(င)-မကွေးတိုင်းဒေသကြီး၊မင်းတုန်းမြို့နယ်ပန်းညို ကြိုးပြင် ကာကွယ်တော အတွင်း ကျန်ရှိနေသော ကိုင်းမြေ၊ ဥယျာဉ် ခြံမြေ အား မူလ လုပ်ကိုင်ခဲ့ သည့် တောင်သူများကို လွတ်လပ်စွာစိုက်ပျိုးခွင့်ပြု ရန်နှင့်ပိုင်ဆိုင်ခွင့်ပြုရန်အစီအစဉ်ရှိ၊မရှိနှင့်စပ်လျဉ်း သည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၂၀) ရက်မြောက်နေ့ (၂၅.၈.၂၀၁၆)

မေးခွန်း အကြောင်းအရာ 

khin than nuမကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ် တောင်ဘက်ရှိ ကျေးရွာရှစ်ရွာမှ တောင်သူ ၁၄၀၁ ဦး၏ ဘိုးဘွားပိုင် ကျေးရွာများအပါအဝင် လယ်မြေ ၁၀၀၄ ဧက၊ ကိုင်းမြေ ၄၇၁ ဧက၊ ယာမြေ ၁၁၂ ဧက၊ ဥယျာဉ်ခြံမြေ ၆၁ ဧက နှင့် အခြားမြေ ၆၂၆ ဧက အပါအဝင် စုစုပေါင်း ၁၅၇၀၀ ဧကရှိ နယ်မြေများအား ၄.၃.၂၀၀၄ နေ့စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၁၇/၂၀၀၄ ဖြင့် သစ်တောဝန်ကြီးဌာနမှ ပန်းညိုကြိုးပြင် ကာကွယ်တော အဖြစ် သတ်မှတ်ကြေညာခဲ့ပါကြောင်း၊ ဒေသခံပြည်သူများ၏ တင်ပြတောင်းဆိုမှုကြောင့် သစ်တောဦးစီးဌာန အပါအဝင် စာရင်းကိုင်အဖွဲ့မှ ပြန်လည်စာရင်းကောက်ယူပြီး ပန်းညိုကြိုးပြင် ကာကွယ်တော ဧရိယာ သတ်မှတ် စဉ်က လွဲမှားစွာတိုင်းတာခဲ့သဖြင့် ပါဝင်သွားသော ရွာရှစ်ရွာ၏ ရွာမြေများနှင့် နယ်မြေများကို ကာကွယ်တော ဧရိယာမှ ပယ်ဖျက်ကြောင်းနှင့် မူလလုပ်ကိုင်ခဲ့သော တောင်သူများအား ပိုင်ဆိုင်ခွင့်ပြုကြောင်းကို ၂၀၁၃ ခုနှစ်တွင် ကြေညာခဲ့ပါကြောင်း၊ သို့သော် ကိုင်းမြေ ၄၇၁ ဧကနှင့် ဥယျဉ်ခြံမြေ ၆၁ ဧကကို ကာကွယ်တော ဧရိယာအတွင်းမှ ပယ်ဖျက်ခြင်း မရှိသေးပါကြောင်း၊ ယခုအခါ ၎င်းကာကွယ် တောအတွင်း ကျရောက်နေသော ကိုင်းများတွင် သစ်တောဦးစီးဌာနမှ သီးနှံသစ်တော ရောနှော စိုက်ခင်းအဖြစ် နှစ်ရှည်ခံအပင်ကြီးများ ဖြစ်သော ကျွန်းပင်နှင့် လျှော်ဖြူပင်များကို ကိုင်းများတွင် စိုက်ပျိုးခိုင်း ပါကြောင်း၊ သို့သော် ၎င်းအပင်များသည် အရိပ်ရ သော အပင်များ၊ လောင်းရိပ်ကျသော