(ခ)-စစ်ကိုင်းမြို့၊ဆင်တပ်မြစ်ရေတင်စီမံကိန်းသည် စိုက်ပျိုးရေပြည့်မီအောင်မပေးနိုင်သေးခြင်း၊ရန်ပုံငွေ (၁၇၅)သန်းကိုမည်ကဲ့သို့ဆောင်ရွက်ထားသည်နှင့် စီမံကိန်းအကျိုးပြုဧက (၆၅၀၀) ကိုရေလုံလောက် စွာပေးဝေနိုင်ခြင်းရှိ/မရှိတို့နှင့်စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၈) ရက်မြောက်နေ့ (၂၂.၈.၂၀၁၆)

မေးခွန်း အကြောင်းအရာ 

khin mg theinဆင်တပ်မြစ်ရေတင်စီမံကိန်း၊ မြောင်းမကြီးသည် ပေပေါင်း ၆၀၇၂၀ ပေရှိပြီး (၁၁ မိုင် ၅ ဖာလုံ) မြောင်းအကျယ် ပေ ၂၀၀ ခန့်ရှိပါကြောင်း၊ လျာထားမြစ်ရေတင်ရေသောက်ဧကမှာ ကျောက်ဆည်ကွင်း ၁၆၅၈ ဧက၊ သိမ်ထဲကွင်း ၁၁၃၆ ဧက၊ သဲကတိုးကွင်း ၄၅၈ ဧက၊ ညောင်ပင်စင်ကွင်း ၇၃၅ ဧကနှင့် ရဲတရော်ကွင်း ၃၆၆ ဧက၊ ဆင်တာကွင်း ၂၁၂၀ ဧက စုစုပေါင်း ၆၅၀၀ ဧက ရေပေးဝေနိုင်ရန် လျာထားခဲ့သော်လည်း အမှန်တကယ် ဧက ၂၀၀ ခန့်သာ ပေးဝေနိုင်ခဲ့ကြောင်း အမှန်တကယ် မဆောင်ရွက်နိုင်ခဲ့ပါက ရေမရောက်သော၊ ရေရောက်လျှင်လည်း ပေါက်ပြဲကျိုးကျပြီး အရည်အချင်း မပြည့်မီ၍ မြောင်းပေါင်များကို ဖျက်သိမ်းပြီး တောင်သူများကို ပြန်ပေးသင့်ပါကြောင်းနှင့် စီမံကိန်းကို အမှန်တကယ်အောင်မြင်အောင် ဆောင်ရွက်နိုင်ခြင်း ရှိ/မရှိ သိရှိလိုပါကြောင်း ပထမအကြိမ်လွှတ်တော်တွင် မေးမြန်းခဲ့ပါကြောင်း၊

ထိုသို့ မေးမြန်းခဲ့ရာတွင် သက်ဆိုင်ရာ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက ပြန်လည်ဖြေကြားခဲ့ရာတွင် ၂၀၁၃-၁၄ ရာသီတွင် သီးနှံဧက ၁၂၄၅ ဧက ပေးဝေနိုင်ပါကြောင်း၊ သာမန်ပြင်ဆင် ထိန်းသိမ်းစရိတ် ရန်ပုံငွေကျပ် ၁၇၅ သန်းဖြင့် လိုအပ်သည်များ ပြုပြင်ပြီး နှစ်အလိုက် ရန်ပုံငွေဖြင့် သတ်မှတ် စီမံကိန်းပြည့်မီအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖြေကြားခဲ့ပါကြောင်း၊ သို့သော် ၂၀၁၅-၁၆ ဘဏ္ဍာရေး နှစ်တွင် ပြီးပြတ်မှုမရှိနိုင်ပါသဖြင့် ကတိကဝတ်စာရင်းတွင် ပယ်ဖျက်ခွင့်ပြုပါရန် လွှတ်တော်သို့ တင်ပြ လာပါကြောင်း၊ ထို့ကြောင့် စစ်ကိုင်းမြို့၊ ဆင်တပ်မြစ်ရေတင်စီမံကိန်းသည် ပြည်သူ့ဘဏ္ဍာငွေ အမေရိကန် ဒေါ်လာ ၁.၂၀၁ သန်းနှင့် မြန်မာကျပ်ငွေသန်းပေါင်း ၃၂၂၀.၀၂၄ အကုန်အကျခံ တည်ဆောက်ခဲ့ရခြင်း၊ မြောင်းပေါင်ပြုလုပ်ရာတွင် တောင်သူမြေများစွာ ပါဝင်သွားခြင်းတို့ ဖြစ်ပေါ်ခဲ့ပြီး နှစ်ပေါင်း ၁၂ နှစ်ကျော်တိုင်ခဲ့သော်လည်း စိုက်ပျိုးရေးပြည့်မီအောင် မပေးနိုင်သေးခြင်းနှင့် ချထားပေးသော ရန်ပုံငွေ ၁၇၅ သန်း မည်သည့်လုပ်ငန်းဆောင်ရွက်ထားသည်ကို သိရှိလိုပါကြောင်းနှင့် ယခုအစိုးရသစ် လက်ထက်တွင် သတ်မှတ် ထားသော စီမံကိန်းအကျိုးပြုဧက ၆၅၀၀ ကို စိုက်ပျိုးရေ လုံလောက်စွာ ပေးဝေနိုင်အောင် ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဒုတိယဝန်ကြီး ဒေါက်တာထွန်းဝင်း
အဖြေ
ဖြေကြားချက် 

