(က)-ရေနံချောင်းမြို့နယ်၊ ဂွေးကုန်း၊ ဝက်ချုပ်၊ နတ်မောက်မြို့နယ်ချင်းဆက်လမ်းအားကျောက်ချော လမ်း၊ကျေးလက်ဒေသဖွံ့ဖြိုးရေးလမ်းမှကတ္တရာလမ်း၊ လမ်းဦးစီးပိုင်အဖြစ်သို့တိုးမြှင့်ပေးရန်အစီအစဉ်ရှိ/မ ရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၈) ရက်မြောက်နေ့ (၂၂.၈.၂၀၁၆)

မေးခွန်း အကြောင်းအရာ 

u thar choရေနံချောင်း-နတ်မောက်မြို့နယ်ချင်းဆက် လမ်းသည် ၂၉ မိုင် ၇ ဖာလုံရှည်လျားပြီး ဂွေးကုန်းမှ ဝက်ချုပ်အပိုင်းသည် ရေနံချောင်းမြို့နယ်အပိုင်းဖြစ်ပြီး ၁၄ မိုင် ၃ ဖာလုံရှည်လျားပါကြောင်း၊ ဝက်ချုပ်မှ နတ်မောက်အပိုင်းသည် ၁၅ မိုင် ၄ ဖာလုံရှည်လျားပြီး နတ်မောက်မြို့နယ်အပိုင်း ဖြစ်ပါကြောင်း၊ ၎င်း လမ်းအား ၁၉၉၁ ခုနှစ် ၁၉၉၁-၁၉၉၂ ခုနှစ် နဝတအစိုးရလက်ထက်မှ လမ်းကြမ်းအဖြစ် စတင်ဖောက်လုပ်ခဲ့ပြီး အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဖွံ့ဖြိုးရေးလမ်းအဖြစ် စတင် ဖောက်လုပ်ခဲ့ ပါကြောင်း၊ ၎င်းနောက် အရပ်သားအစိုးရလက်ထက် ၂၀၁၃-၁၄ ခုနှစ်တွင် ကျေးလက် ဒေသဖွံ့ဖြိုးရေး ဌာန ကျောက်ချောလမ်းအဖြစ်သို့ တိုးမြှင့်ဖောက်လုပ်ပြီး ကျေးလက်ဦးစီးဌာနမှ တာဝန်ယူ စောင့်ရှောက် ခဲ့ပါကြောင်း၊ ၎င်းနောက် ၂၀၁၄-၁၅ ခုနှစ်တွင် လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန ရေနံချောင်း၊ ရေနံမြေ၊ ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းမှ ရေနံချောင်းမြို့နယ်၊ အင်တောအုပ်စု လယ်ကျင်းရိုးကျေးရွာအနီး ရေနံချောင်းရေနံမြေမှ ရေနံနှင့်သဘာဝဓာတ်ငွေ့ စမ်းသပ်တူးဖော် ခဲ့သည့်အတွက် ၎င်းလမ်းတွင် ရေနံမြေပိုင်ကားကြီးများ ဖြတ်သန်းသွားလာခဲ့ပါကြောင်း၊ ထို့နောက် ၂၀၁၅-၁၆ ခုနှစ်တွင်လည်း ရေနံချောင်းရေနံမြေမှ သဘာဝဓာတ်ငွေ့လုပ်ငန်း နတ်မောက်မြို့နယ် ချောင်းအုန်းန္နဲအုပ်စု တယ်တပ်ရွာနှင့်  ဝင်ဂတ်ရွာအကြား ရေနံနှင့်သဘာဝဓာတ်ငွေ့ စမ်းသပ်တူးဖော် ခဲ့သည့်အတွက် ရေနံချောင်းရေနံမြေမှ ကားကြီးများဆက်လက်၍ သွားလာခဲ့သည့်အတွက် လမ်းများ ပိုမိုပျက်စီးခဲ့ပါကြောင်း၊ ၎င်းလမ်းအား ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနပိုင် ကျောက်ခင်းလမ်း အဖြစ်မှ ဆောက်လုပ်ရေးဝန်ကြီးဌာန လမ်းဦးစီးဌာနပိုင် ကတ္တရာလမ်းအဖြစ်သို့ တိုးမြှင့်ဆောင်ရွက် သင့်ပါကြောင်း၊ ၎င်းကို လမ်းဦးစီးဌာနပိုင် ကတ္တရာလမ်းဖြစ်သွားပါက ရေနံချောင်း ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းအတွက် အထောက်အကူဖြစ်သလို ဂွေးကုန်း၊ ဝက်ချုပ်၊ နတ်မောက်အတွင်း နေထိုင်ကြသည့် ကျေးရွာသူကျေးရွာသားများ အနေနှင့်လည်း ၎င်းတို့၏ ယာမြေများမှ ထွက်ရှိသည့် သီးနှံများဖြစ်သော နှမ်း၊ မြေပဲ၊ နေကြာ၊ ဝါဂွမ်းစသည့် အသီးအနှံများအား ရေနံချောင်း၊ နတ်မောက်၊ မကွေးမြို့များသို့ သွားရောက်ရောင်းချသည့်အခါ အချိန်တိုအတွင်း ကုန်စည်စီးဆင်းမှု လျင်မြန်စွာရောင်းချနိုင်မည် ဖြစ်သောကြောင့် ၎င်းလမ်းအား လမ်းဦးစီးဌာနပိုင် ကတ္တရာလမ်းဖြစ် တိုးမြှင့် ဆောင်ရွက်ရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်းမေးမြန်းပါသည်။


