(ဂ)-ရခိုင်ပြည်နယ်၊ဘူးသီးတောင်၊မောင်တောနှင့် ရသေ့တောင် မြို့နယ်များတွင်မဟာလျှပ်စစ်ဓာတ် အားလိုင်းမှလျှပ်စစ်ဓာတ်အားပေးနိုင်ရန်အစီအစဉ် ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၂၀) ရက်မြောက်နေ့ (၂၅.၈.၂၀၁၆)

မေးခွန်း အကြောင်းအရာ 

aung thoung shweပထမအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ၁၅-၈-၂၀၁၂ ခုနှစ်တွင် ယခင် လွှတ်တော်ကိုယ်စားလှယ်က ကြယ်ပွင့်ပြမေးခွန်းအဖြစ် မေးမြန်းခဲ့သည့်အတွက် ကတိကဝတ် ဖြစ်ခဲ့သော်လည်း  ရန်ပုံငွေလျာထားသတ်မှတ်ရာတွင် ကန့်သတ်ထားခြင်း ခံနေရပါကြောင်း၊ ထို့ကြောင့် အစိုးရဝန်ကြီးဌာနအနေဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှုကင်းမဲ့ပြီး လစ်လျူရှုထားသလို ဖြစ်နေပါကြောင်း၊ ဘူးသီးတောင်မြို့ပေါ်တွင် လွန်ခဲ့သည့်နှစ်က လျှပ်စစ်မီးတိုင် စိုက်ထူခြင်းနှင့် လျှပ်စစ်မီးကြိုးသွယ်တန်းခြင်း လုပ်ငန်းကို လုပ်ကိုင်ခဲ့ရာတွင် မီးတိုင်များ၏ အောက်ခံအုတ်ခုံများ မရှိသည့်အတွက် ပြိုကျလျက်ရှိပါကြောင်း၊ မီးကြိုးသွယ်တန်းရာတွင်လည်း မီတာ box မရှိသည့် တချို့အိမ်မျာတွင် တစ်အိမ်ထောင်လျှင် ငွေ ၉၀၀၀ ကျပ်ဖြင့် ကုမ္ပဏီဝန်ထမ်းများနှင့် EPC ဝန်ထမ်းများမှ ကောက်ခံယူသွားပါကြောင်း၊ ဘူးသီးတောင်မြို့နယ်တွင် အစိုးရက လောင်စာဆီ ခွဲတမ်းပေးနေ သည်ဆိုသော်လည်း လျှပ်စစ်မီး တစ်နေ့လျှင် ၃ နာရီခွဲခန့်သာ ရရှိလျက်ရှိပါကြောင်း၊ ရခိုင်ပြည်နယ်သည် သဘာဝဓာတ်ငွေ့ ပေါကြွယ်ဝသည့် ပြည်နယ်တစ်ခုဖြစ်ပါလျက် ယနေ့အထိ လျှပ်စစ်မီးမရရှိသည့်အပြင် အဆင်းရဲဆုံး ပြည်နယ်တစ်ခုဖြစ်နေပါကြောင်း၊ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်၊ မောင်တောနှင့် ရသေ့တောင်မြို့နယ်များတွင် မဟာဓာတ်အားလိုင်းမှ လျှပ်စစ် ဓာတ်အားပေးရန် အစီအစဉ်ရှိ/မရှိနှင့် မရှိပါက အဘယ်ကြောင့်မရှိပါသနည်း၊ ရှိပါက မည်သည့် အချိန် တွင် ဆောင်ရွက်ပေး မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပြည်ထောင်စုဝန်ကြီး ဦးဖေဇင်ထွန်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ
ဖြေကြားချက် 

phe zin tunလျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနအနေဖြင့် ရခိုင်ပြည်သူများနှင့် ရခိုင်ဒေသဖွံ့ဖြိုးတိုးတက် စေရန်အတွက် ရခိုင်ပြည်နယ်သို့ မဟာဓာတ်အားလိုင်းစနစ်မှ လျှပ်စစ်ဓာတ်အား ပို့လွှတ်ဖြန့်ဖြူး ပေးနိုင်ရန် ဥသျှစ်ပင်-ပုဏ္ဏားကျွန်း ၂၃၀ ကေဗွီမဟာဓာတ်အားလိုင်း ၃၀၉ မိုင်၊ ၂၃၀ ကေဗွီ ဓာတ်အားခွဲရုံများဖြစ်သည့် တောင်ကုတ်၊ ကျောက်ဖြူ၊ အမ်း၊ ပုဏ္ဏားကျွန်းဓာတ်အားခွဲ ရုံကြီး လေးရုံကို အိန္ဒိယနိုင်ငံချေးငွေ အမေရိကန်ဒေါ်လာ ၆၄.၀၇ သန်း နှင့် နိုင်ငံတော်ရန်ပုံငွေကျပ် ၃၆.၅ ဘီလီယံနှင့် တည်ဆောက်ခဲ့ပြီးဖြစ်ပါကြောင်း၊

