မေးခွန်း အကြောင်းအရာ
ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းသည် မိမိတို့နိုင်ငံ၏ ပထမဦးဆုံး သမ္မတကြီးကိုယ်တိုင် ဦးစီးထူထောင်ခဲ့သည့် ကျောင်းကြီး ဖြစ်ပါကြောင်း၊ ကျောင်း၏သက်တမ်းမှာ ၅၈ နှစ်ကြာမြင့်ပြီဖြစ်၍ ပြိုကျပျက်စီးတော့မည့် အခြေအနေဖြစ်နေပါကြောင်း၊ ကျောင်းသား ၁၃၀၀ ကျော် ပညာသင်ကြားနေသည့် ကျောင်း၏ မျက်နှာကြက်များ သည် ပြိုကျ ပျက်စီးနေပြီး ကျောင်းအောက်ထပ်တွင်လည်းှ စာသင်မရအောင် အတွင်းပိုင်းနှင့် အပြင်ပိုင်းပါ ပျက်စီး နေပါသဖြင့် အသစ်ပြန်ပြင်ရတော့မည့်အခြေအနေသို့ရောက်နေပြီ ဖြစ်ပါကြောင်း၊ ဘတ်ဂျက် မတင်လိုက်ရသဖြင့် ယခုပညာသင်နှစ်တွင် အသစ်မပြုပြင်နိုင်ဘဲကျောင်းသားဦးရေကို လျော့ချ၍ လက်ခံနေရပါကြောင်း၊ အန္တရာယ်ကျောင်းဆောင် အဖြစ် သတ်မှတ်ခြင်းခံရ သည့် ၎င်း ကျောင်းကြီးကို ယခုတစ်ပတ်အတွင်း ဖြိုချမည်ဖြစ်ပြီး အဟောင်းများကို စက်ဘီးထားသည့် အဆောင်၊ ဝန်ထမ်းအဆောင်အဖြစ် ပြန်လည်ဆောက်လုပ်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ယခုနှစ် သို့မဟုတ် နောက်လာမည့်ဘတ်ဂျက်တွင် ကျောင်းကြီးကို အမြန်ဆုံးပြန်လည် တည်ဆောက်ပေးစေ ချင်ပါကြောင်းနှင့် မည်သည့်အချိန်တွင် ဆောက်လုပ်ပေးမည်ကို သိရှိလိုပါကြောင်းဖြင့် မေးမြန်းပါသည်။
ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ပတ္တမြား ဆောင် (အန္တရာယ်ရှိ) ကျောင်းဆောင်အား ဖျက်ဆီးခွင့်ပြုရန် ကျောင်းနှင့် မြို့နယ်ပညာရေးမှူးရုံး တို့မှ အမှုတွဲကိုအဆင့်ဆင့်ပေးပို့ လျှောက်ထားခဲ့ခြင်း မရှိသေးပါကြောင်း၊ ယခု ဘဏ္ဍာနှစ်အတွက် ဘဏ္ဍာငွေများ လျာထားချိန်တွင်လည်း ကျောင်းဆောင်သစ်ဆောက်လုပ်ပေးရန် အမှုတွဲများကို ပေးပို့လျှောက်ထားခဲ့ခြင်း မရှိသည့်အတွက် ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် ၎င်းကျောင်းဆောင်သစ် အတွက် ဘဏ္ဍာငွေရရှိထားခြင်းမရှိသေးပါကြောင်း၊ ညောင်ရွှေမြို့၊ အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်းမှာ အထက်တန်းအဆင့်ပညာသင် ကျောင်းသား/ကျောင်းသူ စုစုပေါင်း ၃၅၃ ဦး၊ စာသင်ခန်း ၈ ခန်း၊ စာသင်ခန်းနှင့် ကျောင်းသားအချိုးမှာ ၁း၄၄ ဖြစ်ပါကြောင်း၊ အလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူ စုစုပေါင်း ၇၂၈ ဦး၊ စာသင်ခန်း ၁၃ ခန်း၊ စာသင်ခန်းနှင့် ကျောင်းသားအချိုးသည် ၁း၅၆ ဖြစ်ပြီး မူလတန်းအဆင့် ကျောင်းသား/ကျောင်းသူ စုစုပေါင်း ၂၅၅ ဦး၊ စာသင်ခန်း (၆) ခန်းဖြစ်တဲ့အတွက် စာသင်ခန်းနှင့် ကျောင်းသားအချိုးမှာ ၁း၄၃ ဖြစ်ပါကြောင်း၊ ၎င်းကျောင်းတွင် ပုလဲဆောင်နှင့် နီလာဆောင်ရှိပါကြောင်း၊ RC နှစ်ထပ်ဆောင်နှင့် သိပ္ပံဆောင်များတွင် စာသင်ကြားနိုင်အောင် ပြုလုပ်ဆောင်ရွက်ထားပြီး ပတ္တမြားဆောင် (အန္တရာယ်ရှိ) ကျောင်းဆောင် တွင် စာသင်ကြားမှု ပြုလုပ်ခြင်းလုံးဝ မရှိပါကြောင်း ၊ ထို့ကြောင့် ပတ္တမြားဆောင် (အန္တရာယ်ရှိ) ကျောင်းဆောင်အစား ကျောင်းဆောင်သစ် ဆောက်လုပ်ပေးရန် ကိစ္စနှင့် ပတ်သက်၍ ၂၀၁၇-၁၈ ဘဏ္ဍာရေး နှစ်အတွက် ဦးစားပေး အစီအစဉ်အလိုက် ယခု ပညာသင်နှစ်တွင် ဆက်လက်ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားခဲ့ပါသည်။
