မေးခွန်း အကြောင်းအရာ
ရသေ့တောင်မြို့နယ်၏ အနောက်ဘက်ဒေသ မေယုကန့်နယ်မြေအတွင်း နေထိုင်နေကြသည့် သရက်ချောင်း ကျေးရွာအပါအဝင် ကျေးရွာပေါင်းကိုးရွာမှာ အိမ်ခြေ ၁၃၄၉ အိမ်ရှိပြီး လူဦးရေမှာ ၆၉၄၂ ဦးရှိပါကြောင်း၊ ၎င်းကျေးရွာ ကိုးရွာ၏ ကျေးရွာချင်းဆက်လမ်းပေါ်တွင် မေယုကန်(တောင်ပိုင်း)ဒေသ၏ အရှေ့အနောက် ပိုင်းခြားထားသော ပျောချောင်းကြီး ရှိပါကြောင်း၊ ၎င်းချောင်းကိုဖြတ်ပြီး မေယုအားမာန်ကြိုးတံတား တစ်ခုကို အလှူရှင်တစ်ဦးက မတည်ပြီး ကျေးရွာများ၏ကူညီပံ့ပိုးမှုဖြင့် ၂၄.၁.၂၀၁၃ ရက်နေ့တွင် တည်ဆောက် ခဲ့ပါကြောင်း၊ ၎င်းတံတားသည် ခိုင်ခံ့မှုမရှိသည့်အတွက် စက်ဘီးနှင့်ဆိုင်ကယ်များကို တွန်းပြီးသွားလာ ရပါကြောင်း၊ အောက်ခံအဖြစ်အသုံးပြုနေသည့် သံပြားချပ်များသည် ရာသီဥတုဒဏ်၊ ခရီးသွားပြည်သူများ သွားလာသည့်ဒဏ်နှင့် ဆားငံဓာတ်များ၏ အခိုးအငွေ့ဒဏ်များကြောင့် ၎င်းသံပြားချပ်များသည် သံချေး တက်ပြီး ဆွေးမြေ့လာသဖြင့် ပျက်စီးယိုယွင်းမှုများဖြစ်ပေါ်လာပါကြောင်း၊ ၎င်းတံတားကို တစ်နှစ် တစ်ကြိမ် ပြုပြင်ပေးရန်သိန်းပေါင်း ၂၀ လိုအပ်ပြီး၊ ပြုပြင်ရန်အတွက်လည်း အခက်အခဲရှိပါကြောင်း၊ ထို့ကြောင့် သရက်ချောင်းကျေးရွာနှင့် အခြားကျေးရွာများမှာ ကျေးလက်နေပြည်သူများ သွားလာလွယ်ကူအဆင်ပြေစေရန် ကိုယ်ထူကိုယ်ထပြုလုပ် ထားသည့် မေယုအားမာန် ကြိုးတံတားကို သံကူကွန်ကရစ်တံတား တည်ဆောက် ပေးရန် အစီအစဉ်ရှိ/မရှိ နဲ့ အစီအစဉ်ရှိပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် ပြုလုပ်ပေးပါမည်ကို သိရှိလိုပါ ကြောင်းမေးမြန်းပါသည်။
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် သရက်ချောင်း ကျေးရွာအနီးရှိ ပျောချောင်းကူး မေယုအားမာန်ကြိုး တံတားသည် ပေအရှည် ၂၈၀ ပေရှိပြီးကျေးရွာ ၉ ရွာ၊ အိမ်ခြေ ၁၃၄၉၊ လူဦးရေ ၆၉၄၂ ဦးတို့အား အကျိုးပြုပါကြောင်း၊ မေယုအားမာန် ကြိုးတံတားအား ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေကျပ် ၄ သန်းဖြင့် တံတားပြင်ဆင် ထိန်းသိမ်းခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ပြီး လက်ရှိတွင် ဒေသခံများ အသုံးပြု သွားလာလျက်ရှိပါကြောင်း၊ ပျောချောင်းသည် ဒီရေအကျဆုံးအချိန်တွင် အကျယ် ၂၅၀ ပေခန့်နှင့် ရေအနက် ၃၅ ပေခန့်ရှိပြီး ဒီရေအတက်ဆုံး အချိန်တွင် ပေအကျယ် ၃၅၀ ပေခန့်နှင့် ရေအနက် ၅၀ ပေခန့်ရှိသည့် ရေစီးသန်သည့် ချောင်းတစ်ချောင်း ဖြစ်ပါကြောင်း၊ သံကူကွန်ကရစ်တံတား တည်ဆောက်မည်ဆိုပါက အရှည် ၅၀၀ ပေ၊ အကျယ် ၁၈ ပေ၊ အမြင့် ၇၀ ပေခန့် အတိုင်းအတာရှိသည့် သံကူကွန်ကရစ်တံတား တည်ဆောက်ရမည် ဖြစ်ပါကြောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၏ ဘတ်ဂျက်တွင်လျာထားပေးမည်ဖြစ်ပါကြောင်း၊ ပြည်နယ်/တိုင်းဒေသကြီးများတွင်ရှိသည့် လူဦးရေအချိုးအစား နှင့် မြို့နယ်များအားလုံးကိုလည်း ပါဝင်လျာထားရပါကြောင်း၊ ၎င်းအပြင် ကျေးရွာများ၏လိုအပ်ချက်များကို မြို့နယ်၊ ခရိုင်နှင့် ပြည်နယ်/တိုင်းဒေသကြီးမှတစ်ဆင့် ဦးစားပေးအစီအစဉ်အတိုင်း ရွေးချယ်လျာထား ပေးပါကြောင်း၊ ရခိုင်ပြည်နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေ ကို ၄၁၄၂.၈၉၂ သန်းဖြင့် ဆောင်ရွက်ပါကြောင်း၊ ရသေ့တောင် မြို့နယ်အတွက် ကျေးလက် ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၆-၁၇ ခုနှစ်တွင် ဘဏ္ဍာရေးခွင့်ပြုရန်ပုံငွေ ကျပ် ၅၀၅.၆၁ သန်းဖြင့် ဆောင်ရွက်ပါကြောင်း၊ သံကူကွန်ကရစ်တံတားကြီး တည်ဆောက်ပေးရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောင်ရွက်နိုင်သည့် သံကူကွန်ကရစ် တံတားပမာဏထက် ကျော်လွန်နေပါသဖြင့် လမ်းတံတားဖွံဖြိုးတိုးတက်မှုကော်မတီနှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာနသို့ တင်ပြပေးသွားမည်ဖြစ်ပါကြောင်းနှင့် ယခုအချိန်တွင် ဆောင်ရွက်ပေးနိုင်ခြင်းမရှိပါကြောင်း ဖြေကြားခဲ့ပါသည်။
ရသေ့တောင်မဲဆန္ဒနယ်၊ ဒေါ်ခင်စောဝေ မှဆက်စပ်မေးခွန်းမေးမြန်းပါသည်။
ယခင်အစိုးရလက်ထက်ခေတ်တွင် မြစ်ကိုမြင်ရင် တံတားဆင် ဆိုသည့် ဆောင်ပုဒ်အတိုင်း ပြည်မများရှိ မြစ်များတွင် တံတားများအသီးသီး ဆောက်လုပ်ပေးပါကြောင်း၊ ဖွံ့ဖြိုးတိုးတက်မှုမရှိသေးသည့် ဝေးလံခေါင်သီပြီး သွားလာရေးမလွယ်ကူသည့် ပြည်နယ်များအတွက် ကိုယ်ထူကိုယ်ထ အလှူရှင်ရှိမှ တည်ဆောက်ရသည့် အခြေအနေဖြစ်ပါကြောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ၎င်းတံတား ကိုတည်ဆောက်နိုင်မည့် အခြေအနေနှင့် အချိန်အတိအကျကိုသိလိုပါကြောင်းမေးမြန်းပါသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းဝင်း မှဆက်စပ်ဖြေကြားပါသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးဌာန၏ ဘတ်ဂျက်ရန်ပုံ ငွေအတွင်း မဆောင်ရွက်ပေးနိုင်သည့် ဘတ်ဂျက်အင်အားပမာဏရှိသည့် ၎င်းသံကူကွန်ကရစ် တံတားကို သက်ဆိုင်ရာကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန မှနေပြီး လမ်းတံတားဖွံ့ဖြိုးရေးကော်မတီနှင့် ဆောက်လုပ်ရေး ကော်မတီကို တင်ပြပြီး မည်သည့်နေ့တွင်မည်သည့်စီမံကိန်းနှင့်မည်သည့်နှစ်တွင် ဆောင်ရွက်ပေးမည်ကို အကြောင်းကြားပေးသွားမည်ဖြစ်ပ ါကြောင်း ဖြေကြားခဲ့ပါသည်။
