(က)-မန္တလေး-မြစ်ကြီးနားမီးရထားခရီးစဉ်တွင်သာ မန်ရထားစီးခရီးသွားပြည်သူများအဆင်ပြေရေးအ တွက် အမှတ် ၅၅၊ ၅၆ အစုန်အဆန် အထူးအမြန် ရထားနှင့် ၅၇၊ ၅၈ အစုန်အဆန် မန္တလာရထားကဲ့ သို့ နောက်ထပ် မီးရထားခရီးစဉ်တစ်ခု ပြေးဆွဲရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၁) ရက်မြောက်နေ့ (၉.၈.၂၀၁၆)

မေးခွန်း အကြောင်းအရာ 

u win aungမန္တလေးမှ မြစ်ကြီးနားသို့ပြေးဆွဲနေသည့် အဆန်ရထားများသည် အမှတ် ၃၃၊ အမှတ် ၃၇၊ အမှတ် ၅၅၊ အမှတ် ၅၇ နှင့် အမှတ် ၄၁ အဆန်ရထားများဖြစ်ကြပြီး မြစ်ကြီးနားမှ မန္တလေးသို့ပြေးဆွဲနေသည့် အစုန်ရထားများမှာ အမှတ် ၃၄၊ အမှတ် ၃၈၊ အမှတ် ၅၆၊ အမှတ် ၅၈ နှင့် အမှတ် ၄၂ အစုန်ရထားများ ဖြစ်ကြပါကြောင်း၊ မန္တလေး၊ ရွှေဘို၊ ကန့်ဘလူ၊ ကျွန်းလှ၊ ကောလင်း၊ ဝန်းသို၊ နပါး၊ အင်းတော်၊ မိုးညှင်း၊ မိုးကောင်း၊ နမ့်ပီး၊ မြစ်ကြီးနားမြို့များမှ သာမန်ရထားစီး ခရီးသွားပြည်သူများသည် အမှတ် ၅၅၊ ၅၆ အစုန်ရထားနှင့် အမှတ် ၅၇၊ ၅၈ အစုန်၊ အဆန်ရထားများကို အားထားပြီး စီးနင်းနေရပါသဖြင့် ၎င်း ရထားများသည် အမြဲလူကြပ်ပါကြောင်း၊ အမှတ် ၃၃၊ ၃၄ အစုန်၊ အဆန် ရထားနှင့် အမှတ် ၃၇၊ ၃၈ စုန်၊ ဆန်ရထားများရှိသော်လည်း ရထားလက်မှတ်မှာဈေးကြီးခြင်းနှင့် မြို့ကြီးဘူတာများတွင် ရထားရပ်ခြင်းကြောင့် သာမန်ရထားစီးခရီးသွားပြည်သူများ အဆင်ပြေချောမွေ့ခြင်း မရှိပါကြောင်း၊ အမှတ် ၄၁၊ ၄၂ အစုန်၊ အဆန်ရထားသည် ကုန်ပစ္စည်းများကို ဘူတာစဉ် တင်ချ ပြုလုပ်ခြင်းနှင့် မန္တလေး၊ မြစ်ကြီနား ခရီးစဉ်တွင် လမ်း၌နှစ်ညခန့် အိပ်ခြင်းကြောင်‌့ သာမန်ရထားစီးခရီးသွား ပြည်သူများအတွက် အဆင်ပြေမှုမရှိပါကြောင်း၊ မန္တလေး-မြစ်ကြီးနား မီးရထားခရီးစဉ်တွင် သာမန်ရထား စီးခရီးသွားပြည်သူများ အဆင်ပြေစေရေး အတွက် အမှတ် ၅၅၊ ၅၆ စုန်၊ ဆန်ရထားနှင့် အမှတ် ၅၇၊ ၅၈ အစုန်အဆန်ရထားများ ကဲ့သို့ နောက်ထပ်မီးရထား ခရီးစဉ်တစ်ခု ပြေးဆွဲရန် အစီအစဉ်ရှိ/မရှိနှင့် အစီ အစဉ်ရှိပါက မည်သည့် အချိန်တွင် စတင် အကောင်အထည်ဖော်မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဒုတိယဝန်ကြီး ဦးကျော်မျိုး
အဖြေ
ဖြေကြားချက် 

u kyaw myoမန္တလေး-မြစ်ကြီးနားလမ်းပိုင်း ပြေးဆွဲနေသည့် အမြန်ရထား ၈ စင်းရှိပြီး စာပို့ရထား ၂ စင်းနှင့်  ပါဆယ်ရထား ၂ စင်းရှိပါကြောင်း၊ ကောလင်း- နမ့်ခမ်းလမ်းပိုင်းတွင် စာပို့ရထား ၂ စင်း၊ မိုးကောင်း-မြစ်ကြီးနား လမ်းပိုင်းတွင် စာပို့ရထား ၂ စင်း၊ ရွှေဘို-မိုးညှင်းလမ်းပိုင်းအတွင်း လူစီး ကုန်တင်ရထား ၂ စင်း၊ ရွာထောင်-ကောလင်း လမ်းပိုင်းလူစီး ကုန်တင်ရထား ၂ စင်း၊ မန္တလေး-နဘားလမ်းပိုင်းအတွင်း လူစီးကုန်တင်ရထား ၂ စင်း၊ မြစ်ကြီးနား- နဘားလမ်းပိုင်းအတွင်း လူစီးကုန်တင်ရထား ၂ စင်း၊ မြို့ဟောင်း-ရွှေဘို လမ်းပိုင်းအတွင်း ခရီးတိုရထား ၂ စင်း စုစုပေါင်း ၂၆ စင်းနှင့် ကုန်ရထားအစုန်/အဆန် ၆ စင်း၊ နေ့စဉ် အစုန်/အဆန် ပြေးဆွဲပေးလျက်ရှိပါကြောင်း၊

မန္တလေးနှင့် မြစ်ကြီးနားဘူတာအပါအဝင် စုစုပေါင်း ၆၇ ဘူတာရှိပြီး အမြန်ရထားများအနေဖြင့် အမှတ် ၅၅/၅၆ ရထားခရီးစဉ်တွင် ရပ်တန့်ဘူတာ ၂၂၊ အမှတ် ၅၇/၅၈ ရထားခရီးစဉ်တွင် ရပ်တန့်ဘူတာ ၂၀ ၊ အမှတ် ၃၇/၃၈ ရထားတွင် ရပ်တန့်ဘူတာ၂၆၊ အမှတ် ၃၃/၃၄ ရထားတွင် တာရပ်တန့်ဘူတာ ