မေးခွန်း အကြောင်းအရာ
လားရှိုးမြို့သည် ရှမ်းပြည်နယ်(မြောက်ပိုင်း)၏ အကြီးဆုံးမြို့ဖြစ်သည့်အတွက် တိုင်းဒေသကြီး/ ပြည်နယ်များနှင့် ဆက်သွယ်ရန် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းပေါ်တွင် တည်ရှိနေခြင်းကြောင့် စီးပွားရေး၊ ကုန်သွယ်ရေး၊ ပို့ဆောင်ရေးစသည့် ကဏ္ဍပေါင်းစုံနှင့် ဆက်စပ်နေသည့် ဖွံ့ဖြိုးသည့်မြို့ဖြစ်ပါကြောင်း၊ ဖွံ့ဖြိုးလာသည်နှင့်အတူ အဆမတန် များပြားလာသည့် မော်တော်ကား၊ မော်တော်ဆိုင်ကယ်၊ သုံးဘီး၊ ထော်လာဂျီစသည့် ယာဉ်များ မြို့တွင်း လမ်းများပေါ်တွင် ပြည့်ကျပ်နေပြီး မတော်တဆယာဉ်တိုက်မှုများ နည်းမျိုးစုံဖြင့် တွေ့ကြုံရင်ဆိုင် နေရပါကြောင်း၊ ယခုလို ယာဉ်တိုက် မှုများ ပို၍များလာခြင်းသည် တိုးတက် များပြားလာသည့် အမြန်ယာဉ်၊ အနှေးယာဉ်များအတွက် လမ်းများကို အလျင်အမြန်တိုးချဲ့ပေးရန် လိုအပ်လျက်ရှိ ပါကြောင်း၊
သို့ဖြစ်ပါ၍ မိမိမေးမြန်းလိုသည်မှာ မြို့တွင်းလမ်းများဖြစ်သည့် (၁) ကွတ်ခိုင်လမ်း၊ သိန်းနီလမ်း၊ မြို့တော်ခန်းမအဝိုင်းမှ ဘေလီတံတားအထိ သိန်းနီလမ်းနှင့် ဗိုလ်ချုပ်လမ်း လမ်းဆုံမှသုံးဖြောင့် ရေပန်းလမ်းဆုံထိ၊ (၂) ဘူတာလမ်း မြို့တော်ခန်းမအဝိုင်းမှ ဘူတာရုံထိ၊ (၃) နမ္မတူလမ်းခွဲမှ ပညာရေးကောလိပ်အထိ လမ်းများကို ပလပ်ဖောင်းနှင့် ရေမြောင်းများအပါအဝင် ဘေးနှစ်ဖက်သို့ တိုးချဲ့ပြုပြင် ပေးနိုင်ရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
သိန်းနီလမ်း(မူလလမ်းဟောင်း) ရေပန်းလမ်းဆုံမှ ဆေးရုံရှေ့ လမ်းမတော်လမ်းအထိဆိုလျှင် လားရှိုးမြို့နယ် စည်ပင်သာယာရေးဌာနပိုင် လမ်းဖြစ်ပြီး စုစုပေါင်း ပေ ၂၅၆၇ ပေ ရှည်လျားပါကြောင်း၊ အဆိုပါလမ်းတွင် လမ်းမတော်လမ်းမှ ဈေးလမ်းဆုံအထိ ၇၆၇ ပေ ရှည်လျားပြီး လမ်းနယ်အကျယ်အဝန်း ၃၆ ပေ၊ ကတ္တရာလမ်းသား အကျယ် ၃၆ ပေ ရှိပါကြောင်း၊ ဈေးလမ်းဆုံမှ သုခလမ်းအထိ ပေ ၆၀၀ ရှည်လျားပြီး လမ်းနယ်အကျယ် ပေ ၅၀၊ ကတ္တရာလမ်းသား အကျယ် ပေ ၅၀ ရှိပါကြောင်း၊ သုခလမ်းမှ ရေပန်းလမ်းဆုံအထိ ပေ ၁၂၀၀ ရှည်လျားပြီး လမ်းနယ်အကျယ် ၄၅ ပေ၊ ကတ္တရာလမ်းသား အကျယ် ၂၆ ပေရှိပါကြောင်း၊ အဆိုပါ သုခလမ်းမှ ရေပန်းလမ်းဆုံထိ ၁၂၀၀ ပေရှည်အား တစ်ဖက်လျှင် ၉ ပေ ၆ လက်မ အကျယ်တိုးချဲ့၍ ရနိုင်မည်ဖြစ်ပြီး ကုန်ကျစရိတ်မှာ ကျပ် ၃၀.၅၇ သန်းဖြစ်ပါကြောင်း၊