ဓာတ်အားဆက်လက် ဖြန့်ဖြူးနိုင်ရန်အတွက် တောင်ကုတ်ပင်မ ဓာတ်အားခွဲရုံမှတစ်ဆင့် တောင်ကုတ် (ဘာရေ) -တောင်ကုတ်မြို့ ၆၆ ကေဗွီဓာတ်အားလိုင်း ၉ မိုင်နှင့် ဓာတ်အားခွဲရုံ၊ တောင်ကုတ်-သံတွဲ ၆၆ ကေဗွီဓာတ်အားလိုင်း ၃၀ မိုင်နှင့် ဓာတ်အားခွဲရုံ၊ တောင်ကုတ်-မအီ ၆၆ ကေဗွီဓာတ်အားလိုင်း ၄၅.၆၅ မိုင်နှင့် ဓာတ်အားခွဲရုံများအားလည်းကောင်း၊ ကျောက်ဖြူပင်မ ဓာတ်အားခွဲရုံမှတစ်ဆင့် ကျောက်ဖြူ-ရမ်းဗြဲ ၆၆ ကေဗွီဓာတ်အားလိုင်း ၄၁ မိုင်နှင့် ဓာတ်အားခွဲရုံ၊ ကျောက်ဖြူ (GT)- ကျောက်ဖြူ ၆၆ ကေဗွီဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများအားလည်းကောင်း၊ ပုဏ္ဏားကျွန်းပင်မ ဓာတ်အားခွဲရုံမှတစ်ဆင့် ပုဏ္ဏားကျွန်း-စစ်တွေ ၆၆ ကေဗွီ အမှတ်(၁)နှင့် အမှတ်(၂) ဓာတ်အားလိုင်း စုစုပေါင်း ၄၄ မိုင်နှင့် ဓာတ်အားခွဲရုံ၊ ပုဏ္ဏားကျွန်း-မြောက်ဦး ၆၆ ကေဗွီဓာတ်အားလိုင်း ၃၅.၃၇ မိုင်နှင့် ဓာတ်အားခွဲရုံ၊ ပုဏ္ဏားကျွန်း-ကျောက်တော် ၆၆ ကေဗွီ ဓာတ်အားလိုင်း ၃၅.၇၁ မိုင်နှင့် ဓာတ်အားခွဲရုံ များကိုလည်းကောင်း၊ နိုင်ငံခြားငွေ အမေရိကန် ဒေါ်လာသန်းပေါင်း ၉.၀၉၄ သန်း၊ နိုင်ငံတော်ရန်ပုံငွေကျပ် ၂၁.၅၆ ဘီလီယံနှင့် ကုန်ကျခံ တည်ဆောက်ခဲ့ပြီး ဖြစ်ပါကြောင်း၊

ရခိုင်ပြည်နယ်အတွင်းရှိ သံတွဲမြို့၊ တောင်ကုတ်မြို့၊ မအီမြို့၊ ကျောက်ဖြူမြို့၊ ရမ်းဗြဲမြို့၊ အမ်းမြို့၊ မြောက်ဦးမြို့၊ ပုဏ္ဏားကျွန်းမြို့၊ စစ်တွေမြို့၊ ကျောက်တော်မြို့နှင့် အနီးပတ်ဝန်းကျင် ဒေသများအား မဟာဓာတ်အားလိုင်းမှ ၂၀၁၄ ခုနှစ်ကတည်းက ဓာတ်အားဖြန့်ဖြူး ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ် အတွင်း လက်ရှိဆောင်ရွက်နေသည့် စီမံကိန်းများထဲမှ ရက် ၁၀၀ စီမံချက်အတွင်း ထည့်သွင်းဆောင်ရွက်ခဲ့သည့် မန်း-အမ်း ၂၃၀ ကေဗွီဓာတ်အားလိုင်း ၆၇ မိုင် တွင် လုပ်ငန်းများ ဆောင်ရွက်ပြီး ဖြစ်သည့်အတွက် ၂၅-၇-၂၀၁၆ ရက်နေ့တွင်လည်းကောင်း၊ ကျောက်ဖြူ- ကျောက်ဖြူ (SEZ) ၆၆ ကေဗွီ အမှတ် (၁) နှင့် အမှတ် (၂) ဓာတ်အားလိုင်း ၁၀ မိုင်နှင့် ဓာတ်အားခွဲရုံ စီမံကိန်းများသည် ၂၀-၇-၂၀၁၆ ရက်နေ့တွင်လည်းကောင်း ဓာတ်အား ပို့လွှတ် နိုင်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ဆောင်ရွက်ဆဲစီမံကိန်းများတွင် ကျောက်ဖြူ-မဒဲ ၆၆ ကေဗွီ အမှတ်(၁)နှင့် အမှတ်(၂) ဓာတ်အားလိုင်း ၂၈ မိုင်နှင့် ဓာတ်အားခွဲရုံ၊ မြောက်ဦး-မင်းပြား ၆၆ ကေဗွီ ဓာတ်အား လိုင်း ၂၀ မိုင်နှင့် ဓာတ်အားခွဲရုံ၊ ပုဏ္ဏားကျွန်း-ရသေ့တောင်-ဘူးသီးတောင်-မောင်တော ၆၆ ကေဗွီ ဓာတ်အားလိုင်း ၇၈ မိုင်နှင့် ဓာတ်အားခွဲရုံ၊ အသုတ်-ဂွ ၆၆ ကေဗွီဓာတ်အား လိုင်း ၆၂ မိုင်နှင့် ဓာတ်အားခွဲရုံတို့ဖြစ်ပါကြောင်း၊