tun winစစ်ကိုင်းတိုင်းဒေသကြီး ရေတင်အဆင့်လေးဆင့်ပါဝင်သော ဆင်တပ်မြစ်ရေတင်စီမံကိန်း၊ အကျိုးပြု ဧက ၆၅၀၀ အား ၂၇-၅-၂၀၀၄ ရက်နေ့တွင် စတင်တည်ဆောက်ခဲ့ပြီး ၃၁-၃-၂၀၁၀ ရက်နေ့တွင် တည်ဆောက်ပြီးစီး ခဲ့ပါကြောင်း၊ မြစ်ရေတင်စီမံကိန်းအား ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်မှစတင်ပြီး စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ အုပ်ချုပ်အောက်သို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး ပြင်ဆင် ထိန်းသိမ်းခြင်း လုပ်ငန်းများကို စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေဖြင့် ဆောင်ရွက်လျက် ရှိပါကြောင်း၊ ဆင်တပ် မြစ်ရေတင် စီမံကိန်းတွင် ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းအားဆောင်ရွက်ရန် ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့သို့ သာမန်ရန်ပုံငွေကျပ် ၁၇၅ သန်း လျာထားတောင်းခံခဲ့သော်လည်း တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ရန်ပုံငွေစိစစ်ဖြတ်တောက်မှုအရ ကျပ် ၁၁၄.၆၆၂ သန်းသာ ခွင့်ပြုချက် ရရှိခဲ့ပြီး ရေပေးမြောင်းများ၊ ရေပေးအဆောက်အဦများ၊ ရေစုပ်စက်နှင့် လျှပ်စစ်ဓာတ်အားခွဲရုံများအပြင် ပြင်ဆင် ထိန်းသိမ်းခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါကြောင်း၊ ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့မှ ခွင့်ပြုသာမန်ရန်ပုံငွေ ကျပ် ၅၁.၃၄ သန်းဖြင့် ပြင်ဆင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ သာမန်ရန်ပုံငွေတွင် ကျပ် ၈၃.၁၉ သန်း လျာထား တောင်းခံထားပြီး ခွင့်ပြုရရှိပါက ပြင်ဆင်ထိန်းသိမ်းခြင်းနှင့် ဖြည့်စွက်တည်ဆောက်ခြင်း လုပ်ငန်းများအား ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊

ထိုကဲ့သို့ နှစ်အလိုက်ပြင်ဆင်ထိန်းသိမ်းမှုများအား ပုံမှန်ဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့် မြစ်ရေတင်စီမံကိန်း၏ မူလရေပေးနိုင်သော သီးနှံစိုက်ဧက ၁၂၄၅ ဧကမှ ၂၀၁၄-၁၅ ခုနှစ်တွင် သီးနှံစိုက်ဧက ၁၄၃၄ ဧက၊ ၂၀၁၅-၁၆ ခုနှစ်တွင် သီးနှံစိုက်ဧက ၁၇၈၃ ဧကအထိ စိုက်ပျိုးရေ တိုးချဲ့ပေးဝေနိုင်ခဲ့ပြီး ၂၀၁၆-၁၇ ခုနှစ်တွင် သီးနှံစိုက်ဧက ၂၀၀၀ အထိ စိုက်ပျိုးရေတိုးချဲ့ ပေးနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ ဆင်တပ်မြစ်ရေတင် စီမံကိန်းမှ အကျိုးပြုဧက ပြည့်မီစွာ ရေပေးဝေနိုင်ရေးအတွက် ရေသောက်စနစ်များ ပြည့်စုံကောင်းမွန်မှု ရှိစေရန်နှင့် ရေလေလွင့်ဆုံးရှုံးမှုလျော့နည်းစေရန် နှစ်စဉ်ပြင်ဆင်ထိန်းသိမ်းခြင်းနှင့် ဖြည့်စွက်တည်ဆောက်ခြင်း လုပ်ငန်းများကို ဆောင်ရွက်သွားရန် လိုအပ်သည့်သာ မန်ပြင်ဆင်ထိန်းသိမ်း စရိတ်ရန်ပုံငွေအား စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေတွင် နှစ်အလိုက်လျာထားတောင်းခံပြီး ယခု အစိုးရသစ် လက်ထက်တွင်လည်း တိုင်းဒေသကြီးအစိုးရ၏ ခွင့်ပြုရန်ပုံငွေအပေါ်မူတည်ပြီး မြစ်ရေတင် စီမံကိန်း အကျိုးပြုဧကပြည့်မီရန် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြား ပါသည်။