြ ဆောင်ရွက်ရန်ရှိပါက တင်ပြနိုင်ရန်အတွက် အကျဉ်းထောင်တွင်လည်း သီးသန့်တာဝန်ပေးထားသည့် ပုဂ္ဂိုလ်များရှိရန် လိုအပ်ပါကြောင်း၊ အကျဉ်းထောင်များတွင် အကျဉ်းသားများသည် ဥပဒေအရ ရပိုင်ခွင့်များ ကို ငွေဖြင့်လဲလှယ် ဝယ်ယူနေရသည်များလည်း မိမိတို့တွေ့ရှိရပါကြောင်း၊ ထို့နောက် သက်တောင့်သက်သာ နေရရန်အတွက်လည်း ငွေပေးခဲ့ရခြင်းများ၊ ထောင်အပြင်ဘက်တွင် ထွက်ပြီးထောင်အပြင် အလုပ်ကွက်ကို လုပ်ရန် အတွက် ပိုက်ဆံပေးခဲ့ရခြင်းများ ဆက်စပ်သလို လာဘ်ပေးလာဘ်ယူများလည်း ရှိခဲ့ပါကြောင်း၊ အကျဉ်းထောင်အတွင်း လာဘ်ပေးလာဘ်ယူမှုများ သည် ခွဲခြားဆက်ဆံမှုများ ဖြစ်လာပြီး ထောင်အတွင်း မကျေနပ်မှုများဖြစ်သည့် အလေ့အထ များ ဖြစ်ပေါ်လာတတ်ပါကြောင်း၊ အုပ်စုဖွဲ့ပြီး အကျဉ်းသား အချင်းချင်း အနိုင်ကျင့်ခြင်းများလည်း ဖြစ်လာတတ်ပါကြောင်း၊ အလုပ်လုပ်ရသည့်  အကျဉ်းသားများမှာလည်း ထိုက် ထိုက်တန်တန် လုပ်အားခရရှိစေရန်၊ နေပူဒဏ်ပြင်းထန်သည့် အချိန်ကာလများတွင် နေ့လယ်ပိုင်းကို အလုပ်နားရရန်အတွက်လည်း လိုအပ်ပါကြောင်း၊ ကျန်းမာရေးစောင့်ရှောက်မှုအတွက် အကျဉ်းထောင်တိုင်းများတွင် ဆရာဝန်များ၊ သူနာပြုများ လိုအပ်ပါကြောင်း၊ မိမိ တို့တွေ့ကြုံခဲ့စဉ်အချိန် မရှိခဲ့ ပါကြောင်း၊ အစားအသောက်၊ သောက်သုံးရေများကိုလည်း စစ်ဆေးကြည်‌့ရှုရန်လည်း လိုအပ်ပါကြောင်း၊ ယခုနှစ် မေလဆန်းပိုင်းတွင် ဘားအံတောင် ကလေးကျင်းတောင် မှ ရေမလုံ‌လောက်သည့် သတင်းကို ကြားရသည့်အခါတွင် စိတ် မကောင်းဖြစ်မိပါကြောင်း၊ အကျဉ်းထောင်ဝန်ထမ်းများနှင့် အကျဉ်းသား/သူတို့ ပူးပေါင်းပြီး ဥပဒေအရကန့်သတ်တားမြစ်ထားသည့် ပစ္စည်းများပေးခြင်းကို ထိန်းသိမ်း ရပါကြောင်း၊ ယခုလို ထိန်းသိမ်း သည့်ကြား ထဲက မေလ ပိုင်းထဲ တွင် မော်လမြိုင်အကျဉ်းထောင်မှ မူးယစ်ဆေးဝါးသွင်းနေသည်ဟု သံသယရှိပါသဖြင့် သက်ဆိုင်ရာမှ ဝင်ရောက်စစ်ဆေး ခဲ့ခြင်းများ ကို ဆောင်ရွက် ခဲ့ပါကြောင်း၊ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အနေဖြင့် အကျဉ်းသား/သူများ အား ကြီးကြပ်ကူညီ စောင့်ရှောက်မည့် ကော်မတီများ ဖွဲ့ စည်းပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဒုတိယဝန်ကြီးဗိုလ်ချုပ်အောင်စိုး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ
ဖြေကြားချက် 

gen aung soeပြည်ထဲရေးဝန်ကြီးဌာန၊ အကျဉ်းဦးစီးဌာနတွင် လက်ရှိကိုင်တွယ် ကျင့်သုံးလျက်ရှိသည့် ၁၈၉၄ ခုနှစ်၊ အကျဉ်းထောင်များ လက်စွဲအပိုင်း(၁)၊ အခန်း ၄၊ အပိုဒ် ၂၄ နှင့် အပိုဒ် ၂၆ တို့တွင် အကျဉ်းထောင် ပြင်ပ ဧည့်သည်များနှင့် ပတ်သက်၍ ပြဋ္ဌာန်းပါရှိပါကြောင်း၊ ဧည်‌့သည်များ အဖွဲ့၏ လုပ်ငန်းတာဝန်များ၊ အကျဉ်းထောင် အုပ်ချုပ်ရေးစနစ် ပိုမိုကောင်းမွန်စေရန် ရည်ရွယ်ထားသော်လည်း လက်တွေ့တွင် အကျဉ်းထောင် အာဏာပိုင်အဖွဲ့အစည်းများ၏ အုပ်ချုပ်မှုကို အကျဉ်းသားများ နာခံလိုစိတ်နည်းပါး လာ ပြီး ပြဿနာအသေးအဖွဲများကို ဧည့်သည်အဖွဲ့နှင့်တွေ့ပြီး တင်ပြမှုအခြေအနေများဖြစ်ပေါ် လာခဲ့ပါကြောင်း၊ အကျဉ်းထောင်အာဏာပိုင် အဖွဲ့အစည်းပေါ်တွင် အကြပ်ကိုင်မှု၊ မခန့်မလေးစားပြုလုပ်မှု၊ စည်းကမ်းဖောက်ဖျက်မှုများ တဖြည်းဖြည်းများပြားလာခဲ့ပြီး ဆူပူမှု၊ အကြမ်းဖက်မှု၊  ဖောက်ဖျက်မှု၊ ပုန်ကန်မှုများအထိ ဖြစ်ပေါ်လာခဲ့သည့်အတွက် ၁၉၇၅ ခုနှစ်တွင် ပြင်ပအဖွဲ့များ ထားရှိမှုအပေါ် ရပ်ဆိုင်းခဲ့ ကြောင်း တွေ့ရှိရပါသည်။ ထိုကဲ့သို့ အကျဉ်းထောင်များသို့ ပြင်ပဧည့်သည်များထားရှိမှုကို ရပ်ဆိုင်းခဲ့ သော်လည်း ယနေ့အထိ အကျဉ်းထောင်ဧည့်သည်များဖြစ်သည့် ခရိုင်မြို့နယ်အဆင့် အုပ်ချုပ်ရေးမှူးများ၊ သက်ဆိုင်ရာ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ တရားသူကြီးချုပ်၊ တိုင်းဒေသကြီးပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်၊ သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်တရားသူကြီးများ၊ သက်ဆိုင်ရာ ခရိုင်တရားသူကြီးနှင့် တရားသူကြီးချုပ်များ၊ သက်ဆိုင်ရာရဲတပ်ဖွဲ့မှူးရုံးများ၊ သက်ဆိုင်ရာဆေးရုံများမှ ဆရာဝန်များ၊ ကြက်ခြေနီအသင်းဝင်များ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များစသည့် သက်ဆိုင်ရာ အကျဉ်းထောင်များသို့ လစဉ်သို့မဟုတ် သင့်လျော်သည့် အချိန်များတွင် ဝင်ရောက်ကြည့်ရှု၍ အကျဉ်းသား/သူများ၏ အခက်အခဲများကို ဖြေရှင်းပေးခြင်း၊ နှစ်သိမ့်ဆွေးနွေး အကြံပေးခြင်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ အကျဉ်းသား/သူများ၏ မိသားစုဆွေမျိုးများထံ ပေးပို့လိုသည့် စာများကိုလည်း လိပ်စာအတိုင်းပေးပို့ခြင်း၊ ကျန်း မာရေးစောင့်ရှောက်ပေးခြင်း လုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ထို့အပြင် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီများမှလည်း မြန်မာနိုင်ငံတွင် ရှိသည့်အကျဉ်းထောင်များကို