မေးခွန်း အကြောင်းအရာ
သာစည်မြို့နယ်၏ ဧရိယာသုံးပုံနှစ်ပုံသည် ရှမ်းရိုးမတောင်တန်းဖြစ်ပြီး ကျေးရွာအုပ်စု ၁၀ အုပ်စု၊ ကျေးရွာပေါင်း ၄၀ ခန့်သည် တောင်ပေါ်ဒေသ သစ်တောထူထပ်သည့်နေရာ တွင် နေကြရ ပါကြောင်း၊ တောင်ပေါ်ကျေးရွာ အများစုသည် သောက်ရေသုံးရေအတွက် အဆိုပါသစ်တောမှ စုဆောင်းစုတ်ယူ သိမ်းဆည်းထားသော စိမ့်စမ်းရေ၊ သဘာဝရေထွက်များကို အားကိုးပြီးနေကြရပါကြောင်း၊ သို့သော် လည်း ရာသီဥတုဖောက်ပြန်ခြင်း၊ တောင်ယာ မီးရှို့ခုတ် ထွင်ခြင်း၊ မီးသွေးဖုတ်ခြင်း၊ သစ်ဝါးများ စည်းမဲ့ကမ်းမဲ့ ခုတ်လှဲခြင်းကြောင့် တချို့ရွာများတွင် သစ်ပင်များ မရှိတော့သည့်အတွက်စိမ့်စမ်းရေများ၊သဘာဝရေထွက်များ ပျောက်ကွယ် ကုန်သည်ကိုတွေ့ရှိရ ပါကြောင်း၊
ယခင်ဝေးလံခေါင်သီသောတောတောင်ထူထပ်သည့်နေရာတွင်ပေါက်ရောက်နေသောသစ်တောသစ်ပင်များသည် ယခုအခါ လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်သည့်အတွက် စည်းမဲ့ကမ်းမဲ့ ခုတ်လှဲခြင်း အန္တရာယ်ရှိနေ ပါကြောင်း၊ အဆို ပါ သစ်တော သစ်ပင်များကို ခုတ် လှဲခြင်းသည် ဒေသခံများမဟုတ်ဘဲ ရပ်ဝေးမှ တရားမဝင်လာရောက်ခုတ်ယူခြင်းများဖြစ်ပြီး သက်ဆိုင်ရာ တာဝန်ရှိသူများ အနေဖြင့်လည်း စောင့်ကြပ်စစ်ဆေးတားဆီးရန် အခက်အခဲရှိနေသည်ကို အခွင့်ကောင်းယူပြီး စည်းမဲ့ကမ်းမဲ့ ခုတ်လှဲနေခြင်းဖြစ် ပါကြောင်း၊ သက်ဆိုင်ရာ ဝန်ကြီးဌာန၏ စောင့်ကြပ် ကာကွယ်တားဆီးရန် ခက်ခဲပြီး ဝေးလံခေါင်သီသော သစ်တောသစ်ပင်များကို အနီးပတ်ဝန်းကျင်ရှိ ဒေသခံပြည်သူများ ဝိုင်းဝန်း ထိန်းသိမ်း ကာကွယ် ခွင့်၊ အစုအဖွဲ့ပိုင် အဖြစ် လွယ်ကူစွာရရှိမှသာ သစ်တော သယံဇာတများ မပြုန်းတီး ဘဲ သောက်သုံးရေအပါအဝင် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်နိုင်မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ဝေးလံခေါင် သီသော တောင်ပေါ်ဒေသ ရှိ (၅) မိုင်ပတ်လည်အတွင်း သဘာဝသစ်တောများအား အနီးပတ်ဝန်း ကျင် ကျေးရွာများရှိ ဒေသခံပြည်သူများ ကိုယ်တိုင်ဥပဒေနှင့်အညီ ဝိုင်းဝန်းပူးပေါင်း ကာကွယ်ထိန်းသိမ်း ခွင့်ပြုရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနသည် ၁၉၉၅ ခုနှစ်က ထုတ်ပြန်ထားသော ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောများတည်ထောင်ခြင်းဆိုင်ရာ လုပ်ငန်းလမ်းညွှန်ကြားချက်များအရ သစ်တောကြိုးဝိုင်းနှင့် ကြိုးပြင် ကာကွယ်တောအတွင်းရှိ ဒေသခံ ပြည်သူများ ကိုယ်တိုင်ကိုယ်ကျ သစ်တောစိုက်ခင်းများ စိုက်ပျိုးတည်ထောင်းခြင်းဖြင့် ရရှိလာသော သစ်၊ တိုင်၊ မျှော၊ ထင်းနှင့် သစ်တောထွက်ပစ္စည်းများမှ ဝင်ငွေရရှိစေပြီး လူမှုစီးပွားရေး ဘဝမြှင့် တင် ပေးရန်၊ ဒေသခံပြည်သူများ၏ အခြေခံစားဝတ်နေရေး လိုအပ်ချက်ဖြည့်ဆည်းပေးရန်နှင့် နေ့စဉ်တွေ့ကြုံနေရသော လူမှုဘဝလိုအပ်ချက်များ ဖြည့်ဆည်းပေးရန် ရည်ရွယ်ချက် များဖြင့် ဒေသခံပြည်သူ အစုအဖွဲ့ပိုင် သစ်တောများကို တည်ထောင်ခြင်းကို စည်းကမ်းနှင့်အညီ ခွင့်ပြုပေး လျက်ရှိ ပါကြောင်း၊
ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းဆိုင်ရာညွှန်ကြားချက် (Community Forestry Instruction-CFI) အပိုဒ်(၅)တွင် ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ပြဋ္ဌာန်းချက်ရှိပါကြောင်း၊ (က) သဘာဝတောများ ပျက်စီးပြုန်းတီးပြီး သဘာဝအလျောက် ပြန်လည်ဖြစ်ထွန်းရန် ခက်ခဲသောနေရာဒေသများ၊ (ခ) ဒေသလိုအပ်ချက် အတွက် သစ်တောထွက်ပစ္စည်းများနှင့် ဝင်ငွေအခွင့်အလမ်းများ ထောက်ပံ့ ပေးနိုင်ရန် အလားအလာ ရှိသော နေရာဒေသများ၊ (ဂ) ညွှန်ကြားရေးမှူးချုပ်၏ ခွင့်ပြုချက်နှင့်အညီ သစ်တောဦးစီးဌာနက တည်ထောင်ခဲ့သော ကျေးရွာထင်းစိုက်ခင်းများ၊ (ဃ) မြေနှင့် ရေအရင်းအမြစ်များကို ထိန်းသိမ်းရန် လိုအပ်သည့်ဒေသများ တွင် ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းများလုပ်ကိုင်ရန် သင့်လျော်သည့်နေရာများ၊ (င) အကြောင်းရင်းတစ်ခုခုကြောင့် ဒေသခံလူထုက စီမံအုပ်ချုပ်သင့်သော သဘာဝတောများနှင့် (စ) အစဉ်အလာနှင့် ဓလေ့ထုံးစံ အရ ဒေသခံလူထုက စီမံအုပ်ချုပ် လုပ်ကိုက်လာခဲ့သော နေရာဒေသများကို ခွင့်ပြုမည်ဟု အတိအကျ ပြဋ္ဌာန်းဖော်ပြ ထားပါကြောင်း၊
ထိုနည်းတူ ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းများဆိုင်ရာ ညွှန်ကြားချက်များ အပိုဒ်(၄) တွင်လည်း ဒေသခံ ပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းများမှာ (က) ကြိုးဝိုင်း၊ ကြိုးပြင် ကာကွယ်တောများ၊ သဘာဝနယ်မြေများရှိ ကြားခံနယ်မြေများနှင့် အစိုးရက စီမံခန့်ခွဲခွင့်ရှိသည့် မြေများ၊ (ခ) အစိုးရအဖွဲ့အစည်းများ စီမံခန့်ခွဲသည့်မြေများနှင့် ပုဂ္ဂလိကနှင့်အစိုးရ မဟုတ်သော အဖွဲ့အစည်းများ ပိုင်ဆိုင်သည့်မြေများတွင် တည်ထောင်နိုင်ကြောင်းကိုလည်း အတိအကျပြဋ္ဌာန်း ညွှန်ကြားထားပါကြောင်း၊ ထို့ကြောင့် ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောတည်ထောင်ခြင်းဆိုင်ရာ ညွှန်ကြားချက်များတွင် သစ်တောများအတွင်း သို့မဟုတ် သစ်တောများအနီး (၅) မိုင်ပတ်လည် အတွင်း၌ ငါးနှစ်တစ်ဆက်တစ်စပ်တည်း အခြေချနေထိုင်ခဲ့သည့် ဒေသခံပြည်သူများအနက် သစ်တော လုပ်ငန်းကို စိတ်ဝင်စားပြီး သစ်တောကို အမှန်တကယ် မှီခိုအသုံးပြုပြီး တိုက်ရိုက် အကျိုးသက်ဆိုင်သော အိမ်ထောင်စုများနှင့် ဖွဲ့စည်းထားသည့် အသုံးပြုသူများအဖွဲ့ (User Group) များနှင့် ဒေသခံပြည်သူအစု အဖွဲ့ပိုင် သစ်တောလုပ်ငန်း ကို ဆောင်ရွက်နိုင် ပါကြောင်း၊
သို့သော် အစဉ်အလာနှင့် ဓလေ့ထုံးစံအရ ဒေသခံလူထုက စီမံအုပ်ချုပ်လုပ်ကိုင်လာခဲ့သည့် သစ်တောများကိုဖြစ်စေ၊ ဒေသအခြေအနေအပေါ်မူတည်ပြီး ခရိုင်သစ်တောအရာရှိက အတည်ပြု သတ်မှတ်ပေးလျှင်ဖြစ်စေ၊ ခြွင်းချက်အဖြစ် အကွာအဝေးနှင့် နေထိုင်ခဲ့သည့် အချိန်ကာလကို ထည့်သွင်းစဉ်းစားရန် မလိုပါကြောင်း၊ ကျေးရွာများအနီး (၅) မိုင် ပတ်လည်အတွင်းရှိ သစ်တောမြေ သို့မဟုတ် အစိုးရစီမံခန့်ခွဲသောမြေတွင် သဘာဝသစ်တောများကို ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တော တည်ထောင်ခြင်း နည်းလမ်းနှင့် ဒေသခံပြည်သူများကိုယ်တိုင် ထိန်းသိမ်းပြုစု ထုတ်ယူ သုံးစွဲနိုင်ကြောင်းကို ခွင့်ပြုထားပါကြောင်း၊
