(က)-ရွှေပြည်အေးလူငယ် ပြန်လည်ထူထောင်ရေး စခန်းအား ပြန်လည်ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၂၁) ရက်မြောက်နေ့ (၂၆.၈.၂၀၁၆)

မေးခွန်း အကြောင်းအရာ 

phoe mgရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့နယ် ကုန်းဆုံကျေးရွာအုပ်စု ကသဲကျေးရွာအနောက်ဘက် မြေ ဧရိယာ ၂၈၅ ဧကကျယ်ဝန်းသော ရွှေပြည်အေးလူငယ် ပြန်လည်ထူထောင်ရေးစခန်းကို ကမ္ဘာ့ကုလ သမဂ္ဂရန်ပုံငွေ ၈.၅ သိန်းဖြင့် ၁၉၈၁ ခုနှစ်တွင် စတင်တည်ထောင် ခဲ့ပြီး ၁၉၈၃ ခုနှစ်မှစ၍ မူးယစ် ဆေးဝါးသုံးစွဲသူ ပြန်လည်ထူထောင်ရေး သင်တန်းအပါတ်စဉ်(၁)ကို လူဦးရေ ၂၀ ဖြင့် စတင်ဖွင့်လှစ် ဆောင်ရွက်ခဲ့ပါကြောင်း၊ ၁၉၈၃ မှ ၂၀၀၅ ခုနှစ် အထိ သင်တန်းအပါတ်စဉ်ပေါင်း ၂၈ ခု၊ မူးယစ် ဆေးစွဲလူနာ ၄၂၇ ဦးအား ဆေးဖြတ် ပြီး ပြန်လည် ထူထောင်နိုင်ခဲ့ပါကြောင်း၊ ပြန်လည်ထူထောင်ရေး စခန်းအတွင်း လိုအပ်သော အဆောက်အအုံများကိုလည်း ပြည့်ပြည့်စုံစုံ တည်ဆောက် ထားပြီး ဖြစ်ပါ ကြောင်း၊

ရွှေပြည်အေးလူငယ်ပြုစုပျိုးထောင်ရေးစခန်းကို ၂၉-၁၂-၂၀၀၅ ခုနှစ်မှစ၍ ယနေ့အထိ ပြန်လည်ထူထောင်ရေးသင်တန်းများကို ဖွင့်လှစ်နိုင်ခဲ့ခြင်းမရှိပါကြောင်း၊ မိမိတို့ဒေသတွင် အကြောင်းမသိ၍ မူးယစ်ဆေးဝါး သားကောင်ဖြစ်ရသူများ အတွက် မူးယစ်ဆေးစွဲသုံးစွဲ မှုပြစေရန်နှင့် ပြန်လည်ထူထောင်ပေးနိုင်ရန် အထူးလိုအပ်နေပါကြောင်း၊ ထို့ကြောင့် ရွှေပြည်အေးလူငယ် ပြန်လည်ထူထောင်ရေး စခန်းအား ပြန်လည်ဖွင့်လှစ်ပေးနိုင်ရန် အစီအစဉ်ရှိ/မရှိ၊ ပြန်လည်ဖွင့် လှစ်ပေးမည်ဆိုပါက မည်သည့်အချိန်တွင် ဖွင့်လှစ်နိုင်ပေးမည်နှင့် ဖွင့်လှစ်ပေးနိုင်ခြင်း မရှိသေးပါက မည်သည့်အတွက်ကြောင့်ဖြစ်သည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဒုတိယဝန်ကြီးဗိုလ်ချုပ်အောင်စိုး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ
ဖြေကြားချက် 