လေ့လာကြည်‌့ရှုမှုနှင့် ပတ်သက်ပြီး လက်မှတ်ရေးထိုး ထားခြင်းမရှိသော်လည်း အပြန်အလှန်နားလည်မှု၊ ယုံကြည်မှုတို့ တည်ဆောက်ပြီး ၆-၅-၁၉၉၆ ရက်နေ့တွင် အင်းစိန်ဗိုလ်အကျဉ်းထောင်သို့ စတင်ဝင်ရောက် လေ့လာခွင့်ပြုခဲ့ပါကြောင်း၊ ၁၉၉၉ ခုနှစ်မှ ၂၀၀၉ ခုနှစ်အထိ မြန်မာနိုင်ငံရှိ အကျဉ်းထောင်များသို့ စုစုပေါင်း ၄၀၂ ကြိမ်ဝင်ရောက်ခဲ့ပြီး ဆပ်ပြာ၊ ဆေးဝါး၊ ဆေးပစ္စည်းကိရိယာများ ထောက်ပံ့ခြင်း၊ ရေရရှိရေးနှင့် အထောက်အပံ့များ ပြုပြင်မွမ်းမံခြင်း လုပ်ငန်းအတွက် ငွေကျပ် ၁၇၉ သန်းကျော်တန်ဖိုး ထောက်ပံ့ပေးမှုများလည်း ပြုလုပ်ခဲ့ပါကြောင်း၊

၂၀၀၅ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့နောက်ပိုင်းတွင် မြန်မာနိုင်ငံရှိအကျဉ်းထောင်၊ အကျဉ်းစခန်းများသို့ ICRC ဝင်ရောက်မှုကို ခေတ္တရပ်ဆိုင်းခဲ့ပါကြောင်း၊ ၂၀၁၃ ခုနှစ်အတွင်း အကျဉ်းထောင် ၁၅ ခု စခန်းတစ်ခု ပေါင်း ၁၆ ခုကို စုစုပေါင်း ၁၉ ကြိမ်၊ ၂၀၁၄ ခုနှစ်တွင် အကျဉ်းထောင် ၁၆ ခုနှင့် စခန်း ၈ ခု ပေါင်း ၂၄ ကြိမ် ဝင်ရောက်ခဲ့ပြီး ယခု ၈-၇-၂၀၁၆ ရက်နေ့အထိ အကျဉ်းထောင် ၁၅ ခု အကျဉ်းစခန်း ၁၁ ခု စုစုပေါင်း ၂၆ ခု စုစုပေါင်းအကြိမ် ၄၀ ဝင်ရောက်လေ့လာခဲ့ပြီး ဖြစ်ပါကြောင်း၊ ICRC အကျဉ်းထောင်စခန်းများသို့ ဝင်ရောက်လေ့လာကြည်‌့ရှု၍ ကျန်းမာရေးစောင့်ရှောက်မှုနှင့် သက်ဆိုင်သည်‌့ အချက်များအပါအဝင် အကြံပြုချက်များကိုလည်း ပေးပို့လာသည့်အတွက် သက်ဆိုင်ရာ အကျဉ်းထောင်များမှလည်း အကြံပြုချက်များအပေါ် လိုအပ်ချက်များ ကို ဖြည်‌့ဆည်းဆောင် ရွက် ပေး လျက်ရှိပါကြောင်း၊ ထို့အပြင် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်မှလည်း အကျဉ်းထောင်စခန်းများသို့ ၁၇-၂-၂၀၁၅ ရက်နေ့မှ ၂၁-၆-၂၀၁၆ ရက်နေ့အထိ အကျဉ်းထောင်စခန်း ၂၀ ခုသို့ ဝင်ရောက်စစ်ဆေးမှုများ ပြုလုပ်ခဲ့ပါကြောင်း၊ လူ့အခွင့်အရေးကော် မရှင် အနေဖြင့်လည်း စစ်ဆေးတွေ့ရှိချက်များအရ လိုအပ်ချက်များ၊ အကြံပြုချက်များပေးခဲ့ပြီး အကျဉ်းထောင်စခန်းများမှလည်း ၎င်းတို့၏ အကြံပြုချက်များအပေါ် ပြင်ဆင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အပြင် ၉-၁၁-၂၀၁၃ ရက်နေ့တွင် ပြည်ထောင်စု တရား လွှတ်တော်ချုပ်မှ ညွှန်ကြားချက်အမှတ် (၅/၂၀၁၃) ဖြင့် တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်တရားလွှတ်တော်၊ တရားသူကြီးချုပ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တရားသူကြီးများနှင့် ခရိုင်တရားသူကြီးများသည် သက်ဆိုင်ရာဒေသအတွင်းရှိ အကျဉ်းထောင်စခန်းများ သို့ တစ်လလျှင် တစ်ကြိမ် စစ်ဆေးသွားရန် ညွှန်ကြားခဲ့ပါကြောင်း၊ ထိုသို့ ညွှန်ကြားချက်အရ ၂၃-၁၀-၂၀၁၃ ရက်နေ့မှ ၁၈-၈-၂၀၁၆ ရက်နေ့အထိ သက်ဆိုင်ရာဒေသအတွင်းရှိ အကျဉ်းထောင်စခန်း ၈၀ ခုတို့ ပြည်ထောင်စု တရားလွှတ်တော် တရားသူကြီးချုပ်မှ ၂၁ ကြိမ်၊ တိုင်းဒေသကြီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်မှ ၆၂ ကြိမ်၊ တိုင်းဒေသကြီး၊ ပြည်နယ်တရားသူကြီးမှ ၁၆၂ ကြိမ်၊ ခရိုင်တရားသူကြီးချုပ် ခရိုင်တရားသူကြီးတို့မှ ၁၅၇ ကြိမ် ဝင်ရောက်ကြည်‌့ရှုစစ်ဆေးခဲ့ပြီး အကြံပြုချက်များ ပေးပို့ခဲ့သည့်အတွက် သက်ဆိုင်ရာမှ အကြံပြုချက်များအပေါ် အလေးအနက်ထားပြင်ဆင်ဆောင်ရွက်လျက်ရှိပါကြောင်း၊

ကိုယ်စားလှယ်တော်ကြီး၏ မေးခွန်းတွင်ပါရှိသော ကျွေးမွေးသည့် အစားအသောက်ကောင်းမွန်ခြင်း ရှိ၊မရှိ၊ လုံလောက်မှုရှိ၊ မရှိ လေ့လာရန် အချက်နှင့်ပတ်သက်ပြီး အကျဉ်းထောင်စခန်းများကို ခေတ်နှင့်လျော်ညီစွာ ပြုပြင်ပြောင်းလဲလာရာ အကျဉ်းသား၊ အချုပ်သားများ ၏ စားသောက်မှု ကို ပိုမိုကောင်းမွန်စွာ ကျွေးမွေးနိုင်ရန်အတွက် ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်တွင် အကျဉ်းသား၊ အချုပ်သားတစ်ဦးကို တစ်နေ့ ၆၀၀ ကျပ်နှုန်းနှင့် ရဲဘက်တစ်ဦးကို တစ်နေ့ ၆၂၅ ကျပ်နှုန်းဖြင့် ရိက္ခာတိုးမြှင့်ပါကြောင်း၊ ရက်သတ္တပတ် တစ်ပတ်လျှင် ကုလား ပဲ ၅ ကြိမ်၊ တစ်ကြိမ်တွင် ၇ ကျပ်သားနှုန်းဖြင့်လည်းကောင်း၊ အသား ၂ ကြိမ်၊ တစ်ကြိမ်ကို ၇ ကျပ် သားနှုန်းဖြင့်လည်းကောင်း ကျွေးမွေးလျက်ရှိပါကြောင်း၊ နိုင်ငံတော်မှ မြို့ပေါက်ဈေးဖြင့် သတ်မှတ်ထားသော နှုန်းထားများအတိုင်း ရိက္ခာများ အပြည်‌့အဝရရှိစေရေးကို လည်း အလေးထားကျပ်မတ် ဆောင်ရွက်လျက်ရှိကြောင်း၊

ထို့အပြင် ပြစ်ဒဏ်ကျခံနေရသော အကျဉ်းသား၊ အကျဉ်းသူများကို မိသားစုမှလာရောက်တွေ့ဆုံသည့် အခါ အဆင်ပြေလွယ်ကူမှုရှိစေရန်ဆိုသည့် ဖော်ပြချက်နှင့်စပ်လျဉ်းပြီး လူဦးရေများပြားသော ဗဟိုအကျဉ်းထောင်များတွင် ထောင်ဝင်စာ တွေ့ဆုံသည့်ရက်ကို အ ကျဉ်းသားတွေ့ဆုံရမည်‌့ရက်နှင့် အချုပ်သားတွေ့ဆုံရမည်‌့ရက်ဟု ယခင်ကသတ်မှတ်ခဲ့ပြီး နှစ်ပတ်တစ်ကြိမ် တွေ့ဆုံခွင့်ပြုခဲ့ပါကြောင်း၊ တွေ့ဆုံချိန်ကိုလည်း ၁၅ မိနစ် ခွင်‌့ပြုခဲ့ပါကြောင်း၊ ယခုအခါတွင် ဖြေလျော့မှုစနစ်အရ အကျဉ်းသား တွေ့ဆုံသည့်ရက်နှင့် အချုပ် သားတွေ့ဆုံသည့်ရက်ကို ခွဲခြားခြင်း မပြုတော့ဘဲ တစ်ပတ်တစ်ကြိမ် တွေ့ခွင်‌့ပြုထားပြီးဖြစ်ပါကြောင်း၊ တွေ့ဆုံချိန်ကိုလည်း မိနစ် ၃၀ အထိ တိုးမြှင့်ခွင့်ပြုထားပါကြောင်း၊

