မေးခွန်း အကြောင်းအရာ
မိမိတို့နိုင်ငံတွင် ကျေးရွာပေါင်း ခြောက်သောင်းကျော်ရှိပြီး ကျေးရွာများရှိ အစိုးရပညာသင်ကျောင်း အချို့တွင် အစိုးရခန့်ဆရာ/မများနှင့် လုံလောက်မှုမရှိသဖြင့် နီးစပ်ရာဘွဲ့ရ ပညာတတ်များကို အလျဉ်းသင့် သလို ဆွဲခန့်ဆရာမများအဖြစ် လစာငွေကျပ်ခြောက်သောင်းမှ ခုနှစ်သောင်းနီးပါးထိ ငှားရမ်းပြီး ပညာသင်ကြားစေခဲ့ရပါကြောင်း၊ ဆင်းရဲနွမ်းပါးသည့် မိဘများအတွက် များကောင်းများမည် ဖြစ်သော်လည်း ဘွဲ့ရဆွဲခန့် ဆရာ/မများ၏ တစ်လဝင်ငွေမှာအလွန်နည်းပါးနေ သည်ကို တွေ့ရှိရပါကြောင်း၊
ဘွဲ့ရပြီးသည့် လူငယ်များထဲမှ ပညာရေးလောကကို စိတ်ဝင်စားကြသော လူငယ်အချို့သည် ပညာရေးဝန်ထမ်းအဖြစ် အစိုးရမှရွေးချယ်ခန့်ထားခြင်း မပြုသေးသော်လည်း ကျေးရွာများရှိ ကျောင်းများ၏ ပညာရေးလိုအပ်ချက်အရ ပထမအပိုင်းတွင်လုပ်အားပေးအဖြစ် လုပ် ခဲ့ကြရပြီး နောက်ပိုင်းတွင် ကျောင်းသား မိဘများက စေတနာနှင့်ထောက်ပံ့ရင် လစာအဖြစ် ရရှိကြခြင်းဖြစ်ပါကြောင်း၊ အစိုးရက ဆရာ/မ အဖြစ် ခေါ်ယူသည့် အချိန်များတွင် လျှောက်လွှာများ လျှောက်ထားခဲ့သော်လည်း အကြောင်း အမျိုးမျိုးကြောင့် အစိုးရခန့် ဆရာ/မများ အဖြစ် ခန့်ထားခြင်းမခံရခြင်းများလည်း ရှိနေပါကြောင်း၊
ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၁) ပုဒ်မ ၂၅ တွင် နိုင်ငံတော်သည် အသိပညာရှင်၊ အတတ် ပညာရှင်များ၏ အကျိုးကို ကူညီဆောင်ရွက်ရမည် ဟူ၍လည်းကောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၈ ပုဒ်မခွဲ (က) တွင်လည်း ပြည်သူများ၏ပညာရေးနှင့် ကျန်းမာရေးဖွံ့ဖြိုးတိုး တက်ရေးတို့အတွက် အလေးထား ဆောင်ရွက်ရမည်ဟူ၍လည်းကောင်း ပြဋ္ဌာန်းပါရှိပါသည်။ သို့ဖြစ်ပါ၍ ဘွဲ့ရပညာတတ်ချင်း အတူတူ ပညာရေးလောကကို အနစ်နာခံ၍ ဆောလျင်စွာတာဝန်ထမ်းဆောင်ခဲ့သော ရွာခန့်၊ ဆွဲခန့် ဆရာ/မများ၏ ဘဝအခြေအနေအား စာနာထောက်ထားသော အားဖြင့်လည်းကောင်း၊ ကန့်သတ်ချက်များ၊ လုပ်သက်များ ကိုကြည့်၍ သုံးနှစ်ဖြစ်စေ၊ ငါးနှစ်ဖြစ်စေ သတ်မှတ်၍လည်းကောင်း ကျေးရွာများမှ တတ်နိုင်သော လစာငွေ ကြေးဖြင့် ညှိနှိုင်း၍ ငှားရမ်းထားသော ရွာခန့်၊ ဆွဲခန့်ဆရာ/မများအား အစိုးရခန့် ပညာရေးဝန်ထမ်း ဆရာ/မများအဖြစ် ခန့်ထားပေးရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်မရှိသေးပါက မည်သည့်အတွက်ကြောင့် မရှိသေးကြောင်း၊ အစီအစဉ်ရှိပါက မည်သည့်အချိန်မှစ၍ မည်သည့် စည်းကမ်းချက်များ သတ်မှတ်၍ ခန့်သွား ပေးသွားမည်ဖြစ်ကြောင်းကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနအနေဖြင့် အခြေခံပညာကဏ္ဍတွင်ရှိသည့် ကျောင်းများတွင် လိုအပ်နေသော ဆရာ/မများကို ဖြည်ဆည်းခန့်ထား နေ့စားလပေး (မူလတန်းပြ) ဆရာ/မများအဖြစ် လျှောက်ထားနိုင်ရန်အတွက် သတင်းစာများတွင် ခေါ်ယူခဲ့ပြီး သက်ဆိုင်ရာ မြို့နယ်များတွင် ရေးဖြေစာမေးပွဲ ဖြေဆိုဆိုခြင်း၊ လူတွေ့စစ်ဆေးမေးမြန်းခြင်းများကို ပြုလုပ်ပြီး ရွေးချယ်ခံရပါက နေ့စားလပေး (မူလတန်းပြ)အဖြစ် ခန့်အပ်တာဝန်ပေးပါကြောင်း၊ အဆိုပါ နေ့စားလပေး (မူလတန်းပြ) များကို ကျောင်းဖွင့်ချိန်မတိုင်မီ မေလတွင်ကျင်းပပြုလုပ်သည့် မြို့နယ်အခြေပြု နေ့စားလပေး မူလတန်း ဆရာအဖြစ် သင်တန်းတက်ရောက်စေပြီး သင်တန်းဆင်းသူများကို (အတည်ပြု) ခန့်ထား ပေးအပ်လျက်ရှိပါကြောင်း၊ အခြေခံပညာဦးစီးဌာနသည် တစ်နိုင်ငံလုံးအတိုင်းအတာ အနေဖြင့်နေ့စား လပေး (မူလတန်းပြ) ဆရာ/မများကို ၂၀၁၃ ခုနှစ် မှ ၂၀၁၅ ခုနှစ်ထိ ၇၁၂၂၇ ဦးကို ခန့်ထားပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ ၂၀၁၆-၁၇ ပညာသင်နှစ်အတွက်လည်း ၂၄၈၈၈ ဦးကို နေ့စားလပေး (မူလတန်းပြ) ဆရာ/မများအဖြစ် ကျောင်းမဖွင့်မီခန့်ထားပေးနိုင်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ဒါကြောင့် အခြေခံပညာ ကျောင်းများတွင် မူလတန်း၊ အလယ်တန်း၊ အထက်တန်းဆရာ/မများနှင့် အရာထမ်း၊ အမှုထမ်းစုစုပေါင်း လေးသိန်းကျော် တာဝန်ထမ်းဆောင်လျက် ရှိကြပါကြောင်း၊ နေ့စားလပေး မူလတန်းပြ ခေါ်ယူအပေါ် လျှောက်ထားရာတွင် အောက်ဖော်ပါ သတ်မှတ်ချက်များနှင့်အညီ သက်ဆိုင်ရာမြို့နယ် ပညာရေးမှူးရုံးများ တွင် လျှောက်လွှာများထုတ်ယူ၍ လျှောက်ထားနိုင်ပါကြောင်း၊ ၎င်းတို့မှာ (က) ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံသားဖြစ်ရပါမည် (ခ) ဘွဲ့တစ်ခုခုရရှိပြီးသူ ဖြစ်ရမည်။ (ဂ) အသက်ကန့်သတ်ချက်- (၃၁-၅-၂၀၁၆) ရက်နေ့တွင် Ph.D ဘွဲ့ရရှိသူများသည် ၄၀ နှစ် နှင့်အောက်၊ M.Res ဘွဲ့ရရှိသူများသည် ၃၆ နှစ်နှင့်အောက်၊ M.A, M.SC မဟာဘွဲ့ ရရှိသူများသည် ၃၅ နှစ်နှင့်အောက် B.A, B.SC သို့မဟုတ် အခြားဘွဲ့ တစ်ခုခုရရှိသူများသည် ၃၀ နှစ်နှင့်အောက် ဖြစ်ရမည်ဆိုသည့် အရည်အချင်း ကန့်သတ်ချက်များနှင့် ပညာအရည်အချင်းအတွက် ဘွဲ့လက်မှတ်မိတ္တူ၊ တက္ကသိုလ်ဝင် အောင်လက်မှတ် မိတ္တူ တင်ပြနိုင်သူ ဖြစ်ရမည်။ လူတွေ့ဖြေဆိုစဉ် ဘွဲ့လက်မှတ်မူရင်း၊ တက္ကသိုလ်ဝင် အောင်လက်မှတ် မူရင်းနှင့် လိုအပ်သည့် အထောက်အထားများ တင်ပြနိုင်သူဖြစ်ရမည်။ (ဃ) ခန့်ထားပါက ဒေသမရွေး သွားရောက်တာဝန် ထမ်းဆောင်နိုင်သူဖြစ်ရမည်။ (င) ပညာရေးဌာနတွင် အနည်းဆုံး ငါးနှစ် တာဝန် ထမ်းဆောင်နိုင်သူ ဖြစ်ရမည်။ (စ) တာဝန်ကျရာဒေသတွင် မူလတန်းပြ (နေ့စားလပေး) အဖြစ် တစ်နှစ်နှင့် မူလတန်းပြ (အမြဲတမ်းဝန်ထမ်း) အဖြစ် နှစ်နှစ်၊ စုစုပေါင်း သုံးနှစ်တာဝန်ထမ်းဆောင် နိုင်သူဖြစ်ရမည်။ (ဆ) ဝေးလံခက်ခဲသော ဒေသများတွင် ဘွဲ့ရလျှောက်ထားသူမရှိပါက ဒေသခံ တက္ကသိုလ် ဝင်တန်း အောင်မြင်သူ အသက် ၁၈ နှစ်ပြည့်ပြီးသူများ၊ ၂၅ နှစ်နှင့် အောက်များအား စာချုပ်ဖြင့် နေ့စားယာယီ ခန့်ထားမည်။ ဘွဲ့ရပြီးပါက အမြဲတမ်းဝန်ထမ်းအဖြစ် ခန့်ထားမည်။ (ဇ) ဝေးလံခက်ခဲသော ဒေသများတွင် ဘွဲ့ရ/ဒေသခံ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး လျှောက်ထားသူမရှိပါက ဒေသခံ အခြေခံပညာ အလယ်တန်းဆင့်ပြီးမြောက်သူ အသက် ၁၈ နှစ် ပြည့်ပြီး အသက် ၂၅ နှစ်အောက်များအား သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် ပညာရေးမှူးရုံးမှ အထက်ဖော်ပြပါ အရည်အချင်းများကို တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များထံ တင်ပြ၍အတည်ပြုချက် ရယူပြီး နေ့စား ယာယီခန့်ထားမည်။ (ဈ) လျှောက်ထားသူများအား သတ်မှတ်ချိန်တွင် ရေးဖြေဖြေဆိုခြင်း၊ လူတွေ့စစ်ဆေးခြင်းများ ပြုလုပ်သွားမည်။ (ည) တာဝန်ထမ်းဆောင်ခွင့်ရ၍ တစ်နှစ်ပြည့်လျှင် မူလတန်းဆရာအတတ်ပညာ စာပေးစာယူသင်တန်း တက်ရောက်ပြီးပါက မူလတန်းပြ (အမြဲတမ်း) ဝန်ထမ်းအဖြစ် ခန့်ထားလျက် ရှိခြင်းကြောင့် အထက်ပါ သတ်မှတ်ချက်များနှင့် ကိုက်ညီပါက ထည့်သွင်းစဉ်းစား ဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ အရည်အသွေး မြင့်မားသည့် ဆရာ/မများကို ပညာရေးဝန်ကြီးဌာနအနေဖြင့် တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များနှင့် ပူးပေါင်းခန့်ထားလိုပါကြောင်း၊ အရည်အချင်းပြည့်ဝသော ဆရာ/မများကို စိစစ်ခန့်ထားလိုပါကြောင်းနှင့် အထူးလိုအပ်ပါက တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များနှင့် ပူးပေါင်း၍ အတည်ပြုချက်ရယူပြီး ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း ရှင်းလင်း ဖြေကြားပါသည်။
ဦးဝင်းဝင်း (မင်းဘူးမဲဆန္ဒနယ်) ကဆက်စပ် မေးခွန်းမေးမြန်းပါသည်။
ကျေးရွာတွင်ရှိသည့် ရွာမှငှားသည့် ဆရာ/မများသည် များသောအားဖြင့် B.SC, B.A ရိုးရိုးဘွဲ့များဖြင့် ရရှိထားပြီး M.SC ဘွဲ့နှင့် M.A ဘွဲ့များသည် နည်းပါးပါကြောင်း၊ B.SC ဘွဲ့ B.A ဘွဲ့ရရှိသည့် ဘွဲ့ရများကို အသက် ၃၀ အောက်ဟုသတ်မှတ်ပြီး ခေါ်ထားသည့်အတွက် အသက် ၃၀ ကျော် ရွာမှငှားသည့် အငှားဆရာ/မများ၏ လုပ်သက်အားဖြင့်ကြည့်မည်ဆိုပါက မိမိတို့ လုပ်သက်ငါးနှစ်မှ ၁၀ နှစ်၊ ၁၅ နှစ်ထိ ရှိနေသည်ကို တွေ့ရှိရပါကြောင်း၊ အသက် ၃၀ အတွင်း လျှောက်ထားခဲ့သော်လည်း အကြောင်း အမျိုးမျိုးကြောင့် အစိုးရခန့်ဆရာ/မအဖြစ် တာဝန်ပေးခြင်းမခံရပါကြောင်း၊ လုပ်သက် ၁၀ နှစ်၊ ၁၅ နှစ်ကြာသည့် ရွာမှခန့်အပ်ထားသည့် ဆရာ/မများအား ရိုးရိုးဘွဲ့ရ B.SC, B.A ဘွဲ့ရများအား အသက် ၃၀ ဟု ကန့်သတ်ထားခြင်းမရှိဘဲ လုပ်သက်ကိုကြည့်ပြီး ကန့်သတ်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး
ပညာရေးဝန်ကြီး ဌာနအနေဖြင့် မူလတန်းပြ (နေ့စားလပေး) တာဝန်ထမ်းဆောင်ရန်အတွက် အရည်အချင်းနှင့် ကိုက်ညီသောစာမေးပွဲကိုသာ စိစစ်ရွေးချယ်ခြင်းဖြစ်ပါကြောင်း၊ ဒီဆရာဆရာမ တွေသည် ဝင်ရောက်ဖြေဆိုသည့် စာမေးပွဲများ အောင်မြင်ရန် အရေးကြီးပါကြောင်း၊ အသက်ပိုမိုကြီးသည့် ဆရာ/မများသည် သတ်မှတ်အရည်အချင်းနှင့် ကိုက်ညီမှုမရှိလျှင် မိမိတို့အနေဖြင့် ခန့်အပ်တာဝန် ပေးမည်ဆိုပါက တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့တွင် လျှောက်ထားပြီး တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များ၏ Cabinet မှ အတည်ပြုပြီး မိမိတို့ပညာရေး ဝန်ကြီးဌာနဘက်ကို ပေးပို့မည်ဆိုပါက ပူးပေါင်းဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