အပင်များဖြစ်သဖြင့် တောင်သူများမှ စိုက်ပျိုးလိုခြင်း မရှိပါကြောင်း၊ လောင်းရိပ်ကျလျှင် ပဲအမျိုးမျိုးနှင့် ဟင်းသီးဟင်းရွက်ပင်များ စိုက်ပျိုး၍ မရနိုင်ပါသဖြင့် ပိုင်ဆိုင်ခွင့် ရရှိပြီးဖြစ် သည့် ကိုင်းများတွင် လွတ်လပ်စွာ စိုက်ပျိုးနိုင်ရန်အတွက် စွန့်လွှတ် ဖယ်ရှားပေးရန် တောင်းဆိုခြင်း ဖြစ်ပါ ကြောင်း၊ သို့ပါ၍ ပန်းညိုကြိုးပြင်ကာကွယ်တောအတွင်း ကျရောက်နေသော ကိုင်းမြေ ၄၇၁ ဧကနှင့် ဥယျာဉ်ခြံ မြေ ၆၁ ဧကအား ပြန်လည်စိစစ်၍ မူလလုပ်ကိုင်ခဲ့သော ကိုင်းမြေလုပ်ကိုင်သူနှင့် ဥယျာဉ်ခြံမြေ လုပ်ကိုင်သူများ ထံ အမြန်ဆုံး ပြန်လည်ပေးအပ်ရန် အစီအစဉ်ရှိ/မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း
အဖြေ
ဖြေကြားချက် 

u ohn winသစ်တောကြိုးဝိုင်း/ကြိုးပြင်ကာကွယ်တောများနှင့် သစ်တောနယ်မြေများအတွင်း နှစ်ကာလအတိုင်းအတာ တစ်ခုအထိ တရားမဝင်ကျူးကျော် အခြေချနေထိုင်သည့် ရွာစုနှင့် အိမ်ထောင်စုများကို သစ်တောမြေမှ ပယ်ဖျက်ပေးရန် တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စိုက်ပျိုးရေး ဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန နှင့် သစ်တောဦးစီးဌာနတို့ ပါဝင်သည့် ပူးပေါင်းအဖွဲ့များမှနေပြီး မြေပြင်စာရင်းကောက်လုပ်ငန်းများကို တိုင်း ဒေသကြီး/ ပြည်နယ်များမှာ ကြီးကြပ်မှုကော်မတီအဆင့်ဆင့်နှင့် ၂၀-၂-၂၀၁၃ မှ ၂၅-၃-၂၀၁၃ ရက်နေ့ အထိ ဆောင်ရွက်ခဲ့ပြီး အဖွဲ့စုံမှ ကောက်ယူရရှိသည့် စာရင်းများအရ ကြိုးဝိုင်း၊ ကြိုးပြင်တောများမှ ပယ်ဖျက်ခြင်း လုပ်ငန်းများကို အဆင့်(၃)ဆင့်ဖြင့် စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ တစ်နိုင်ငံလုံးစာရင်း ကောက်ယူရရှိသည့် ကြိုးဝိုင်း/ကြိုးပြင်တောများသည် နှစ်ကာလအတန်အကြာ ကျူးကျော် အခြေချနေထိုင်သည့် ရာစု၊ အိမ်စုများနှင့် လယ်/ ယာ၊ ဥယျာဉ်ခြံမြေ၊ ရွာမြေ၊ သာသနာမြေ၊ အများပိုင်မြေများကို သစ်တောမြေအဖြစ်မှ လုပ်ငန်းစဉ် အဆင့်ဆင့်ဖြင့် ပယ်ဖျက်ပေးလျက်ရှိပါကြောင်း၊ ကျေးရွာပေါင်း ၂၈၁၀ ရွာအတွက် လယ်မြေ ၄၁၉၈၆၅.