gen augn soeမူးယစ်ဆေးဝါးသုံးစွဲသူများကို ဆေးကုသခြင်းနှင့် ပြန်လည်ထူထောင်ခြင်းလုပ်ငန်းများကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့က ဖွဲ့စည်းပေးထားသော လုပ်ငန်းအဖွဲ့ များဖြစ် ပါကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဦးဆောင်သော ဆေးကုသရေးအဖွဲနှင့် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ဦးဆောင်သော ပြန်လည်ထူထောင်ရေး အဖွဲ့တို့ မှာ ဆောင်ရွက် လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါးသုံးစွဲသူများ ကို ဆေးကုသပေးခြင်းနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် မူးယစ်ဆေးစွဲရောဂါကုဌာနကြီး ၂၆ ခု၊ မူးယစ်ဆေးစွဲရောဂါ ကုဌာနငယ် ၄၇ ခုတို့နှင့် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ လူမှုဝန်ထမ်းကယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာနအနေဖြင့် ရန်ကုန်၊ မန္တလေး၊ မြစ်ကြီးနား၊ လားရှိုး၊ ကျိုင်းတုံ၊ တာချီလိတ်၊ နမ့်လန့်၊ မြဝတီ၊ ကော့သောင်း တို့တွင် ပြန်လည် ထူထောင်ရေးစခန်းများ ဖွင်‌့လှစ်ထားရှိပြီး လောလောဆယ် အခြေအနေအရ နမ့်လန့်၊ မြဝတီ၊ ကော့သောင်းစခန်းများ တွင် သင်တန်းသားမရရှိသည့်အတွက် ယာယီပိတ်သိမ်းထားရှိရပါကြောင်း၊

 ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့သည် မူးယစ်ဆေးစွဲသူများကို အသိပညာပေးရန်နှင့် ပြန်လည်ထူထောင် ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန်အတွက် ကသဲဘက်စုံပြန်လည်ထူထောင်ရေးစခန်းကို ၁-၈-၁၉၈၃ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ပြီး အဆိုပါစခန်း ကို ၁၆-၆-၂၀၀၂ ရက်နေ့တွင် ‌ရွှေပြည်အေးလူငယ် ပြုစုပျိုးထောင်ရေးစခန်း အမည်ဖြင့်လည်းကောင်း၊ ၂၀-၁၀-၂၀၀၂ ရက်နေ့တွင် ရွှေပြည်အေး လူငယ်ပြုစုပျိုးထောင်ရေးဌာနအနေဖြင့် လည်းကောင်း ပြောင်းလဲခဲ့ပါကြောင်း၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ် ဝက်ထီးကန်တွင်လည်း စိုက်ပျိုးမွေးမြူရေးစခန်း ရွှေပြည်သာကို ၁၅-၁၂-၁၉၉၅ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး အဆိုပါစခန်းကို ၁-၆-၁၉၉၉ ရက်နေ့တွင် မူးယစ်ဆေးဝါးသုံးစွဲသူများ ကုသရေးနှင့် ပြန်လည်ထူထောင်ရေးစခန်း အမည်ဖြင့်လည်းကောင်း၊ ၁၆-၁၀-၂၀၀၀ ရက်နေ့ တွင် ရွှေပြည်သာလူငယ် များပြုစုပျိုးထောင်ရေးဌာနအမည်ဖြင့်လည်းကောင်း ပြောင်းလဲခဲ့ပါကြောင်း၊

အလားတူ ရှမ်းပြည်နယ်၊ မူဆယ်မြို့ တီးမကျေးရွာတွင် ရွှေပြည်သစ်လူငယ်များ ပြုစုပျိုးထောင်ရေး ဌာနကိုလည်း ၄-၃-၂၀၀၄ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပါကြောင်း၊ ၈-၈-၂၀၁၄ ရက်နေ့တွင် အဆိုပါဌာန သုံးခုကို တစ်ပြေးညီဖြစ်စေရေးအတွက် လူငယ် များပြုစု ပျိုးထောင်ရေးစခန်းအမည်ဖြင့် ပြောင်းလဲခဲ့ပါကြောင်း၊ ထိုသို့ ပြောင်းလဲခဲ့သည့် စခန်း ၃ ခုမှာ ရွှေပြည်အေးလူငယ်များ ပြုစုပျိုးထောင်ရေးစခန်း (ဖယ်ခုံ)၊ ရွှေပြည်သာလူငယ်များ ပြုစုပျိုးထောင်ရေးစခန်း (ဝက်ထီးကန်)၊ ရွှေပြည်သစ်လူငယ်များပြုစု ပျိုးထောင်ရေးစခန်း (တီးမ) တို့ဖြစ်ပါကြောင်း၊ လူငယ်များ ပြုစုပျိုးထောင်ရေးစခန်း ၃ ခုအနက် ရွှေပြည်သစ်လူငယ်များ ပြုစုပျိုးထောင်ရေးစခန်း(တီးမ) သည် ၂၄-၉-၂၀၁၁ ရက်နေ့ စတင်ပြီး လုံခြုံရေးအခြေအနေအရ ယာယီပိတ်သိမ်းထားရှိခဲ့ပါကြောင်း၊

