(က)-လယ်ဝေးမြို့နယ်အတွင်းရှိ သစ်ပုတ်ပင်-မင်းပြင်-ဒလန်ချွန်ကျေးရွာအုပ်စုချင်းဆက်မြေ သားလမ်းကို ကျောက်ချောလမ်းအဖြစ်ခင်းပေး ရန်အစီအစဉ်ရှိ၊ မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၃) ရက်မြောက်နေ့ (၁၁.၈.၂၀၁၆)

မေးခွန်း အကြောင်းအရာ 

zaw myo ooလယ်ဝေးမြို့နယ်သည် ကျေးရွာ ပေါင်း ၂၆၁ ရွာ၊ ရပ်ကွက်ကြီးခုနစ်ရပ်ကွက်နှင့် လူဦးရေ ၂၈၃၀၀၀ ကျော်ရှိသည့် မြို့ကြီးတစ်မြို့ဖြစ်ပါကြောင်း၊ လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုများကြောင့် အစစအရာရာ ဖွံ့ဖြိုးတိုးတက်မှုနိမ့်ကျနေရသည့် မြို့တစ်မြို့ဖြစ်ပါကြောင်း၊ သွားလာရေးခက်ခဲနေသည့် ကျေးရွာများအနက်မှ ဦးစွာအနေဖြင့် သစ်ပုတ်ပင်ကျေးရွာ၊ လယ်မကျေးရွာ၊ မင်းပြင်ကျေးရွာ၊ အောင်မြေယာကျေးရွာနှင့် ဒလန်ချွန်စသည့် ကျေးရွာချင်းဆက်မြေသားလမ်းသည် ၁၇ မိုင် ၂ ဖာလုံ ရှည်လျားပြီး ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ရန်ပုံငွေဖြင့် ၁၅ မိုင် ၇ ဖာလုံရှည်သည့် မြေသားလမ်းကို စတင်ဖောက်လုပ်ခဲ့ပါကြောင်း၊ ကျန်ရှိနေသည့် ၁ မိုင် ၃ ဖာလုံ မြေသားလမ်းနှင့် Box Culvert များကို ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ဆက်လက်လုပ်ကိုင် သွားမည်ဖြစ်ကြောင်းကိုလည်း သိရှိရပါကြောင်း၊ ယခင်ကဆိုလျှင် သစ်ပုတ်ပင်ကျေးရွာ၊ မင်းပြင်ကျေးရွာ၊ ဒလန်ချွန်စသည့် ကျေးရွာအုပ်စုများရှိ ပြည်သူများသည် ရထားလမ်းတစ်ခုတည်းကိုသာ မှီခိုအားထားနေသည့် အတွက် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးစသည့်ကိစ္စရပ်များ အစစအရာရာ နိမ့်ကျလျက် ရှိပါကြောင်း၊ ကျေးရွာချင်းဆက်မြေသားလမ်း ဖောက်လုပ်ပြီးစီးသည့်နောက်တွင် ဒေသခံ ပြည်သူများ၊ ကျောင်းသူ/ ကျောင်းသားများ၊ ဒေသထွက် သီးနှံများ၊ ကျန်းမာရေးစသည့်ကိစ္စရပ်များကို မော်တော်ကား၊ မော်တော်ဆိုင်ကယ်စသည့် ယာဉ်များဖြင့် နေ့စဉ်သွားလာနေရသည့် ဒေသခံပြည်သူများ အားထားနေရသည့် လမ်းဖြစ်ကြောင်းကိုလည်း သိရှိရပါကြောင်း။

ဖောက်လုပ်ပြီးစီးသွားသည့် မြေသားလမ်းများသည် တစ်နှစ်ဝန်းကျင်ခန့်တွင် မိုးရေတိုက်စားမှုများကြောင့် လမ်းများပျက်စီးနေပါကြောင်း၊ မြေသားလမ်းများ ပျက်စီးနေသောကြောင့် ဒေသခံပြည်သူများ သွားလာ၍မရတော့ဘဲ ဒုက္ခများစွာ ကြုံတွေ့နေရပါသဖြင့် ရာသီမရွေးသွားလာနိုင်သော ကျောက်ချောလမ်းခင်းပေးရန် လိုအပ်နေပါကြောင်း၊ ထို့ကြောင့် လယ်ဝေးမြို့နယ် အတွင်းရှိ သစ်ပုတ်ပင်-မင်းပြင်-ဒလန်ချွန်စသည့် ကျေးရွာအုပ်စုချင်းဆက်မြေသားလမ်းကို ရာသီမရွေးသွားလာနိုင်သော ကျောက်ချောလမ်းအဖြစ် ခင်းပေးရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ် ရှိမည်ဆိုပါက မည်သည့်ဘဏ္ဍာနှစ်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဒုတိယဝန်ကြီး ဒေါက်တာထွန်းဝင်း
အဖြေ
ဖြေကြားချက် 

u tun winပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ သစ်ပုတ်ပင်-မင်းပြင်-ဒလန်ချွန် ကျေးရွာချင်း ဆက်လမ်းသည် ၁၇ မိုင် ၂.၂ ဖာလုံရှိပြီး ကျေးရွာခုနစ်ရွာ၊ အိမ်ခြေပေါင်း ၃၂၉၄၊ လူဦးရေ ‌၁၄၂၄၈ ဦးတို့အား အကျိုးပြုနေပါကြောင်း၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခွင့်ပြု ရန်ပုံငွေကျပ် ၂၈၁.၄၃၆ သန်းဖြင့် သစ်ပုတ်ပင်-လယ်မ-မင်းပြင်ကျေးရွာချင်းဆက် မြေသားလမ်း ၇ မိုင်၊ မင်းပြင်-အောင်မြေယာ-ဒလန်ချွန်ကျေးရွာချင်းဆက် မြေသားလမ်း ၈ မိုင် ၇.၂ ဖာလုံ၊ သစ်သားတံတားတစ်စင်း ၄၀ ပေ၊ Box Culvert သုံးစင်း၊ ၂ ပေ ရေပြွန်သုံးစင်း ဆောင်ရွက်ခဲ့ပြီးဖြစ်ပါကြောင်း၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခွင့်ပြုရန်ပုံငွေဖြင့် ကျန် ၁ မိုင် ၃ ဖာလုံနှင့် Box Culvert ၁၆ စင်းတို့အား လျာထားဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆိုပါ ကျေးရွာချင်းဆက်လမ်း ၁၇ မိုင် ၂.၂ ဖာလုံအား ကျောက်ချောလမ်းခင်းပါက ကျပ်သန်းပေါင်း ၁၁၈၄.၀၂၈ သန်းခန့် ကုန်ကျမည် ဖြစ်ပါကြောင်း။

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ဘတ်ဂျက်လျာထား ဆောင်ရွက်ရာတွင် ပြည်နယ်/ တိုင်းဒေသကြီးများ အတွင်းရှိ လူဦးရေအချိုးအစားအရ လျာထားရသည့်အပြင် ပြည်နယ်/တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်အားလုံးကိုလည်း ပါဝင်လျာထားပါကြောင်း၊ ထို့အပြင် ကျေးရွာများ၏ လိုအပ်ချက်ကို မြို့နယ်၊ ခရိုင်နှင့် ပြည်နယ်/တိုင်းဒေသကြီးများမှတစ်ဆင့် ထောက်ခံတင်ပြလာမှုများအပေါ် ဦးစားပေးအစီအစဉ်အတိုင်း ရွေးချယ်ပြီး လျာထားပေးပါကြောင်း၊ လယ်ဝေးမြို့နယ်အတွက် ၂၀၁၆-၁၇ ဘဏ္ဍာနှစ်အထိ လျာထားသည့် စုစုပေါင်းရန်ပုံငွေ ကျပ် ၄၆၉.၆၈ သန်းသာရှိပါကြောင်း၊ တင်ပြသည့် ကျောက်ချောလမ်းတစ်ခုအတွက်သည် ကျပ် ၁၁၈၄ သန်းဖြစ်နေသည့်အတွက် မြို့နယ်အားလုံးအတွက် လျာထားချက်ထက် မြင့်မားနေသည့်အတွက် သစ်ပုတ်ပင်-မင်းပြင်-ဒလန်ချွန်ကျေးရွာချင်းဆက်လမ်းအား ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ရန် ကျန်ရှိသည့် မြေသားလမ်း ၁ မိုင် ၃ ဖာလုံ နှင့် Box Culvert ၁၆ စင်း ဆောင်ရွက်ရန် လျာထားပြီးဖြစ်ပါသဖြင့် အဆိုပါ လမ်း ၁၇ မိုင် ၂.၂ ဖာလုံအား ကျောက်ချောလမ်းခင်းပေးရန် လတ်တလောဆောင်ရွက်ပေးနိုင်ခြင်း မရှိပါကြောင်းနှင့် နှစ်အလိုက်ဦးစားပေးအတိုင်း လျာထားတင်ပြ ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်း ဖြေကြားပါသည်။