မေးခွန်းတွင်ပါရှိသော အကျဉ်းသား၊ အကျဉ်းသူများကို ထောင်ပိုင်၊ ထောင်မှူးများမှ တစ်ပတ်တစ်ကြိမ် တွေ့ဆုံ၍ အခက်အခဲများကို တင်ပြစေရန်နှင့် အယူခံလျှောက်ထားရန် လိုအပ်သော အကျဉ်းသားအသစ်များ ကူညီရန် အကျဉ်းသား၊ အကျဉ်းသူများမှ အရေးတကြီး တင်ပြဆောင်ရွက်ရန် ကိစ္စရှိက တင်ပြနိုင်ရန် အကျဉ်းထောင်အရာရှိငယ်တစ်ဦး တာဝန်ပေးအပ်ရေးနှင့် ပတ်သက်ပြီး အကျဉ်းထောင်စခန်းများတွင် တာဝန်ခံအရာရှိသည် တနင်္လာနေ့တိုင်း အပတ်စဉ် အကျဉ်းသားများကို ကြည့်ရှုစစ်ဆေးရန် အကျဉ်းထောင် လက်စွဲအပိုဒ်(၅၁) တွင် ပြဋ္ဌာန်းထားရှိပြီး ပြဋ္ဌာန်းချက်နှင့်အညီ အကျဉ်းထောင်စခန်းတာဝန်ခံများတွင်လည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ထို့သို့ တနင်္လာနေ့ အပတ်စဉ် အကျဉ်းသားအကျဉ်းသူများကို တွေ့ဆုံခြင်းပြုရာတွင် အကျဉ်းသားတစ်ဦးစီ၏ အဝတ်အစား၊ အိပ်ယာနှင့် အသုံးအဆောင်ပစ္စည်းများ လုံလောက်မှု ရှိ၊မရှိ၊ သန့်ရှင်းစင်ကြယ်မှု ရှိ၊မရှိ၊ အကျဉ်းထောင်မှ သတ်မှတ်ထားသော အထွေထွေစည်းကမ်းချက်များ၊ ညွှန်ကြားချက်များကို အကျဉ်းသား၊ အချုပ်သားများ လိုက်နာမှု ရှိ၊မရှိ၊ ကျန်းမာရေးချို့တဲ့ မှုကြောင့် သတ်မှတ်ထားသောအလုပ်ကို လုပ်ကိုင်နိုင်ခြင်းရှိ၊မရှိ စဉ်းစားပေးခြင်း၊ ပေါ့ပါးသော အလုပ်တာဝန်ပေးခြင်းများ ပြောင်းရွေ့ချထားခြင်းရှိ၊မရှိ၊ အကျဉ်းသားများကို ဝန်ထမ်းများမှသော်လည်းကောင်း၊ အကျဉ်းသား အချင်းချင်းသော်လည်းကောင်း ပြုမူဆက်ဆံ မှုများ အနိုင်အထက်ပြုမှုများ ခံစားနေရသော မကျေနပ်ချက်များကို အကျဉ်းသား ကိုယ်တိုင် တာဝန်ခံအရာရှိထံ တင်ပြနိုင်စေရန် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊

ထို့အပြင် ၎င်းတို့၏ ပြစ်မှုဆိုင်ရာအယူခံများ၊ အသနားခံစာများ ဆောင်ရွက်ပေးရမည့် အခြေအနေများနှင့် ပတ်သက်ပြီးလည်း လုပ်ဆောင်ပေးမှုများကို ပြဋ္ဌာန်းထားသည့် ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီး မှတ်တမ်းစာအုပ်တွင် ရေးသွင်း၍ တာဝန်ခံအရာရှိမှ လက်မှတ်ရေးထိုးပြီး တာဝန်ရှိသူများ လာရောက်စစ်ဆေးစဉ်တွင်လည်း စနစ်တကျစစ်ဆေးခံလျက်ရှိပါကြောင်း၊ ထို့အပြင် အကျဉ်းထောင်ထဲ အတွင်းရှိ အိပ်ဆောင်များတွင် သောက်သုံးရေနှင့် ချိုးရေများ ပြည့်စုံလုံလောက်မှုရှိ၊မရှိနှင့် သန့်ရှင်းမှုရှိ၊မရှိ ဆောင်ရွက်မှု အစီအမံများကို စစ်ဆေးကြည့်ရှုရပါကြောင်း၊ အကျဉ်းသားလူသစ်များ  အကျဉ်းထောင်သို့ ရောက်ရှိသည့်အချိန်တွင် ကျန်းမာရေးစစ်ဆေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်ပေးခြင်းများ ဆောင်ရွက်ပေးသည့်အပြင် ချမှတ်ခြင်းခံရသည့် ပြစ်မှု၊ ပြစ်ဒဏ်နှင့် ပတ်သက်ပြီး သဘောရိုးကျေ နပ်မှု မရှိပါက မေးမြန်းပြီး အကျဉ်းထောင်မှတရာရုံးသို့ အယူခံတင်သွင်းခြင်းကိုလည်း ဆောင်ရွက်ပေးနိုင်ရန် အရာရှိငယ်တစ်ဦး၊ ထောင်ကျရုံးထောင်မှူးတစ်ဦးကို တာဝန်ပေးအပ်ပြီး ပြဋ္ဌာန်းချက်နှင့်အညီ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အကျဉ်းသားများသည် ရပိုင်ခွင့်များကို ငွေနှင့်ဝယ်ယူရသည့်ဆိုသော ဖော်ပြချက်နှင့်စပ်လျဉ်း၍ ဥပဒေက ရပိုင်ခွင့်များအတွက် ငွေနှင့် ဝယ်ယူနိုင်ရေးအတွက် ဥပဒေပြဋ္ဌာန်း ခြင်း၊ ညွှန်ကြားချက် ထုတ်ပြန်ခြင်းများမရှိဘဲ ဥပဒေနှင့်အညီ လိုအပ်ချက် များ ဆောင်ရွက်ပေး ရန်သာ ပြဋ္ဌာန်းပြီး ဥပဒေနှင့်အညီ မဆောင်ရွက်ပါက ပြစ်မှုကျူးလွန်သူကို ဥပဒေအရ အရေးယူဆောင်ရွက်လျက် ရှိပါကြောင်း၊ မည်သည့်ဝန်ထမ်းအား မည်သည့်အချိန်တွင် ဆောင်ရွက်ပေးရသည်၊ ငွေမည်မျှပေးရ သည်ကို တိကျစွာ တိုင်ကြားပါက အဖွဲ့ဖွဲ့စုံစမ်း စစ်ဆေးမှုများပြုလုပ်ပြီး ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ထိုသို့ ဆောင်ရွက်နိုင်ရန်အတွက်လည်း လာဘ်ပေးလာဘ်ယူပြုလုပ်၍ အကျဉ်းသားအချင်းချင်း ခွဲခြားဆက်ဆံမှုမပြုနိုင်ရန် ပြဋ္ဌာန်းထားသော ဥပဒေနှင့် ဆန့်ကျင်သော လုပ်ဆောင်မှု များ ပြုလုပ်ပါက အလွယ်တကူတိုင်ကြားနိုင်ရန်အတွက် ညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးနှင့် တာဝန်ခံအရာရှိတို့ထံ တိုင်ကြားနိုင်ကြောင်း ဖုန်းနံပါတ်များ ဖော်ပြထားသည့် ဆိုင်းဘုတ်များကိုလည်း အကျဉ်းသားအကျဉ်းသူများနှင့် မိသားစုဝင်များ မြင်သာသည့် အကျဉ်းထောင်အဝင်ဝများတွင် စိုက်ထူချိတ်ဆွဲထားပါကြောင်း၊

ထို့အပြင် အကျဉ်းသားအချင်းချင်း အုပ်စုဖွဲ့ အနိုင်ကျင့်မှုမျိုးမရှိစေရန်ဆိုသည့် ဖော်ပြချက်နှင့်စပ်လျဉ်းပြီး အကျဉ်းထောင်၊ အကျဉ်းစခန်းများတွင် အကျဉ်းသားအချင်းချင်းအုပ်စုဖွဲ့ခြင်း၊ တစ်ဦးနှင့်တစ်ဦး အနိုင်ကျင့်ခြင်းများ မရှိစေရန် ဥပဒေပြဋ္ဌာန်း ချက်များ ပြဋ္ဌာန်းထားရှိသည့်အပြင် ပြစ်မှုများတစ်စုံ တစ်ရာကျူးလွန်ပါက တာဝန်ခံအရာရှိမှစစ်ဆေးလျက် ပြစ်ဒဏ်များစီရင်နိုင်ကြောင်း ယင်း အက်ဥပဒေပုဒ်မ ၄၆ မှ ပုဒ်မ ၅၀ အတွင်း ပြဋ္ဌာန်းထားရှိပါကြောင်း၊ အလုပ်လုပ်ရသည့် အကျဉ်းသားများ ထိုက်ထိုက်တန်တန် လုပ်အားခရရှိစေရန်နှင့် နေပူဒဏ်ပြင်းသည့် နွေကာလများတွင် နေ့လည် ၁၂ နာရီမှ ၂ နာရီအထိ အနားပေးရန်ဆိုသည့် ဖော်ပြချက်နှင့်စပ်လျဉ်းပြီး အကျဉ်းထောင်၊ အကျဉ်းစခန်းများတွင် အကျဉ်းသားများ၏ လုပ်အားဖြင့် ကုန်ထုတ်လုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ရရှိသည့်ငွေကြေးများအပေါ် သတ်မှတ်ထားသော အလုပ်ဆင်းရက် အပေါ်မူတည်ပြီး ပြည့်ပြည့်ဝဝ ထုတ်ပေးလျက်ရှိသည့်အပြင် ၎င်းငွေကြေးနှင့် ပတ်သက်လျှင်လည်း လုပ်ထုံးလုပ်နည်းနှင့် အညီ ပြုစုစစ်ဆေးခံ သူများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အပြင် အကျဉ်းထောင်စခန်းများတွင် အကျဉ်းသားများကို နံနက် ၆ နာရီတွင် လုပ်ငန်းခွင်သို့ ဝင်ရောက်ပြီး ၁၁ နာရီ၌ နေ့လယ်ထမင်းစား၍ ၁၄း၀၀ နာရီအထိ အနားပေးလျက်ရှိပါကြောင်း၊ ၁၄း၀၀ နာရီမှ အလုပ်စ၍ ညနေ ၁၆း၃၀ နာရီတွင် လုပ်ငန်းခွင်သိမ်းပါကြောင်း၊

မေးခွန်းတွင်ပါရှိသည့် အချက်များအား တစ်ချက်ချင်း ပြန်လည်ရှင်းလင်းခြင်းမပြုဘဲ အဓိကအနှစ်ချုပ်ကို တင်ပြရမည်ဆိုပါက အကျဉ်းထောင်များနှင့် ပတ်သက်၍ ဥပဒေပြဋ္ဌာန်းချက်တွင်လည်း လစ်ဟာမှုမရှိသည်ကို စစ်ဆေးတွေ့ရှိရပြီး လိုက်နာအကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိပါ ကြောင်းနှင့် အကျဉ်းထောင်လက်စွဲပါ ဘုတ်အဖွဲ့ဝင်များစာရင်းတွင် ပါဝင်သော မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် တရားလွှတ်တော်ချုပ် တရားသူကြီးများ၊ ဒေသဆိုင်ရာအာဏာပိုင်များမှလည်း ဝင်ရောက် စစ်ဆေးခြင်းနှင့် ICRC မှ ဝင်ရောက်လေ့လာခြင်းများပြုလုပ်ပြီး ၎င်းတို့၏ အကြံပြုချက်များကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသောကြောင့် ကြီးကြပ်ကူညီစောင့်ရှောက်မည့် ကော်မတီဖွဲ့စည်းရန် အစီအစဉ်မရှိ ပါကြောင်း ပြန်လည် ရှင်းလင်းဖြေကြား ပါသည်။

ဦးဝင်းမြင့်အောင် (ဒီပဲယင်းမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

