မေးခွန်း အကြောင်းအရာ
မိုင်းယန်းမြို့နယ်၊ မိုင်းလွေကျေးရွာအုပ်စု၊ လောင်ကျန်ကျေးရွာတွင် နမ့်လွေချောင်းရေထွက်ရှိပြီး ၎င်း ချောင်းပေါ်မူတည်ပြီး ကိုယ်ထူကိုယ်ထဆည်အဖြစ် တည်ဆောက်ပြီး စိုက်ပျိုးလုပ်ကိုင်ကြပါကြောင်း၊ ၎င်း ဆည်၏အလျားပေ ၁၀၀ ခန့်စီ တွင် ၎င်းလက်ရိုက် ဆည် သည် နှစ်စဉ်ပျက်စီးပြီး ကျေးရွာသူ/ ကျေးရွာသားများ နှစ်စဉ်ပြုပြင် နေရသည့်အတွက်ကြောင့် အခက်အခဲများ ကြုံတွေ့နေရပါကြောင်း၊ ၎င်း ဆည်အား ကျောက်စီကွန်ကရစ်ဆည်အဖြစ် တည်ဆောက်ပေးစေလိုကြပါကြောင်း၊
ဒေသခံပြည်သူများ၏ကိုယ်စား မိုင်းယန်းမြို့နယ်၊ မိုင်းလွေကျေးရွာအုပ်စု၊ လောင်ကျန်ကျေးရွာ လက်ရိုက်ဆည်သည် ကျောက်စီကွန်ကရစ်ဆည်အဖြစ် တည်ဆောက်ပေးနိုင်ခြင်း ရှိ/မရှိနှင့် တည်ဆောက် ပေးမည် ဆိုပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလို ပါကြောင်း မေးမြန်းပါသည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းမြို့နယ်၊ မိုင်းလွေကျေးရွာအုပ်စု၊ လောင်ကျန်ကျေးရွာအနီး၊ နမ့်လွေချောင်းပေါ်တွင်ရှိသည့် သစ်၊ ဝါးများဖြင့်တည်ဆောက်ထားသည့် တစ်ဖက်ရပ်ဆည်သည် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၏ စီမံခန့်ခွဲမှုအောက်တွင် မရှိဘဲ ဒေသနေ တောင်သူများမှ ကိုယ်ထူကိုယ်ထတည်ဆောက်ထားသည့် တစ်ဖက်ရပ် ဆည်တစ်ခုဖြစ်ပါကြောင်း၊ အဆိုပါတစ်ဖက်ရပ်ဆည်သည် အလျား ၁၀၀ ပေ၊ အမြင့် ၉ ပေခန့်ရှိပြီး ရေပေးမြောင်းဖြင့် ဆက်လက်သွယ်ယူ၍ မိုးစပါး ၁၁၅ ဧကအတွက် စိုက်ပျိုးရေရရှိ လျက်ရှိပါကြောင်း၊ နမ့်လွေချောင်းတွင် ရေဆင်းဧရိယာ ကြီးမားကျယ်ပြန့်ပြီး တောင်ကျချောင်းဖြစ်သည့် အလျောက် ချောင်းကြမ်းပြင်အလျော မတ်စောက်ပြီး မိုးရာသီတွင် အလွန်ရေစီးသန်သည့်အတွက် တစ်ဖက်ရပ်ဆည်တွင် နှစ်စဉ်ရေတိုက်စားပြီး ပျက်စီးမှုများ ဖြစ်ပေါ်နေရခြင်းဖြစ်ပါကြောင်း၊ နမ့်လွေချောင်း အကျယ် ၁၀၀ ပေ ခန့်ရှိသည့်အတွက် အဆိုပါချောင်းပေါ်တွင် ကျောက်စီကွန်ကရစ် ရေလွှဲဆည်အဖြစ် အခိုင်အမာတည်ဆောက်ရန် လုပ်ငန်း ပမာဏကြီးမားခြင်းကြောင့် ကုန်ကျစရိတ်များပြားပြီး အကျိုးပြုဧရိယာတွင် ၁၁၅ ဧက ခန့်သာရှိသဖြင့် ကုန်ကျစရိတ်နှင့် အကျိုးအမြတ်တွက်ခြေကိုက်မှု နည်းပါးသော်လည်း ဖွံ့ဖြိုးမှုနည်းပါးသည့် ပြည်နယ်ဒေသဖြစ်သည့်အတွက် စီးပွားရေးဆိုင်ရာ အကျိုးအမြတ်ထက် လူမှုစီးပွားဘဝ ဖွံ့ဖြိုးမှုဆိုင်ရာ အကျိုးအမြတ်ကို အဓိကထား၍ မရှိမဖြစ်လိုအပ်သော စိုက်ပျိုးရေပေးဝေနိုင်စေရေးအတွက် ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊
ဒေသတွင်း မိုးစပါးစိုက်ဧက ၁၁၅ ဧကခန့်အား စိုက်ပျိုးရေရရှိရေးအတွက် လောင်ကျန်ကျေးရွာ တွင်ရှိသည့် နမ့်လွေချောင်းပေါ်တွင် တောင်သူလယ်သမားများ၏ ကိုယ်ထူကိုယ်ထ အစီအစဉ်ဖြင့် သစ်၊ ဝါးများအသုံးပြုပြီး တည်ဆောက်ထားသည့် တစ်ဖက်ရပ်ဆည် ကို ကျောက်စီကွန်ကရစ် ရေလွှဲဆည်အဖြစ် အဆင့်မြှင့်တင် တည်ဆောက်ပေးရန် လိုအပ်ပါကြောင်းနှင့် ရှမ်းပြည်နယ်အစိုးရ၏ ဖြေကြားချက် တွင်လည်း လိုအပ်ရန်ပုံငွေကျပ်သန်း ၁၅၀ အား ၂၀၁၆-၁၇ ခုနှစ် မူလခွင့်ပြုရန်ပုံငွေ စာရင်းတွင် ခွဲဝေ ရရှိခဲ့ခြင်း မရှိပါသဖြင့် ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ရန်ပုံငွေ ဆက်လက် တောင်းခံသွားမည် ဖြစ်ကြောင်းနှင့် ရန်ပုံငွေရရှိပါက လုပ်ငန်းများအကောင်အထည် ဖော်ဆောင်ရွက် ပေးသွားမည် ဖြစ်ပါကြောင်း ရှမ်းပြည်နယ် အစိုးရ၏ ဖြေကြားချက်နှင့် အတူ ပေါင်းစပ် ရှင်းလင်း ဖြေကြားပါသည်။