 

ဖြေကြားသူ
ဒုတိယဝန်ကြီး ဒေါက်တာထွန်းဝင်း
အဖြေ
ဖြေကြားချက် 

tun winမကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၊ ဂွေးကုန်း-ဝက်ချုပ်-နတ်မောက်မြို့နယ်ချင်း ဆက်လမ်း သည် ၂၉ မိုင် ၇ ဖာလုံရှိပြီး ကျေးရွာ ၂၆ ရွာ၊ အိမ်ခြေ ၄၁၅၈၊ လူဦးရေ ၂၂၉၇၆ ဦးတို့အား အကျိုးပြု နေပါကြောင်း၊ ၂၀၁၁-၁၂ ဘဏ္ဍာရေးနှစ်တွင် စည်ပင်သာယာရေးဦးစီးဌာနမှ မြေသားလမ်း အဆင့်မြှင့် တင်ဆောင်ရွက်ခဲ့ပြီး ၂၀၁၃-၁၄ နှင့် ၂၀၁၄-၁၅ ဘဏ္ဍာရေး နှစ်များတွင် ဦးစီးဌာနရန်ပုံငွေဖြင့် ကျောက်ချောလမ်းခင်းခြင်းအား ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ကတ္တရာလမ်းခင်းမည် ဆိုပါက  ငွေကျပ် ၃၁၉၃.၀၄ သန်းခန့် ကုန်ကျမည်ဖြစ်ပါကြောင်း၊ ၎င်းလမ်းကို ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီး ဌာနပိုင်လမ်းအဖြစ် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာနပိုင်လမ်းအဖြစ် လွှဲပြောင်းပေးပါရန် ၁-၆-၂၀၁၆ ရက်နေ့၌ ကျင်းပပြုလုပ်သည့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၁၉/၂၀၁၆) ဆုံးဖြတ်ချက် အပိုဒ် ၄ တွင် ရေနံချောင်းမြို့နှင့် နတ်မောက်မြို့ မြို့ချင်းဆက် ဂွေးကုန်း-ဝက်ချုပ်-နတ်မောက် ကျောက်ချောလမ်းအား လမ်းဦးစီးဌာနပိုင်လမ်းအဖြစ် လက်ခံရန်ဆုံးဖြတ်ခဲ့ပြီး ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ ဆက်လက်ဆောင်ရွက်နိုင်ရန် ၁၃-၆-၂၀၁၆ ရက်စွဲပါစာအမှတ်၊  ၅/၄၃-၃၆၂ (၀၁၀) ဦး ၆ ဖြင့်  ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးထံ ညှိနှိုင်း အကြောင်းကြားပြီး ဖြစ်ပါကြောင်း၊ မကွေးတိုင်းဒေသကြီးအတွင်းရှိ လမ်းတံတားများ တည်ဆောက်ရန် အတွက် ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ် ရန်ပုံငွေအဖြစ် ၉၅၁၆ သန်းဖြင့် လျာထားပါကြောင်း၊ ရေနံချောင်း မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်အတွက် လမ်း တံတား များပြုပြင်ရန် ကျပ်ငွေ ၃၂၉.၈၀၁ သန်း လျာထားပါကြောင်း၊ ‌ဂွေးကုန်း-ဝက်ချုပ်-နတ်မောက် မြို့နယ်ချင်းဆက်လမ်းသည် ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် မပါသဖြင့် လတ်တလောဆောင်ရွက်ပေး နိုင်ခြင်းမရှိသေးပါကြောင်း၊ နှစ်အလိုက် ဦးစားပေးအတိုင်း လျာထားတင်ပြပေးသွားမည် ဖြစ်ပါကြောင်း၊ ၎င်းလမ်းအား လမ်းဦးစီးဌာနပိုင် လမ်းအဖြစ် တိုးမြှင့်ပေးရန် ဆောက်လုပ်ရေးဝန်ကြီးဌာနကို လွှဲပြောင်း ပေးသွားမည်ဖြစ်ပါကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ပြည်ထောင်စု အစိုးရအဖွဲ့သို့ တင်ပြ၍ ပြည်ထောင်စုအစိုးရအဖွဲ့မှ တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် သက်ဆိုင်ရာဝန်ကြီး ဌာနတို့၏ သဘောထားမှတ်ချက်များ ရယူ၍ခွင့်ပြုပါက လုပ်ထုံးလုပ်နည်းများနှင့်အညီ လမ်းလွှဲ ပြောင်းခြင်း လုပ်ငန်းများအား ဆောင်ရွက်ပေးသွားနိုင်မည် ဖြစ်ပါကြောင်း ဖြေကြားခဲ့ပါသည်။