ကျန်ရှိနေသည့် မြို့များမီးလင်းရေးအတွက် လိုအပ်သည့် ဓာတ်အားလိုင်းများ၊ ခွဲရုံများကို နိုင်ငံတော်၏ ရန်ပုံငွေရရှိမှုအပေါ် မူတည်ပြီး ဆက်လက်ဆောင်ရွက်နေပါကြောင်း၊ ရခိုင်ပြည်နယ် ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော မြို့နယ်များသို့ မဟာဓာတ်အားလိုင်းမှ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးရန် စီစဉ်ထားရှိပြီးဖြစ်ပါကြောင်း၊ ၎င်း စီမံကိန်းအား ၂၃၀ ကေဗွီ ပုဏ္ဏားကျွန်း ဓာတ်အားခွဲရုံမှတစ်ဆင့် ပုဏ္ဏားကျွန်း-ရသေ့တောင်-ဘူးသီးတောင်-မောင်တော ၆၆ ကေဗွီဓာတ်အားလိုင်း ၇၈ မိုင်ခန့်နှင့် ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော ၆၆ ကေဗွီဓာတ်အားခွဲရုံများ တည်ဆောက်ရန်ဖြစ်ပြီး စီမံကိန်းတန်ဖိုး ကျပ်သန်းပေါင်း ၂၀၃၆၀ ဖြင့် ပြည်တွင်းတိုင်းရင်းသား ကုမ္ပဏီဖြစ်သည့် Champion Construction Co.,Ltd မှ Turnkey စနစ်ဖြင့် ဆောင်ရွက်သွားရန် ၁၅-၂-၂၀၁၆ ရက်နေ့တွင် စာချုပ်ချုပ်ဆိုထားပြီးဖြစ်ပါကြောင်း၊ သို့ရာတွင် အဆိုပါစီမံကိန်းများအတွက် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေစီမံကိန်း တန်ဖိုး၏  ၂ ရာခိုင်နှုန်းဖြစ်သည့် ကျပ် ၃၅၄  သန်းခန့်နှင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေစီမံကိန်းတန်ဖိုး ၏ ၃ ရာခိုင်နှုန်း ကျပ် ၆၁၁  သန်းခန့် ရရှိထားပြီးဖြစ်ပါကြောင်း၊ ကုမ္ပဏီကို Dawn Payment ကျပ် ၃၅၄ သန်းခန့် ပေးချေထားပြီးဖြစ်ပါကြောင်း၊ ယခုနှစ်အတွက် လုပ်ငန်းဆောင်ရွက်မှု အနေဖြင့် ဓာတ်အားလိုင်းအူကြောင်း တိုင်းတာခြင်း၊ တာဝါတိုင်ဒီဇိုင်း ရေးဆွဲခြင်းနှင့် ပုံစံထုတ်ခြင်း၊ ဓာတ်အားခွဲရုံများအတွက် မြေနေရာရရှိရေးဆောင်ရွက်ခြင်း၊ ခွဲရုံတည်ဆောက်မည့် Layout Plan များရေးဆွဲခြင်းနှင့် ခွဲရုံ၌လိုအပ်သည့် ပစ္စည်းများ နိုင်ငံခြားမှ မှာယူတင်သွင်းနိုင်ရေး ဆောင်ရွက်ခြင်း လုပ်ငန်းများကို ဆောင်ရွက်နေပါကြောင်း၊ အဆိုပါ စီမံကိန်းအတွက် ထပ်မံလိုအပ်သည့် ရန်ပုံငွေများကို ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် ထည့်သွင်း လျာထား သွားမည်ဖြစ်ပြီး ရန်ပုံငွေရရှိမှုအပေါ် မူတည်၍ လုပ်ငန်းများကိုပြီးစီးအောင် ဆောင်ရွက် သွားမည် ဖြစ်ပါကြောင်း၊ စီမံကိန်း၏ စာချုပ်အရ ပြီးစီးမည့်အချိန်သည် ၂၀၂၀ ခုနှစ်ဟု သတ်မှတ် ထားပါကြောင်း၊ ရှင်းလင်းဖြေကြားပါသည်။