ဖော်ပြပါ ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းဆိုင်ရာ ညွှန်ကြားချက်ထုတ်ပြန်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောများကို တည်ထောင် ခွင့်ပြုရာတွင် ယခုအချိန်တွင် အစုအဖွဲ့ပိုင် စုစုပေါင်း ၂၀၄၂ အဖွဲ့၊ အဖွဲ့ဝင်ဦးရေ ၅၄၉၇၂ ဦးနှင့် ဧရိယာအားဖြင့် ၂၈၂၄၃၇.၂၂ ဧကကို သစ်တောနယ်မြေ၊ ကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တောနှင့် အစိုးရစီမံခန့်ခွဲခွင့်ရှိသော မြေများတွင် တည်ထောင်ခွင့်ဖြစ်ပါကြောင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်း အစုအဖွဲ့ပိုင်များအဖြစ် ၁၇၄ ဖွဲ့၊ အဖွဲ့ဝင်ဦးရေ ၇၆၇၄ ဦးနှင့် ဧရိယာ ၁၅၃၆၈.၅၅ ဧကကို တည် ထောင် ခွင့်ပြုထားပြီး ဖြစ်ပါကြောင်း၊
ယခုအချိန်တွင် ၁၉၉၅ ခုနှစ်က ထုတ်ပြန်ခဲ့သော ဒေသခံပြည်သူအစု အဖွဲ့ပိုင် သစ်တောလုပ်ငန်း ဆိုင်ရာ ညွှန်ကြားချက်များကို ခေတ်စနစ်နှင့် လိုက်လျောညီထွေအောင် နှစ် ၂၀ ကျော် အတွေ့အကြုံအရ ၁၆-၈-၂၀၁၆ ရက်နေ့ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၈၄/ ၂၀၁၆ ဖြင့် ပြန်လည်ပြင်ဆင်အတည်ပြုခဲ့ပါကြောင်း၊ သစ်တောဦးစီးဌာနက နှစ် ၃၀ ပင်မစီမံကိန်းတွင် ၂၀၃၀ ခုနှစ်တွင် မြန်မာနိုင်ငံ၏ ၃၀ ရာနှုန်းကုန်သော ကြိုးဝိုင်းကာကွယ်တောများနှင့် ဖွဲ့စည်းမည် ဖြစ်ပြီး ၁၀ ရာနှုန်းကို သဘာဝနယ်မြေက ဖွဲ့စည်းမည်ဖြစ်ပါကြောင်း၊ တစ်ဖက်ကလည်း သစ်တောနယ်မြေများကို တိုးချဲ့ဖွဲ့စည်းနေပြီး လုပ်သားပြည်သူများ၏ လိုအပ်ချက်ကိုလည်း ဒေသခံပြည်သူ အစုအဖွဲ့ပိုင် သစ်တောများဖြင့် ပြန်လည်ဖြည့်ဆည်းပေးနေပါကြောင်း၊ တစ်ဖက်ကလည်း သစ်တောကို မိမိတို့ ထိန်းသိမ်းစောင့်ရှောက်ရန်၊ တစ်ဖက်ကလည်း ကျေးရွာသူကျေးရွာသားများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် လုပ်ငန်းအဖြစ် သင့်လျော်ပြီး ယခုအတိုင်း ဆက်လက်ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊
သာစည်မြို့နယ် ဝေးလံခေါင်သီသော တောင်ပေါ်ဒေသရှိ (၅)မိုင် ပတ်လည်အတွင်းရှိ သဘာဝ သစ်တောနယ်မြေများကို အနီးပတ်ဝန်းကျင်ကျေးရွာများရှိ ဒေသခံပြည်သူများကိုယ်တိုင် ဥပဒေနှင့် အညီ ဝိုင်းဝန်းပူးပေါင်း ကာကွယ်ထိန်းသိမ်းခွင့်ပြုရန် အစီအစဉ် ရှိ/မရှိနှင့်ပတ်သက်ပြီး ဒေသခံပြည်သူ အစု အဖွဲ့ပိုင်သစ်တောလုပ်ငန်းဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ သတ်မှတ်ခွင့်ပြုနိုင်သည့် နေရာဒေသများတွင် ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောများကို လုပ်ကိုင်ခွင့်ရှိပါကြောင်းနှင့် သစ်တောဦးစီးဌာန အကူအ ညီနှင့် ဒေသခံပြည်သူများဟာ စနစ်တကျ တည်ထောင်ခွင့်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