အကျဉ်းထောင်နှင့်ပတ်သက်သည့် ဖြစ်လေ့ဖြစ်ထရှိသည်များကို အားလုံးဝိုင်းဝန်း ဆောင်ရွက်ပေးရန် အတွက် တင်ပြခြင်းဖြစ်ပါကြောင်း၊ မိမိတို့ အကျဉ်းထောင်ထဲတွင် ဝင်ရောက်ခွင့်ရှိပြီး ကူညီဆောင်ရွက်‌ခွင့်ရှိသည့် ပုဂ္ဂိုလ်များထဲတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ ပါဝင်ခွင့်ရှိသင့်သည့်ဟု ပြောချင်ပါကြောင်း၊ ၎င်းတို့နှင့်ပေါင်းပြီး မဖွဲ့နိုင်ဘူးလားဟု ထပ်၍ မေးချင်ပါကြောင်း၊ ဒေသဆိုင်ရာများတွင် ယင်းသို့ ဆောင်ရွက်လိုက်မည်ဆိုပါက ဒေသဆိုင်ရာများရှိ လွှတ်တော် ကိုယ်စားလှယ်များ ပါဝင်နေသည့်အတွက် လုပ်ငန်းသည် ပိုမို ထိရောက်လိမ့်မည်ဟု ယုံကြည်၍မဟုတ်ပါကြောင်း၊ အကျဉ်းထောင်များတွင် စာမတတ်သည့် အကျဉ်းသူအကျဉ်းသားများကို စာသင်ပေးရန်စီစဉ်ပြီး စက်မှုနှင့် နည်းပညာများကို အကျဉ်းသားများအား သင်ပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုကြောင်း ဆက်စပ်မေးမြန်းပါသည်။

ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုး

ကိုယ်စားလှယ်တော်ကြီး၏ ဆက်စပ်မေးခွန်းနှင့်စပ်လျဉ်း၍ မိမိ၏ မူလဖြေကြားချက်အတိုင်းသာ ပြန်လည်ဖြေကြားရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိဖော်ပြခဲ့သည့်အတိုင်းသာ အကျဉ်းထောင် လက်စွဲတွင် ပါဝင်သော ဧည့်သည်အဖွဲ့နှင့်ပတ်သက်၍ ဖွဲ့စည်းမှုတွင် ပါရှိရမည့် ပုဂ္ဂိုလ်များလည်း ပါရှိမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ပါဝင်သော တရားသူကြီးချုပ်များအပါအဝင် တရားသူကြီးချုပ်၏ ညွှန်ကြားချက်များအရလည်း သက်ဆိုင်ရာတရားရုံးအဆင့်ဆင့်မှ တာဝန်ရှိသူများ၊ အုပ်ချုပ်ရေး အဖွဲ့အစည်းများနှင့် သက်ဆိုင်ရာ လူမှုရေးအဖွဲ့အစည်းများ၊ ကျန်းမာရေးဆိုင်ရာ ဝန်ထမ်းများမှာလည်း ကြည့်ရှုစစ်ဆေးလျက်ရှိသည့်အတွက် လတ်တလော အ‌ခြေအနေတွင် ယင်းအဖွဲ့ကို ဖွဲ့စည်းပေးရန် အစီအစဉ် မရှိပါကြောင်း၊ အလားတူ ပညာရေးဆိုင်ရာ အကျဉ်းသားများနှင့် ပတ်သက်ပြီး ပညာရေးဆိုင်ရာဆောင်ရွက်ချက်များနှင့် ဖော်ပြခဲ့သော လုပ်အားခများမှ ရရှိခဲ့သည့် ငွေကြေးများကို သုံးစွဲသည့်အချိန်တွင် တင်ပြပါပညာရေးဆိုင်ရာ စာမတတ်သူများ သင်ကြားပေးခြင်း၊ ဘာသာရေး ဆိုင်ရာတရားစခန်းများ ဖွင့်လှစ်ခြင်းအပါအဝင် ပညာရေး၊ ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်းပေးသည့် လုပ်ငန်းများတွင် ငွေကြေးများ သုံးစွဲခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် အကျဉ်းထောင်များတွင် ပညာရေးဆိုင်ရာ လေ့ကျင်‌့သင်ကြားပေးမှုရှိစေရန်လည်း လက်ရှိတွင်လည်း ဆောင်ရွက်နေသည့် လုပ်ငန်းစဉ် များပင် ဖြစ်ပါကြောင်း ပြန်လည်ရှင်းလင်းဖြေကြားပါသည်။