(ဂ)-သရက်မြို့နယ်၊ ရေမျက်-ပုဏ္ဏားလမ်းပေါ်ရှိ တွင်းလည်ကျေးရွာနှင့် အုတ်ဖိုကျေးရွာတို့အကြား ရာသီမရွေး သွားလာနိုင်သည့် အရှည်ပေ (၂၉၀) ရှိသောပနီချောင်းကူးတံတားတည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၈) ရက်မြောက်နေ့ (၂၂.၈.၂၀၁၆)

မေးခွန်း အကြောင်းအရာ 

kan myintပနီချောင်းသည် နွေရာသီ၌ပင် ရေရှိပြီး ချောင်းထဲတွင် ထန်းလုံးများချ၍ ကားများ သွားလာရပါကြောင်း၊ မိုးရာသီတွင် ချောင်းကျယ်ပြီး ရေစီးအားကြမ်းသဖြင့် ကားများ ဖြတ်သန်းသွားလာ၍မရသောကြောင့် လမ်းပန်းဆက်သွယ်ရေး လုံးဝပြတ်တောက်သွားပါကြောင်း၊ သရက်မြို့နယ်၊ အနောက်တောင်ဘက်ခြမ်းရှိ ပုဏ္ဏားကျေးရွာအပါအဝင် ကျေးရွာပေါင်း ၃၂ ရွာသည် ရေမြေကောင်းမွန်သဖြင့် လယ်ယာထွက်ကုန်များ အမြောက်အမြား ထွက်ရှိသော်လည်း အချိန်မီဈေးကွက်သို့ မပို့နိုင်သဖြင့် ရသင့်သောဈေးနှုန်းများ မရရှိခြင်း၊ အများအပြား စိုက်ပျိုးထုတ်လုပ်လိုသော်လည်း လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုကြောင့် စီးပွားရေး အကြပ်အတည်းဖြစ်ကာ ကျေးရွာများ ဖွံ့ဖြိုးတိုးတက်သင့်သလောက် ဖွံ့ဖြိုးတိုးတက်မှုမရှိခြင်း၊ လမ်းပန်း ဆက်သွယ်ရေး အခက်အခဲများ ရှိပါကြောင်း၊ ပနီချောင်းကို ဖြတ်သည့် လမ်းတစ်ခုသာ ရှိသည့်အတွက် ဒုက္ခများစွာရောက်ရပြီး မြို့ကို သွားရောက်ကျောင်းတက်ရသည့် ကျောင်းသူကျောင်းသားများသည် ကျောင်းတက်ချိန်တွင် အခက်အခဲများစွာရှိပါသဖြင့် အဆိုပါ ၂၉၀ ပေ ရှိသည့် ရာသီမရွေး သွားလာနိုင်သော ပနီချောင်းကူးတံတားအား တည်ဆောက်ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဒုတိယဝန်ကြီး ဒေါက်တာထွန်းဝင်း
အဖြေ
ဖြေကြားချက် 

tun winမကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်၊ ရေမျက်-ပုဏ္ဏားလမ်းရှိ တွင်းလည်ကျေးရွာနှင့် အုတ်ဖိုကျေးရွာကြားရှိ ပနီချောင်းသည် အကျယ် ၂၇၀ ပေ ရှိပြီးအရှည် ၂၉၀ ပေ ချောင်းကူးကွန်ကရစ်တံတားတည်ဆောက်ရန် လိုအပ်ပါကြောင်း၊ အဆိုပါ ချောင်းကူးကွန်ကရစ်တံတား တည်ဆောက်ပါက ငွေကျပ် ၄၃၅ သန်းခန့် ကုန်ကျမည်ဖြစ်ပြီး ကျေးရွာ ၃၂ ရွာ၊ အိမ်ခြေ ၄၆၁၆၊ လူဦးရေ ၁၈၇၂၀ ဦး တို့အား အကျိုးပြုမည်ဖြစ်ပါကြောင်း၊ မကွေးတိုင်းဒေသကြီး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ လမ်းတံတားများကို တည်ဆောက်ရန် ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေကျပ်အားဖြင့် ၉၅၁၆.၂၀၅ သန်းဖြင့် လျာထားပြီး သရက်မြို့နယ် တစ်ခုလုံးအတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် လုပ်မည့် လမ်းတံတားများအတွက် ခွင်‌့ပြုရန်ပုံငွေကျပ် ၃၃၈ သန်းဖြင့် လျာထားပါကြောင်း၊ ပနီချောင်းကူး ကွန်ကရစ်တံတား တည်ဆောက်ရန် စုစုပေါင်း ၄၃၅ သန်း ကုန်ကျမည်ဖြစ်သည့်အတွက် မြို့နယ်တစ်မြို့လုံး ကုန်ကျမည့် စရိတ်ထက် များစွာကျော်လွန်နေသည့်အတွက် ရေမျက်-ပုဏ္ဏားလမ်းသည် ပနီချောင်းကူးတံတား တည်ဆောက်ခြင်းလုပ်ငန်းအား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် ပါဝင်ခဲ့ခြင်းမရှိခဲ့ပါ၍ လတ်တလော ဆောင်ရွက်ပေးနိုင်ခြင်း မရှိပါကြောင်းနှင့် နှစ်အလိုက်ဦးစား ပေးအတိုင်း တင်ပြပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။