ပဲခူးတိုင်းဒေသကြီး၊ ကျောက်တန်းရွာပန်းပျိုးလက်ဘုန်းတော်ကြီးကျောင်းတွင် တိုင်းရင်းသား ကလေးများ နှစ်စဉ် ကျောင်းသားကျောင်းသူ ၄၀၀ ခန့်၊ ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့နယ် Yellow Generation Wave (YGW) မိဘမဲ့ ဘကကျောင်း တွင် ရှမ်းပြည်နယ်၊ စစ်ဘေးသင့်ဒေသများမှ ခိုကိုးရာမဲ့တိုင်းရင်း သားကလေးငယ် ၁၂၀ ကျော်၊ နေပြည်တော်၊ လယ်ဝေးက စမတောင်လူငယ်ဖွံ့ဖြိုးရေးဥယျာဉ်မှ ရက်သား၊ လသားအရွယ်မှ အထက်တန်းပညာနှင့် အဆင့်မြင့် ပညာ သင်ကြားနေသူများအထိ ရှိနေပြီး ဘွဲ့ရ ကျား ၄ ဦး၊ မ ၂၀ ဦးနှင့် ကလေးသူငယ်ပေါင်း ၆၀၀ ကျော်ရှိနေကြပါကြောင်း၊
မိမိတို့မရမ်းကုန်းမြို့နယ်ရှိ ဘကကျောင်းများအနက် ကုမာရ်ရာရာမ မူလွန်ဘုန်းတော်ကြီး ပညာ သင်ကျောင်း၏ ပဓာနဆရာတော်ဘဒ္ဒန္တကုမာရ်ရ ဆရာတော်ကြီးမှလည်း မိမိ၏ကျောင်းတွင် ရှိနေသည့် မိဘမဲ့ ကလေး သူငယ်များအား မွေးစာရင်းမရှိခြင်း၊ သန်းခေါင်စာရင်းမရှိခြင်းများကြောင့် အစစအရာရာ နိမ့်ကျပြီး နိုင်ငံမဲ့ကလေးများသဖွယ် အခွင့်အရေး ဆုံးရှုံးနေရခြင်း ဖြစ်သည့်အတွက်ကြောင့် နိုင်ငံတော် အနေဖြင့် ယခုအခါ ဘကကျောင်းတွင် ပညာသင်နေသော အ.မ.က ဆရာ/မတစ်ဦးကို ၃၆၀၀၀ ကျပ်၊ အ.လ.က ဆရာ/မတစ်ဦးကို ၄၁၀၀၀ ကျပ် လစဉ်ထောက်ပံ့ပေးနေခြင်းနှင့် ဘက ကျောင်းသားလေးများ အပါအဝင် မူလတန်းကျောင်းသား ငါးသန်းကျော်ကို စာရေးကိရိယာနှင့် စာအုပ်များထောက်ပံ့ပေးခြင်းကို သိရှိရပါကြောင်း၊ တစ်နိုင်ငံလုံး အတိုင်းအတာနှင့် ဘကကျောင်းများ ၁၆၀၀ ကျော် အပါအဝင် မိဘမဲ့ကလေးများကို စောင့်ရှောက်ထားသည့် ဌာနများတွင် တိုင်းရင်းသား ကလေးငယ်များ အရေးတကြီး လိုအပ်နေခြင်းကြောင့် နိုင်ငံသားစိစစ်ရေး ကတ်မရရှိခြင်းကို မည်ကဲ့သို့ လုပ်ဆောင်ရမည်ကို မသိခြင်းဖြစ်နေပါကြောင်း၊
တည်ဆဲဖြစ်သည့် ၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသား ဥပဒေအရ မြန်မာသက္ကရာဇ် ၁၁၈၅ ခုနှစ်၊ ခရစ် သက္ကရာဇ် ၁၈၂၃ ခုနှစ်မတိုင်မီကတည်းက အခြေချနေထိုင်ခဲ့ကြသည့် တိုင်းရင်းသားများနှင့် မျိုးနွယ်စုများသည် နိုင်ငံသားများဖြစ်ကြပြီး တိုင်းရင်းသားမိဘနှစ်ပါးမှ မွေးဖွားလာသူတိုင်းသည် မွေးရာပါ နိုင်ငံသားများဖြစ်ကြောင်းကို ပြဋ္ဌာန်းထားပြီးဖြစ်ပါကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၁ ပုဒ်မခွဲ (က) ပါ နိုင်ငံသားတိုင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် သတ်မှတ်ပြဋ္ဌာန်းထားသည့် တန်းတူညီမျှ အခွင့်အရေး၊ လွတ်လပ်မှု အခွင့်အရေး၊ တရားမျှတမှုအခွင့်အရေးတို့ ခံစားခွင့်ရှိသည်ဆိုသည့် နိုင်ငံတော်၏ အခြေခံမူများအတိုင်း မျှတသည့် ဘဝရပ်တည်ရှင်သန်မှုအတွက် နိုင်ငံသားစိစစ်ရေး ကတ်ရရှိရန် အထူးလိုအပ်ချက်ဖြစ်နေပါကြောင်း၊
ထို့ကြောင့် ပရဟိတဘုန်းကြီးကျောင်းများတွင် မှီခိုပြီး ပညာသင်ကြားနေကြသော မိမိတို့၏ နိုင်ငံသား တိုင်းရင်းသား မိဘမဲ့ကလေးများကို နိုင်ငံသားကတ်စိစစ်ထုတ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်ကဲ့သို့ ဆောင်ရွက်နေသည် ကို မြန်မာပြည် တစ်ဝှမ်းရှိ ဘကဆရာတော်များ၊ ပရဟိတအကျိုး ဆောင်ပုဂ္ဂိုလ်များ၊ ပြည်သူများသိရှိခွင့်ရအောင်နှင့် မရှိသေးပါက ဥပဒေ၊ နည်းဥပဒေနှင့်အညီ စီမံဆောင်ရွက်ပေးစေ လိုပါကြောင်းဖြင့် မေးမြန်းပါသည်။
မိဘမဲ့ ဂေဟာ/ကျောင်းများတွင် နေထိုင်သည့် တိုင်းရင်းသားမိဘမဲ့ ကလေးငယ်များအတွက် အိမ်ထောင်စု လူဦးရေစာရင်းကို ညွှန်ကြားချက်နှင့်အညီ ဂေဟာလိပ်စာ ပရဟိတကျောင်း မိဘမဲ့ကလေးများ စုပေါင်း ထုတ်ပေးထားရန်နှင့် အသက် အရွယ်အရ သတ်မှတ်ထားသည့် ကတ်ပြားတစ်မျိုးမျိုးထုတ်ပေး နိုင်ရေးအတွက် မိဘအချက်အလက်များ မသိရှိနိုင်သော်လည်း ဥပဒေအရ တိုင်းရင်းသားတိုင်းနှင့် တိုင်းရင်းသား မိဘနှစ်ပါး မှ မွေးဖွားသူ မှန်ကန်ပါက မွေးရာပါနိုင်ငံသား အဖြစ်ထားရှိရန် ဖြေလျော့ နည်းလမ်းအရ ဖွဲ့စည်းပေးထားသည့် ဥက္ကဋ္ဌအဖြစ် မြို့နယ် လ.ဝ.က ဦးစီးမှူး၊ အဖွဲ့ဝင်များအဖြစ် မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စီမံကိန်း ရေးဆွဲရေးဦးစီးဌာနများမှ ကိုယ်စား လှယ်တစ်ဦးစီနှင့် အတွင်းရေးမှူးအဖြစ် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ပါဝင်သည့် မြို့နယ်နိုင်ငံသား စိစစ်ရေးကတ်ပြားထုတ်ပေးရေး လုပ်ငန်းစိစစ်ကြီးကြပ်ရေးအဖွဲ့ (၅) ဦးကော်မတီဖြင့် အောက်ဖော်ပြပါအတိုင်း လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင် ဦးစီးဌာန လက်အောက်တွင် ရှိသည့်ဌာနများ ကို ညွှန်ကြားထားပြီးဖြစ်ပါကြောင်း၊