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ဖယ်ခုံမြို့နယ်မှာရှိသည့် ရွှေပြည်အေးလူငယ်များ ပြုစုပျိုးထောင်ရေးစခန်းသည် ၁၉၈၃ ခုနှစ်မှ ၂၀၀၅ ခုနှစ်အထိ သင်တန်းအပတ်စဉ် ၂၈ ခုဖွင့်လှစ်ခဲ့ပြီး မူးယစ်ဆေးစွဲလူနာ ၄၂၇ ဦးကိုလည်း ဆေးဖြတ်ကုသပေး ခဲ့ပါကြောင်း၊ အဆိုပါစခန်းတွင် မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့မှ ကြီးကြပ်မှုနှင့် သက်ဆိုင်ရာအစိုးရဌာနများမှ တာဝန်ထမ်းဆောင်မှု အနေဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် မူးယစ်ဆေးဝါး တားဆီးနှိမ် နင်း‌ရေး ရဲတပ်ဖွဲ့ သည် အုပ်ချုပ်ရေးတာဝန်ကိုလည်းကောင်း၊ ကျန်းမာရေး ဦးစီးဌာနက ကုသရေးတာဝန်ကိုလည်းကောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနက ပြန်လည်ထူထောင်ရေး ရုပ်ပိုင်း၊ ဆိုဒ်ပိုင်းဆိုင်ရာ တို့ကိုလည်းကောင်း၊ မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းက အသက်မွေး ဝမ်းကြောင်း ပညာ သင်ကြားခြင်းလုပ်ငန်းနှင့် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက အသက်မွေးဝမ်းကြောင်းပညာ သင်ကြားခြင်းတို့ကို ခွဲဝေတာဝန်ထမ်းဆောင်လျက် ရှိပါကြောင်း၊ ရွှေပြည်အေး လူငယ်များ ပြုစုပျိုးထောင်ရေးစခန်းသည် ၂၀၀၅ ခုနှစ်နောက်ပိုင်းမှစပြီး သင်တန်းသား မရရှိသည့်အတွက်ကြောင့် သင်တန်းများ မဖွင့်နိုင်တော့သည်မှာ ယနေ့အထိပင်ဖြစ်ပါကြောင်း၊