လားရှိုးမြို့နယ် စည်ပင်သာယာရေးဌာန၏ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ် ဝင်ငွေလျာထားချက် တွင် ကျပ် ၁၇၉၃ သန်းဖြစ်ပြီး ငွေလုံးငွေရင်းအသုံးစရိတ်မှာ ကျပ် ၈၇၆.၅ သန်းဖြစ်ပါကြောင်း၊ လမ်း၊ တံတားတည်ဆောက်ရေးအတွက် အသုံးစရိတ်လျာထားချက်မှာ ကျပ် ၆၆၇.၁၂၅ သန်းဖြစ်ပါကြောင်း၊ အဆိုပါလမ်းတိုးချဲ့ခြင်းလုပ်ငန်းကို ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် လျာထားခြင်း မရှိသည့်အတွက် ၂၀၁၆-၁၇ ဘဏ္ဍာနှစ် ဖြည့်စွက်ရန်ပုံငွေ (RE) တွင် သော်လည်း ကောင်း၊ ၂၀၁၇-၁၈ ဘဏ္ဍာနှစ် မူလရန်ပုံငွေ (BE) တွင် သော်လည်းကောင်း ရန်ပုံငွေရရှိမှုအပေါ် မူတည်ပြီး ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ ဆောက်လုပ်ရေး ဝန်ကြီးဌာနပိုင် လားရှိုးမြို့ တွင်းလမ်းဖြစ်သည့် လားရှိုးဘူတာရုံလမ်းသည် ၂ မိုင် ၂ ဖာလုံ ရှည်လျားပြီး ပေ ၃၀ အကျယ်ရှိသည့် ကတ္တရာလမ်းဖြစ်ပါကြောင်း၊ လက်ရှိလမ်းအကျယ် ပေ ၃၀ ရှိပြီး လမ်းထပ်မံတိုးချဲ့ရန် အိမ်များ၊ ခြံများမလွတ်ကင်းသည့်အတွက် ထပ်မံတိုးချဲ့ရန် မဖြစ်နိုင်၍ လက်ရှိလမ်းကိုသာ ၂၀၁၆-၁၇ ဘဏ္ဍာနှစ် ပြည်နယ်ရန်ပုံငွေဖြင့် မိုင်တိုင် ဝ/၃ မှ ၁/၆ အကြား ၄ ဖာလုံ ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊
လားရှိုးကြီး-ဘူတာရုံလမ်းသည် မိုင် ဝ/၀ မှ ၂/၃ ထိ ၂ မိုင် ၃ ဖာလုံရှည်လျားပြီး မိုင်တိုင် ဝ/၀ ကနေ ဝ/၄ ထိ ၃၀ ပေအကျယ် ကတ္တရာလမ်း၊ မိုင် ဝ/၄ မှ မိုင်တိုင် ၂/၃ ထိ ၂၄ ပေအကျယ် ကတ္တရာလမ်း ဖြစ်ပါကြောင်း၊ အဆိုပါလမ်းပိုင်းတစ်လျှောက် ယာဘက်ခြမ်းတွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် အုတ်တံတိုင်း၊ ခြံစည်းရိုးများတည်ရှိပြီး ဝဲဘက်အခြမ်းတွင်လည်း လေယာဉ်ကွင်း ခြံစည်းရိုး ရှိနေသည့်အတွက် မူလကတ္တရာလမ်းကို ထပ်မံတိုးချဲ့မည်ဆိုပါက သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ညှိနှိုင်းရမည် ဖြစ်ပါကြောင်း၊ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ် ပြည်နယ် ရန်ပုံငွေဖြင့် လက်ရှိလမ်းကို မိုင် ၂/၂ မှ ၂/၃ ထိ ၁ ဖာလုံ ကတ္တရာထပ်ပိုးလွှာခင်းခြင်း၊ မိုင်တိုင် ၂/၃ တွင်ရှိသည့် မူလ ၂ ပေ တံတားကို (၅x၅x၂၄) ပေ ရှိသည့် သံကူကွန်ကရစ်တံတားအဖြစ် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊
လားရှိုး-နမ္မတူမြို့တွင်း လမ်းအပိုင်းသည် ဆောက်လုပ်ရေးဝန်ကြီးဌာနပိုင် လမ်းဖြစ်သည့် လားရှိုး-မန်စံလမ်းပိုင်းတွင်ပါဝင်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့မှ စီမံခန့်ခွဲသည့် လမ်းဖြစ်ပါကြောင်း၊ မိုင်တိုင် ၁/၆ မှ မိုင်တိုင် ၃၀/၂ အထိ ၂၈ မိုင် ၄ ဖာလုံရှည်လျားပြီး ကတ္တရာလမ်းအဆင့် ဖြစ်ပါကြောင်း၊ မိုင်တိုင် ၁/၆ မှ ၃/၁ အထိ ၁ မိုင် ၃ ဖာလုံ ဆိုလျှင် မြို့တွင်းလမ်းပိုင်းဖြစ်ပြီး ၂၂ ပေ အကျယ် မိုင်တိုင် ၃/၁ မှ ၈/၁ အထိ ၅ မိုင် ၁၈ ပေအကျယ် ကတ္တရာလမ်းချဲ့ပြီးဖြစ်ပါကြောင်း၊ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် လမ်းတိုးချဲ့ရန် ရန်ပုံငွေရရှိခြင်း မရှိသည့်အတွက် ဆောင်ရွက်နိုင်ခြင်း မရှိပါကြောင်းနှင့် မိုင်တိုင် ၁/၆ မှ မိုင်တိုင် ၃/၁ ထိ ၁ မိုင် ၃ ဖာလုံအား ၂၂ ပေမှ ၂၈ ပေအကျယ်၊ မိုင်တိုင် ၃/၁ မှ မိုင်တိုင် ၄/၁ အထိ ၇ ဖာလုံအား ၁၈ ပေအကျယ်၊ ၂၄ ပေအကျယ်သို့ ကတ္တရာလမ်း တိုးချဲ့နိုင်ရေးအတွက် ၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် ရန်ပုံငွေ တင်ပြတောင်းခံ၍ ရန်ပုံငွေရရှိမှု အပေါ်မူတည်ပြီး ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
ဒေါက်တာစိုင်းမောက်ခမ်း (လားရှိုး) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
ဘူတာလမ်းသည် မြို့တော်ခန်းမအဝိုင်းမှ ဘူတာရုံကြီးအထိ ၂ မိုင်ကျော်ခန့်ရှိပါကြောင်း၊ ထို့ကြောင့် ချဲ့စရာနေရာများ များစွာရှိပါကြောင်း၊ ယခု ဝန်ကြီးဖြေကြားသည့် လားရှိုး ဘူတာထိ သွားသည့်လမ်းက ကားများအများအပြား မရှိသေးပါကြောင်း၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ဘက်ကို ဖြတ်ရသည့်လမ်းကို မိမိတင်ပြခြင်း မဟုတ်ပါကြောင်း၊ မိမိတင်ပြသည်မှာ လွှတ်တော်ခန်းမအဝိုင်းမှ ဘူတာရုံသွားသည်အထိ လမ်းနှစ်ခု မြို့တော်ခန်းမမှ AD တံတားအထိ သွားသည့်လမ်းမှာ ပြည်ထောင်စုလမ်းမကြီးဟုလည်း ခေါ်ကြပါကြောင်း၊ သိန်းနီလမ်းမှာ ဗိုလ်ချုပ် လမ်းထောင့်နယ်တွင် သုံးမြောင့်လမ်းထောင့်အထိ သက်သက်ဖြစ်ပါကြောင်း၊ ၎င်းလမ်းအတွက် ကားများ အင်မတန်များသည့်အတွက် တင်ပြခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် ဝန်ကြီးတို့အနေဖြင့် စိစစ်ပြီးမှ ပြုလုပ်ပေးရန် တင်ပြချင်ပါအကြောင်းဖြင့် ပြောကြားလိုပါသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်
လွှတ်တော်ကိုယ်စားလှယ်ကြီး ပြန်လည်ရှင်းလင်းချက်အရ မိမိတို့အနေဖြင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ကိုပြန်လည်မေးမြန်းပြီး ပြန်လည် တင်ပြပေးမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