၂၄ ဧကနှင့် ရွာမြေ ၄၂၄၃၀.၈၅ ဧက၊ သာသနာပိုင်မြေ၊ အများမြေ ၄၅၇၅၁.၆၀ ဧက၊ စုစုပေါင်း ၅၀၈၀၄၇.၆၉ ဧကကို သစ်တောမြေများအဖြစ်မှ ပယ်ဖျက်းပြီး ယာမြေ ၇၁၇၂၃.၀၂ ဧကကို ပယ်ဖျက်ခြင်းမပြုဘဲ သီးနှံ သစ်တောရောနှော စိုက်ပျိုးရေးကို အခြေခံသည့် ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်း တည် ထောင်ခြင်းကို ခွင့်ပြုလျက်ရှိပါကြောင်း၊  တည်ထောင်ခွင့်ပြုသည့် နေရာတွင် မြေငှားခအခမဲ့၊ နှစ်ပေါင်း ၃၀ လုပ်ကိုင်ခွင့် နှင့် တစ်ဧက ကို သစ်တောသစ်ပင် ၁၅၀ ပင်စိုက်ပျိုးခြင်းနှင့် အတူ တောင်သူများက  ကြိုက်နှစ် သက်ရာ သီးနှံပုံစံဖြင့် စိုက်ပျိုးလုပ်ကိုင်ခွင့်ကို ခွင့်ပြုလျက်ရှိပါကြောင်း၊ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်သည် ဧရိယာအားဖြင့် ၆၃၁၄၁၇ ဧက၊ စတုရန်းမိုင်အားဖြင့် ၉၈၆.၅၉ မိုင်နှင့် ကြိုးဝိုင်း သစ်တောခုနစ်ခု ဧရိယာအားဖြင့် ၁၉၅၀၃၀ ဧက ၊ ကြိုးပြင်ကာကွယ်တော လေးခု၊ ဧရိယာ ၇၄၉၇၆ ဧက၊ စုစုပေါင်း သစ်တောမြေ ၂၇၀၀၀၆ ဧကရှိပါကြောင်း၊ မင်းတုန်းမြို့နယ်၏ တောင်ဘက်ခြမ်းတွင်ရှိသည့် ပန်းညိုကြိုးပြင် ကာကွယ်တောသည် ဧရိယာ ၁၅၇၀၀ ဧကဖြစ်ပြီး  ဝန်ကြီးရုံး၏ ၄-၃-၂၀၀၄ ရက်စွဲပါ အမိန့် ကြော်ငြာစာအမှတ်(၁၇/၂၀၀၄)အရ ဖွဲ့စည်းခဲ့ပါကြောင်း၊ ပန်းညိုကြိုးပြင် ကာကွယ်တောအဖြစ် ဖွဲ့စည်းရန် ရည်ရွယ်ကြောင်းကို ဝန်ကြီးရုံး၏ ၇-၉-၂၀၀၁ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်(၆၂/၂၀၀၁)ဖြင့် ထုတ်ပြန် ကြေညာခဲ့ပြီး၊ ဖွဲ့စည်းမည့်ဒေသ၊ တည်နေရာ၊ နယ်နိမိတ်များကို ဖော်ပြ၍ သက်ဆိုင်ရာ ဒေသတွင် နေထိုင်ကြသည့် ပြည်သူများကို သိရှိစေရန် ကြေးတိုင်ပုံစံအား ထုတ်ပြန်ကြေညာခဲ့ပါကြောင်း၊ ၎င်းကြေညာချက်တွင် သက်ဆိုင်သူများမှ တောင်းဆိုသည့် အခွင့်အရေးများနှင့် တင်ပြလိုသည့် ပိုင်ဆိုင်ခွင့် များကို ကြေညာသည့် ရက်မှစ၍ ရက်ပေါင်း ၉၀ အတွင်း ကြေးတိုင်အရာရှိ ထံတင်ပြခြင်း၊ ကြေးတိုင်အရာရှိမှ တင်ပြလာသည်များကို စိစစ်ပြီ ကြေးတိုင်ပုံစံ(၂)မှ (၅)အထိ သတ်မှတ်ချက်များနှင့်အညီ စိစစ်ပြုစုပြီး သက်ဆိုင်ရာ မြို့နယ်အာဏာပိုင် အဖွဲ့အစည်းများ၏ ထောက်ခံချက်ဖြင့် ကြိုးပြင် ကာကွယ်တော ဖွဲ့စည်းနိုင်ရေး အတွက် အဆင့်ဆင့်တင်ပြ ဆောင်ရွက်ခဲ့ရာ ၂၀၀၄ ခုနှစ်တွင် ပန်းညိုကြိုးပြင် ကာကွယ်တောကို ဖွဲ့စည်းတည်ထောင်ခဲ့ပါကြောင်း၊ ဖွဲ့စည်းတည်ထောင်ရာတွင် ပါသွားသည့် ကျေးရွာရှစ်ရွာမှ ရွာမြေ ၆၂၆ ဧက၊ တောင်သူ လူဦးရေ ၁၄၀၁ ဦး၊ လယ်မြေ ၁၀၀၄ ဧက၊ ယာမြေ ၁၁၂ ဧက၊ ကိုင်းမြေ ၄၇၁ ဧက၊ ဥယျာဉ်ခြံမြေ ၆၁ ဧက စုစုပေါင်း ၂၂၇၄ ဧကကို ပိုင်ဆိုင်ခွင့်ဖြစ် စိုက်ပျိုးလုပ်ကိုင်ရန်အတွက် ခွင့်ပြုထားပါကြောင်း၊  ပန်းညိုကြိုးပြင် ကာကွယ်တောအတွင်း ရွာမြေ၊ လယ်မြေ၊ သာသနာမြေ၊ အများပိုင်မြေများကို ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် စာရင်းကောက်ယူရာတွင် ရွာမြေ ၆၀ ဧက၊ လယ်မြေ ၁၀၄၁.၇၇ ဧက၊ ယာမြေ ၁၀၆၅.၁၆ ဧက၊ ဥယျာဉ်ခြံမြေ ၃၃.၁၅ ဧက စုစုပေါင်း ၂၂၀၀.၀၈ ဧကကို စာရင်းကောက်ယူခဲ့ပြီး ဝန်ကြီးရုံး၏ ၂-၁၀-၂၀၁၃ ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ် (၁၆၅/၂၀၁၃) နှင့် ၃၀-၃-၂၀၁၅ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်(၃၀၈/၂၀၁၅)တို့ဖြင့် ရွာမြေ ၆၀ ဧကနှင့် လယ်မြေ ၁၀၄၁.၇၇ ဧက စုစုပေါင်း ၁၁၀၁.၇၇ ဧကကို ကြိုးပြင်ကာကွယ်တောမြေအဖြစ်မှ ပယ်ဖျက်ပေးပြီး ဖြစ်ပါကြောင်း၊ ယာမြေ ၁၀၆၅.၁၆ ဧကကိုတော့ ပယ်ဖျက်ခြင်းမပြုဘဲ  သီးနှံသစ်တော ရောနှော စိုက်ပျိုးသည့် စနစ်ကို အခြေခံသည့် ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောများအဖြစ်တည်ထောင် ခွင့်ပြုသွားမည် ဖြစ်ပါ ကြောင်း၊ ပန်းညိုကြိုးပြင်ကာကွယ်တော စတင်ဖွဲ့စည်းစဉ် ဒေသခံပြည်သူများမှ ပိုင်ဆိုင်ခွင့် တောင်းခံခဲ့သည့် ကိုင်းမြေ ၄၇၁ ဧကကို ခွင့်ပြုပြီးဖြစ်ပါကြောင်း၊ သစ်တောမြေဖြစ်သည့် အတွက် သစ်တောသစ်ပင် တစ်ဧကကို ၁၅၀ စိုက်ပျိုးရမည်ဖြစ်ပါကြာင်း၊ ထို့ကြောင့် တစ်ဖက်တွင် သီးနှံသစ်တောအဖြစ် မိမိအဆင်ပြေရာ သီးနှံပင်များ ကို စိုက်ပျိုးနိုင်သကဲ့သို့  တစ်ဖက်တွင်လည်း ကာကွယ်တောအတွင်းမှာရှိသည့် အတွက်ကြောင့် ပြဋ္ဌာန်းထားသည့် သစ်တောသစ်ပင်များကိုစိုက်မှသာ အဆင်ပြေမည်ဖြစ်ပါကြောင်း၊ ပန်းညိုကြိုးပြင် ကာကွယ်တောအတွင်း ကျူးကျော်ဥယျာဉ် ခြံမြေ လုပ်ကိုင် သူ ၆၆ ဦး၏ ဥယျာဉ်ခြံမြေ ၃၃.၁၅ ဧကကို သစ်တောဦးစီးဌာနမှ ခွင့်ပြုပေး လျက်ရှိသည့် အတွက် လုပ်ထုံးလုပ်နည်းများနှင့်အညီ နှစ်ရှည်မြေငှားစနစ်ဖြင့် ဆက်လက်လုပ်ကိုင် ခွင့်ပြုသွား ရန် စီစဉ် ဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားခဲ့ပါသည်။

မင်းတုန်းမဲဆန္ဒနယ်၊ ဒေါ်ခင်းသန်းနု မှဆက်စပ်မေးခွန်းမေးမြန်းပါသည်။

မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့အနေဖြင့် ယာမြေ နှင့် ကိုင်းမြေ သည် မတူပါကြောင်း၊ မိမိတို့ ယာမြေသည် ရွှေ့ပြောင်းတောင်ယာနှမ်း စိုက်ပျိုးပါကြောင်း၊ ကိုင်းမြေကို သီးနှံမျိုးစုံ စိုက်ပျိုးပါကြောင်း၊ သီးနှံမျိုးစုံ စိုက်ပျိုး သည့် ကိုင်းထဲတွင် ၎င်း နှစ်ရှည်ခံအပင်ကြီးများကို စိုက်ပျိုးမည်ဆိုပါက  ကိုင်းသီးနှံကို စိုက်ပျိုး၍ မရနိုင်ပါ ကြောင်း၊ ယခု ဖြစ်နေသည်မှ ၎င်းကိုင်းမြေထဲတွင် နှစ်ရှည်ခံအပင်ကြီးများ ဖြစ်သည့်  ကျွန်းပင်၊ လျှော်ဖြူပင်များကို တစ်ဧကတွင် အပင် ၁၅၀ စိုက်ပျိုးခိုင်းပါကြောင်း၊ ၎င်းကို တောင်သူများ လုံးဝစိုက်ပျိုးလိုချင်မရှိပါကြောင်း၊ ရွှေ့ပြောင်းတောင်ယာများတွင် နှစ်ရှည်ခံအပင်ကြီးများ စိုက်ပျိုးခြင်းကို လက်ခံပါကြောင်း၊ စိုက်လည်း စိုက်ပျိုးပါကြောင်း၊ နောက်တစ်ခု မိမိသိလိုသည်မှ ၎င်းရွာများသည် လွန်ခဲ့သည့် နှစ်ပေါင်း ၁၀၀ ကျော်က တည်ထောင်ပြီး နေထိုင်လာကြသော ရွာများနှင့် တောင်သူများ ဖြစ်ကြပါကြောင်း၊ ၂၀၀၄ ခုနှစ်တွင် ပန်းညိုကြိုးပြင် ကာကွယ်တောအဖြစ် သိမ်းလိုက်သဖြင့် ဝန်ကြီးဌာနမှ ကျူးကျော်ရွာများကို ဖယ်ပေးရမည်ဟု ဆိုသောစကားသည် နှစ်ပေါင်း ၁၀၀ ကျော်နေခဲ့ သည့် ပြည်သူများက ကျူးကျော်ခြင်းဟုတ်မဟုတ် ကာကွယ်တော အဖြစ်သိမ်းလိုက်သည့် ဝန်ကြီးဌာနက ကျူးကျော်ခြင်းဟုတ်မဟုတ် ဆိုသည်ကို သိရှိလိုပါကြောင်းဖြင့် ဆက်စပ်မေးမြန်းခဲ့ပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ၊ ဦးအုန်းဝင်း မှဆက်လက်ဖြေကြားပါသည်။

သစ်တောကြိုးဝိုင်းထဲတွင် ကိုင်းမြေရှိသည် ဆိုသည်မှာရှားပါကြောင်း၊ မိမိနားလည်သည်မှာ ချောင်းစပ်၊ ရေစပ်၊ ကမ်းစပ်နားတွင်သာ ကိုင်းမြေ ဆိုတာရှိပါကြောင်း၊ အကယ်၍ သစ်တောကြိုးဝိုင်းမြေသည် ၎င်းကမ်းစပ်တွင် ရှိခဲ့မည်ဆိုပါက ပြန်လည် စိစစ်ပေးမည်ဖြစ်ပါကြောင်း၊ ကြိုးပြင်ကာကွယ်တောဆိုတာသည်မှာ အများပြည်သူ အခြေမချခင်ကတည်းက ရှိခဲ့သလို၊ နိုင်ငံတော်၏ လိုအပ်ချက်အရ တောင်သူလယ်သမားများ  အခြေချပြီးမှ ဖွဲ့စည်းထားသည်များလည်းရှိပါကြောင်း၊ သို့သော် အတင်းအကြပ် ဖွဲ့စည်းခြင်း မရှိပါကြောင်း၊ အဖွဲ့အစည်း အားလုံးသည် ကြေးတိုင်အဖွဲ့ ဖွဲ့ရပါကြောင်း၊ ဖွဲ့စည်းပြီးမှမိမိတို့က တိုင်းတာခြင်းဖြစ်ပါကြောင်း၊ ကြိုးဝိုင်း၊ ကြိုးပြင် ကာကွယ်တောများ ဖွဲ့သည့်နေရာတွင် အစိုးရအဖွဲ့ Cabinet မှ အတည်ပြုမှသာ မိမိတို့အနေဖြင့် လုပ်ရပါ ကြောင်း၊ သစ်တော ဦးစီးဌာန တစ်ခုတည်းအနေဖြင့် ဆောင်ရွက်၍ရသည့်ကိစ္စမဟုတ်ပါကြောင်း၊ ၎င်းကြိုးဝိုင်းကို ၂၀၀၃ ခုနှစ်တွင် တည်ထောင်ခဲ့ပါကြောင်း၊ သဘာဝရေမြေအရ သစ်တောကြိုးဝိုင်းဖွဲ့မှသာလျှင် ယခုဖြစ်ပေါ်လျှက်ရှိသည့် သဘာဝဘေးအန္တရာယ် များဖြစ်ပေါ်လာခြင်းမှ လျော့နည်းအောင် မြန်မာနိုင်ငံတစ်ဝှမ်းတွင် သစ်တောသစ်ပင်များကို တတ်နိုင်သမျှ ပြန်လည် စိုက်ပျိုးရခြင်းဖြစ်ပါကြောင်း၊ ၎င်းကြိုးဝိုင်း သည် ကျေးရွာသူ/သား များ နေထိုင်သည့်နေရာ ဖြစ်သော်လည်း ရေမြေသဘာဝအလျောက် ယခုလို တည်ထောင်ပေးမှသာလျှင် တောတောင် စိမ်းလန်းစိုပြေပြီး သဘာဘေးအန္တရာယ် လျော့နည်းမည်ဖြစ်သည့်အတွက် ၎င်းနေရာတွင် ရွေးချယ်တည်ထောင်သည်ဟု မိမိအနေဖြင့် ခံယူပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။