သင်တန်းသားများ မရရှိရသည့်အကြောင်းမှာ မူးယစ်ဆေးဝါးသုံးစွဲမှုနှင့် ပတ်သက်ပြီး လက်ရှိ ပြဋ္ဌာန်းထားသော မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ မူးယစ်ဆေးသုံးစွဲသူတစ်ဦးသည် ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ် ထားသော ဌာန သို့မဟုတ် ဆေးကုဂေဟာတွင် မှတ်ပုံတင်ရန်ပျက်ကွက်လျှင်ဖြစ်စေ ဆေးကုသရေးအတွက် ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များကို လိုက်နာရန်ပျက်ကွက်ပါက ထောင်ဒဏ် ၃ နှစ်မှ ၅ နှစ်အထိ အ‌ရေးယူနိုင်သည့် အတွက် ဆေးဖြတ်ကုသလိုသူများအနေဖြင့် လာရောက် ဆေးဖြတ်လိုသော်လည်း ထိုသို့လာရောက်ပါက အရေးယူခံရနိုင်မည်ဟု လွဲမှားစွာဖြင့် စိုးရိမ်စိတ်ကြောင့်လည်းကောင်း စခန်းသို့သွားလာရန်‌ဝေးလံခြင်းနှင့် လမ်းပန်းဆက်သွယ်မှု ခက်ခဲခြင်းတို့ကြောင်‌့ လည်းကောင်း သင်တန်းသားဦးရေ နည်းပါးခဲ့ပါကြောင်း၊ ထို့အပြင် သင်တန်းသားရရှိရေးအတွက် ယခင်က မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သင်တန်းသားများ စုစည်းပေးခဲ့ရပြီး နောက်ပိုင်းတွင် မူးယစ်ဆေးဝါးသုံးစွဲသူသင်တန်းသား များစုစည်းရာတွင် အခက်အခဲဖြစ်ပေါ်ခဲ့ ရပြီး သင်တန်းပို့ချသည့် အစီအစဉ်ကိုလည်း ရပ်ဆိုင်းခဲ့ရခြင်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနှံ့အပြား ပြန့်နှံ့နေသည့် မူးယစ်ဆေးသုံးစွဲသူလူငယ်များကို အသိပညာပေးရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက်လည်းကောင်း၊ မူးယစ်ဆေး ဝါးသုံးစွဲမှု ပြဿနာများ ကြုံတွေ့နေရသည့် တိုင်းဒေသကြီး/ပြည်နယ်အချို့ရှိ ‌ဒေသခံပြည်သူများမှ ပြန်လည်ထူထောင်ရေး စခန်းများ အမြန်ဆုံးတိုးချဲ့ဆောင်ရွက်ပေးနိုင်ရန် လိုလားတင်ပြချက်များအရလည်းကောင်း၊ မူးယစ်ဗဟိုအဖွဲ့၏ ဆောင်ရွက်လျက်ရှိသော သုံးစွဲမှုပပျောက်ရေးကဏ္ဍမှ ပိုမိုတိုးချဲ့ဆောင်ရွက် နိုင်ရန်အတွက်လည်းကောင်း မူးယစ်ဆေးဝါးသုံးစွဲမှုနှင့်ပတ်သက်ပြီး မူးယစ်ဆေးသုံးစွဲသူ ဝေဒနာရှင်များ လမ်းမှားပေါ်မရောက်ရှိစေရေးအတွက် ပြုစုပျိုးထောင်ရေး၊ ပညာပေးလေ့ကျင့်ရေး၊ ပြန်လည် ထူထောင်ရေး စခန်းများ အမြန်ဆုံး ဖွင့်လှစ်ဆောင်ရွက်ပေးနိုင်ရေးတို့ အတွက်လည်းကောင်း အလေးထားဆောင်ရွက်ခဲ့ရာတွင် မူလရှိပြီးဖြစ်သော လူငယ်များပြုစုပျိုးထောင်ရေးစခန်းသုံးခုအပြင် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခုတို့တွင်လည်း မူလဖွဲ့စည်းပုံအတိုင်း လူငယ်ပြုစု ပျိုးထောင်ရေးစခန်းများ အသစ်ထပ်မံတိုးချဲ့ဖွင့်လှစ်ဆောင်ရွက်သွားရန် လိုအပ်လာသည်ကို တွေ့ရှိခဲ့ ရပါကြောင်း၊

ထို့ကြောင့် တိုင်းဒေသကြီး/ပြည်နယ် ၁၄ ခုတွင် လူငယ်များပြုစုပျိုးထောင်ရေးစခန်းအသစ် ၁၄ ခု တိုးချဲ့ဖွင့်လှစ်ရန်နှင့် ရွှေပြည်သာလူငယ်များပြုစုပျိုးထောင်ရေးစခန်း (ပြည်မြို၊ ဝက်ထီးကန်) တွင် မူလအတိုင်း ထားရှိပြီး ရွှေပြည်သစ်လူငယ် များ ပြုစု ပျိုးထောင်ရေး စခန်းအား မူဆယ်မြို့၊ တီးမရွာမှ လားရှိုးမြို့သို့လည်းကောင်း၊ ရွှေပြည်အေးလူငယ်များ ပြုစုပျိုးထောင်ရေးစခန်းအား ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့မှ ကယားပြည်နယ်၊ လွိုင်ကော်မြို့သို့လည်းကောင်း ပြောင်းရွှေ့ဖွင့်လှစ်နိုင်ရေး ဆောင်ရွက် ချက်အရ ပြည်ထောင်စုအစိုးရအဖွဲ့ ၏ ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်စွဲ စာအမှတ်၊ ၁/၂၅၇/အဖရ ၂၃/၂၀၁၅ နှင့်လည်း သဘောတူခွင့်ပြုခဲ့ပြီးဖြစ်သည့်အတွက် အကောင်အထည်ဖော်နိုင်ရေး ဆက်လက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ လတ်တလော အနေအထားအရ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့၏ အုပ်ချုပ်မှု အစီအစဉ်ဖြင့် ပဲခူးတိုင်းဒေသကြီး၊ ဝက်ထီးကန်ရှိ ရွှေပြည်သာလူငယ်များ ပြုစုပျိုးထောင်ရေးစခန်းတွင် မူးယစ်ဆေးစွဲလူနာများအား စခန်းအတွင်း လေ့ကျင့်ပေးလျက်ရှိရာ မူးယစ်ဆေးစွဲလူငယ်များကို အဆိုပါ စခန်းသို့ ပို့ဆောင်ပေးသည့် အစီအစဉ်များကိုလည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊

ထို့အပြင် အဆိုပါ ဖယ်ခုံမြို့နယ် အနီးတစ်ဝိုက် လတ်တလော လိုအပ်ချက်အရ မူးယစ်ဆေး စွဲကုသခြင်းနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်း တွေဆောင်ရွက်ပေးရန် လိုအပ်ပါကလည်း ဒေသအတွင်းရှိ မူးယစ်ဆေးလူနာများအား မူးယစ်ဆေးဝါးသုံးစွဲမှု ကု သရေးနှင့် ပြန် လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ဒေသဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဆေးကုသရေးအဖွဲ့၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန တို့နှင့် ပေါင်းစပ် ညှိနှိုင်းပြီး လူမှု အခြေပြု မူးယစ်ဆေးစွဲကုသမှုများ ဆောင်ရွက်ပေးနိုင်ပါကြောင်းနှင့် ဖယ်ခုံမြို့နယ်ရှိ ရွှေပြည်အေးလူငယ်ပြုစု ပျိုးထောင်ရေးစခန်းကို ပြန်လည်ဖွင့်လှစ်ပေးရန် အစီအစဉ်မရှိသေးပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဦးဖိုးမောင် (ဖယ်ခုံမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

ရွှေပြည်အေး လူငယ်ပြုစုပျိုးထောင်ရေး စခန်းကို လွိုင်ကော်သို့ ရွှေ့မည်ဆိုသည်မှာ မိမိတို့ ဖယ်ခုံမြို့နယ် ရှိ ရွှေပြည်အေးလူငယ်ပြုစုပျိုးထောင်ရေးစခန်းကို မည်သို့ဆက်လက်ဆောင်ရွက် သွားမည်ကို သိရှိလိုပါကြောင်း ဆက်စပ်မေးမြန်းပါသည်။

ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုး

ရွှေပြည်အေးလူငယ်ပြုစုပျိုးထောင်ရေးဌာနကို လွိုင်ကော်သို့ ဖွဲ့သည့်အခါ ဖွဲ့စည်းပုံအရ ပြောင်းရွှေ့ ခြင်းသာ ဖြစ်ပြီး လက်ရှိအဆောက်အဦများနှင့် တည်ရှိသည့်နေရာနှင့်ပတ်သက်ပြီး လက်ရှိတွင် မိမိတို့ ရဲတပ်ဖွဲ့က တာဝန်ယူထားသည့် အဆောက်အဦ ၄ လုံး၊ ကျန်း မာရေးက အဆောက်အဦ ၈ လုံး၊ လူမှုဝန်ထမ်းက ၉ လုံး၊ မွေးမြူရေးနှင့် ကုသရေးက ၅ လုံး စုပေါင်းရုံး ၂ လုံးဖြင့် စုစုပေါင်း ၂၈ လုံးနှင့် စိုက်ပျိုးရေးမှ ၁၇ လုံး စုစုပေါင်း အဆောက်အဦ ၄၅ လုံးကို သက်ဆိုင်ရာဝန်ကြီးဌာန၊ ဦးစီးဌာနများက တာဝန်ယူ ထိန်းသိမ်းထားရှိ ပါကြောင်း၊ ၎င်းတို့နှင့်ပတ်သက်ပြီး ကုသရေးဌာနပြောင်းရွှေ့ပြီး ကျန်ရှိနေသော အဆောက်အဦများနှင့် ဌာနများ အသုံးချမှုအပိုင်းကို သက်ဆိုင်ရာပြည်နယ် အစိုးရနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ညှိနှိုင်းပြီး ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း ရှင်း လင်းဖြေကြားပါသည်။