(ဂ)-ဒီပဲယင်းမြို့နယ်၊စိုင်ပြင်- အုန်းတပင်-မရကန် - ညောင်လှ-ရေဦးကားလမ်းအားရာသီမရွေးသွား လာနိုင်သည့်ကတ္တရာခင်းပြီးလမ်းအဖြစ်အဆင့်မြှင့် တင်ပေးနိုင်ပါရန်စီမံကိန်း ရှိ/မရှိကို သိလိုခြင်းနင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၃) ရက်မြောက်နေ့ (၁၁.၈.၂၀၁၆)

မေးခွန်း အကြောင်းအရာ 

win myint aungဒီပဲယင်း မြို့နယ်ရှိ စိုင်ပြင်-ရေဦး- ဒိစတြိတ်ကောင်စီလမ်းသည်  ညောင်လှဈေး၊ ရေဦးဈေးနှင့် စိုင်ပြင်ဈေးတို့ကို ဆက်သွယ်ထားပြီး ကျေးရွာပေါင်း ၂၁ ရွာမှ အသုံးပြုနေသည့် ၁၆ မိုင်ရှည်လျားသည့် လမ်းဖြစ်ပါကြောင်းနှင့်   ရာသီမရွေးသွားလာနိုင်သော လမ်းအဖြစ်ဖော်ပြထားသော်လည်း လက်တွေ့တွင် ထိုသို့ သွားလာနိုင်ခြင်းမရှိပါကြောင်း၊ ပထမ လမ်းပိုင်း စိုင်ပြင်-မင်းဆွေနှစ်သည် မြေသားလမ်းပိုင်းချည်းသာဖြစ်သည့်အတွက်  မိုးရွာသွန်းပါက လမ်းများပျက်စီးမှုဖြစ်ပေါ်ပါကြောင်း၊ အုန်းတပင်လမ်းပိုင်းတွင် ရှိသည့် ပြန်မခချောင်းတွင်လည်း တံတားတစ်စင်းကို  လွန်ခဲ့သည့် လေး၊ ငါးနှစ်ခန့်က တည်ဆောက်ခဲ့သော်လည်း ကောင်းမွန်ခြင်းမရှိသည့်အတွက် ပြန်လည်ဖျက်သိမ်းကာ  နေရာ ပြောင်း၍   တံတားကို ပြန်လည် ဆောက်လုပ်ထားပါကြောင်း၊ အဆိုပါတံတားသည် ၁၂၉ ပေမြင့်မားသော်လည်း လက်တွေ့တွင် ပေ ၁၂၀ သာရှိခြင်းကြောင့်  မိုးရွာသွန်းပါက  တံတားကျိုးနိုင်ပါကြောင်း၊  လမ်း၏ အလယ်ပိုင်းလမ်းဖြစ်သည့်  ဒနယ်ချောင်းဘေးတွင် လမ်းဧရိယာမရှိဘဲ နွေရာသီတွင်သာ  ဆိုင်ကယ်များ ဖြတ်သန်းသွားလာနိုင်ပြီး  မိုးရာသီတွင် မည်သို့မျှ သွားလာ၍ မရဘဲ ခြေလျင်ဖြင့်သာ အသုံးပြုနိုင်သည့် အခြေအနေဖြစ် ပါကြောင်း၊ ယခု မရကန်-ညောင်လှလမ်းပိုင်းသည် နိုင်ငံတော်၏ ထောက်ပံ့ငွေ မပါဘဲ ကိုယ့်အားကိုယ်ကိုး ကျောက်ချောလမ်းခင်းထားခြင်းဖြစ်ပါကြောင်း၊  ရေဦး- ညောင်လှအပိုင်းတွင်လည်း ခြောက်မိုင်ကိုသာ ကတ္တရာခင်းကျင်းနိုင်ပြီး ကျန်  ၁၀ မိုင်သည် ရွှံ့စေးများသာ ဖြစ်သည့်အတွက် မိုးရာသီတွင် အသုံးပြုနိုင်ခြင်း မရှိပါကြောင်း၊ထို့ကြောင့် ဒီပဲယင်းမြို့နယ်၊ စိုင်ပြင်-အုန်းတပင်-မရကန်-ညောင်လှ-ရေဦး ကားလမ်းအား ရာသီမရွေးသွားလာနိုင်သည့် ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ပေးနိုင်ပါရန် စီမံကိန်းရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဒုတိယဝန်ကြီး ဒေါက်တာထွန်းဝင်း
အဖြေ
ဖြေကြားချက် 

u tun winစစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ် စိုင်ပြင်-အုန်းတပင်-မရကန်-ညောင်လှ-ရေဦးကျေးရွာချင်းဆက်လမ်း အရှည် ၁၆ မိုင် ၆ ဖာလုံအနက် ၂၀၁၂-၂၀၁၃ ခုနှစ်နှင့်၂၀၁၄-၂၀၁၅ ခုနှစ်တို့တွင် ပြည်သူထည့်ဝင်ငွေဖြင့် ကျောက်ချောလမ်း ၅ မိုင် ၃.၅၂ ဖာလုံ၊ လွှတ်တော်ရန်ပုံငွေဖြင့် ကျောက်ချောလမ်း ၂.၈၈ ဖာလုံ၊ မြို့နယ်စည်ပင်သာယာရေးရန်ပုံငွေဖြင့် ၂.၆ ဖာလုံ၊ ၂၀၁၅-၂၀၁၆ ခုနှစ် ဦးစီးဌာနရန်ပုံငွေဖြင့် ကတ္တရာလမ်း ၆ မိုင်ကိုဆောင်ရွက်ခဲ့ပါကြောင်း၊ မရကန်နှင့် အုန်းတပင်ကြား မြေသားလမ်း ၂ မိုင် ၄ ဖာလုံတွင် ၁ မိုင် ၄ ဖာလုံတွင် တောင်သူများမှ လယ်မြေများ တိုးချဲ့လုပ်ကိုင် လျက်ရှိပါသဖြင့် မူလလမ်းကြောင်း ပြန်လည် ဖော်ထုတ်ရန် လိုအပ်ပါကြောင်းနှင့် အဆိုပါလမ်းအား ပြန်လည်ပြုပြင်ခြင်းများ ဆောင်ရွက်မည်ဆိုပါက ၁ မိုင် ၄ ဖာလုံ မြေသားတာပေါင် တင်ခြင်းအတွက် ငွေကျပ် ၂၄.၁၆ သန်း၊ ကတ္တရာထပ်ပိုးလွှာခင်းခြင်း ၆ မိုင် ၁ ဖာလုံအတွက် ငွေကျပ် ၄၂၆.၁၂ သန်း ကုန်ကျမည်ဖြစ်ပါကြောင်း၊ ယခုအချိန်တွင်  မရကန်နှင့် အုန်းတပင်ကြား မြေသားလမ်း ၂ မိုင် ၄ ဖာလုံ၊ သရက်ကောင်း-စိုင်ပြင်ကြား မြေသားလမ်း ၂ မိုင် ၁ ဖာလုံ စုစုပေါင်း ၄ မိုင် ၅ ဖာလုံရှိပြီး မြေသားလမ်းမှ ကတ္တရာလမ်းခင်းခြင်း ၄ မိုင် ၅ ဖာလုံ အတွက် ငွေကျပ် ၄၅၁.၆၈ သန်း၊ သရက်ကောင်းနှင့် စိုင်ပြင်ကြားနေရာတွင် (၁၀ ပေ x ၁၄ ပေ) ကွန်ကရစ်တံတားသုံးစင်းအတွက် ငွေကျပ် ၂၄ သန်း၊ စုစုပေါင်းငွေကျပ် ၉၂၅.၉၆ သန်းခန့် ကုန်ကျမည် ဖြစ်ပြီး ကျေးရွာ ၂၆ ရွာ၊ အိမ်ခြေ ၄၀၃၆၊ လူဦးရေ ၁၈၂၀၃ ဦးတို့အား အကျိုးပြုမှာဖြစ်ပါကြောင်း၊

မိမိတို့ ဌာန၏ မူအတိုင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတွင် ဘတ်ဂျက် လျာထား ဆောင်ရွက်ရာ၌ ပြည်နယ်/တိုင်းဒေသကြီးများအတွင်းရှိ လူဦးရေအချိုးအစားအရ လျာထားသည့်အပြင် ပြည်နယ်/တိုင်းဒေသကြီးရှိ မြို့နယ်အားလုံးကိုလည်း ပါဝင်လျာထားပါကြောင်း၊ ထို့အပြင် ကျေးရွာများ၏ လိုအပ်ချက်ကိုလည်း မြို့နယ်၊ ခရိုင်နှင့် ပြည်နယ်/တိုင်းဒေသကြီး မှတစ်ဆင့် ထောက်ခံတင်ပြလာမှုအပေါ် ဦးစားပေးအစီအစဉ်အတိုင်း ရွေးချယ်လျာထားပေးလျက်ရှိပါကြောင်း၊

စစ်ကိုင်းဒေသကြီးတစ်ခုလုံးအတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏  ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေကျပ် ၁၆၅၂၀.၇၂ သန်းဖြင့် ဆောင်ရွက်လျက်ရှိရာတွင် ဒီပဲယင်းမြို့နယ်အတွက်  ခွင့်ပြုရန်ပုံငွေကျပ် ၃၇၆.၁၁ သန်းဖြင့် လမ်းတံတားများကို ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ယခုလမ်းသည်  ၉၂၅.၉၆ သန်းခန့် ကုန်ကျမည်ဖြစ်ပါကြောင်း၊

ထို့ကြောင့် စိုင်ပြင်-အုန်းတပင်-မရကန်-ညောင်လှ-ရေဦး ကျေးရွာချင်းဆက်လမ်းအား မြေသား တာပေါင် တင်ခြင်း ၁ မိုင် ၄ ဖာလုံ၊ ကတ္တရာထပ်ပိုးလွှာခင်းခြင်း ၆ မိုင် ၁ ဖာလုံနှင့် ကတ္တရာ လမ်းခင်းခြင်း ၄ မိုင် ၅ ဖာလုံ၊ (၁၀ ပေ x ၁၄ ပေ) ကွန်ကရစ်တံတားသုံးစင်း တည်ဆောက်ခြင်း လုပ်ငန်းများအား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၏ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ပါဝင်ခြင်းမရှိခဲ့ပါ၍ လတ်တလော ဆောင်ရွက်ပေးနိုင်ခြင်းမရှိပါကြောင်းနှင့် နှစ်အလိုက် ဦးစားပေးအတိုင်း တင်ပြပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။