မေးခွန်း အကြောင်းအရာ

ဒဂုံမြို့သစ် (မြောက်ပိုင်း)၏ အဓိကလမ်းမကြီးဖြစ်သည့် ပင်လုံလမ်းမကြီးနှင့် ဗိုလ်မှူးဗထူးလမ်းမကို ကန့်လန့်ဖြတ် ဆက်သွယ်ထားသည့်လမ်းမှာ ဦးဝိစာရလမ်းဖြစ်ပြီး ၎င်းလမ်းသည် အဓိကအားဖြင့် ဒဂုံ မြို့သစ်(မြောက်ပိုင်း)စက်မှုဇုန်၊ မဟာမြိုင်အိမ်ရာ၊ တော်ဝင်အိမ်ရာ၊ ၃၄ ရပ်ကွက်၊ ၄၁ ရပ်ကွက်၊ (၄၁)တိုးချဲ့ရပ်ကွက်၊ (၄၂)ရပ်ကွက်၊ (၂၄)တိုးချဲ့ရပ်ကွက်များ အဓိကအသုံးပြုရသည့် လမ်းမကြီး ဖြစ်ပါကြောင်း၊ ၎င်းလမ်းမကြီးသည် ၁၄ ပေ ကျယ်ပြီး မိုင်ဝက်ခန့်ရှည်ပြီး၊ ပျက်စီးနေသည့်အပြင် လမ်းဘေးတွင် ချောက်များဖြစ်နေသဖြင့် ယာဉ်များလည်း မကြာခဏ အန္တရာယ်ကျရောက်ပါကြောင်း၊ ၎င်းလမ်းမကြီးကို ၁၀၇၊ ၁၀၈၊ ၃၆၊ ၃၇ လိုင်းကား (၄)လိုင်းလည်း အသုံးပြုနေပါကြောင်း၊ ယခုလို လူအသုံးများသည့်လမ်းမကြီးသည် ပျက်စီးနေသည့်အတွက် အုပ်ချုပ်ရေးအဖွဲ့ အစည်းများ၊ ရပ်ကွက်သာယာရေး ကော်မတီများမှလည်း တိုင်းဒေသကြီးအစိုးရအဖွဲ့ နှင့် မြို့တော်စည်ပင် သာယာရေးကော်မတီကို အကြိမ်ကြိမ်တင်ပြပြီး ပြင်ဆင်ပေးပါရန် တောင်းခံခဲ့ပါကြောင်း၊ သို့သော်၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်အထိ ပြင်ဆင်ရန် ဘတ်ဂျက်ပါလာခြင်းမရှိပါကြောင်း၊ ထို့ကြောင့် လူသုံးများပြီး အင်မတန် အသုံးဝင်သည့် လမ်းကို ပြင်ဆင်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် ပြင်ဆင်ပေး မည်ဆိုပါက မည်သည့်အချိန်တွင် ပြင်ဆင်ပေးမည် ကိုအတိအကျ သိလိုပါကြောင်းမေးမြန်းပါသည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ဦးဝိစာရလမ်း၊ ပင်လုံလမ်းနှင့် ဗိုလ်မှူးဗထူးလမ်းကြား သည် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ မြို့သစ်များစတင်တည်ထောင်စဉ် ကွန်ကရစ်လမ်းအဖြစ် ဆောင်ရွက်ခဲ့ သောလမ်း ဖြစ်ပါကြောင်း၊ ၎င်းလမ်း ပျက်စီးမှုအပိုင်းများအား ကတ္တရာကွန်ကရစ်ဖြင့် လမ်းပြုပြင် ခြင်းကို ၂၀၁၅ ခုနှစ် သြဂုတ်လတွင် ကတ္တရာကွန်ကရစ် တန်ချိန် ၁၅ တန်၊ စက်တင်ဘာလတွင် တန် ၂၀ ၊ အောက်တိုဘာလတွင် ၄၅ တန်၊ နိုဝင်ဘာလတွင် ၁၅ တန်၊ ဒီဇင်ဘာလတွင် ၇၅ တန် စုစုပေါင်း ကတ္တရာကွန်ကရစ် ၁၇၀ တန် အသုံးပြု၍ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ဆောင်ရွက် ပေးထားခဲ့ပါကြောင်း၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ဦးဝိစာရလမ်းအား လမ်းတိုး ချဲ့ခြင်းနှင့် အကြီးစားပြုပြင်ပေးရန် အတွက် လာမည့် ၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် ထည့်သွင်းလျာထားပြီး ဘဏ္ဍာငွေခွင့်ပြုချက်ရရှိပါက ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ဖြေကြားခဲ့ပါသည်။