ဖခင်အမည်ကို မသိရှိပါက သက်ဆိုင်ရာကျောင်းအုပ် သို့မဟုတ် ကျောင်းအုပ်အမျိုးသမီး ဖြစ်ပါက အမျိုးသားကျောင်းဆရာတစ်ဦးဦး မွေးစားဖခင်အဖြစ် နိုင်-၂ရှိ ဖခင်အမည်တွင် ဖြည့်သွင်းပြီးမှ အမည်နောက်မှ (မွေးစားဖခင်) ဟု ဖော်ပြရန်ဖြစ် ပါကြောင်း၊ နိုင်ငံစိစစ်ရေး ကတ်ပြားတွင် ဖခင်အမည်သာ ဖော်ပြပြီး (မွေးစားဖခင်) ဟု ဖြည့်သွင်းခြင်းမပြုရန်ဖြစ်ပါကြောင်း၊ မိခင်အမည်မသိပါကလည်း အထက်ဖော်ပြထားသည့်နည်းအတိုင်း ဖော်ပြသွားရန်ဖြစ်ပါကြောင်း၊ လူမျိုးနှင့်ပတ်သက်ပြီး ဆုံးဖြတ်နိုင် မည်ဆိုပါက လူမျိုးအမှန်ကို ဖော်ပြသွားရန်ဖြစ်ပါကြောင်း၊ လူမျိုးအမည် မဆုံးဖြတ်နိုင်ပါက အုပ်ထိန်းသူနှင့် မြို့နယ်(၅)ဦး ကော်မတီအဖွဲ့မှ စိစစ်ပြီးသတ်မှတ်သည့် လူမျိုးအမည်ကို ဖော်ပြရန် ဖြစ်ပါကြောင်း၊
ပရဟိတဘုန်းတော်ကြီး ကျောင်းများတွင် မှီခိုပညာသင်ကြားနေသည့် မိမိနိုင်ငံသား တိုင်းရင်းသား မိဘမဲ့ ကလေးငယ်များအား နိုင်ငံသားစိစစ်ရေးကတ်ထုတ်ပေးမှုနှင့် ပတ်သက်ပြီး အထက်ပါညွှန်ကြားချက် အတိုင်း လုပ်ငန်း စဉ်များ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဖခင်အမည်တွင် ဖြည့်သွင်းမှုနှင့် ပတ်သက်ပြီး ဖခင်အမည်အရင်းကိုသိရှိမည်ဆိုလျှင် ဖခင်အမည်အရင်း ဖြည့်သွင်းရန်ဖြစ်ပါကြောင်း၊ မသိရှိလျှင်လည်း ဘုန်းတော်ကြီး ပညာသင်ကျောင်း တာဝန်ခံဆရာတော်၏ ဘွဲ့အမည် ကို ဖြည့်သွင်းပြီး အမည်နောက်မှ (အုပ်ထိန်းသူ) ဟု ကိုယ်ရေးပုံစံ နိုင်-၂ နှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများတွင် ဖြည့်သွင်းပြီး ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ ပရဟိတဘုန်းတော်ကြီး ကျောင်းများမှ တိုင်းရင်းသား ကလေးငယ်များ အတွက် နိုင်ငံသားစိစစ်ရေး ကတ်ပြား ထုတ်ပေးရေးကို လျင်မြန် လွယ်ကူ ချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် ဌာနအနေဖြင့် ပူးပေါင်းကူညီ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းရှင်းလင်း ဖြေကြားပါသည်။
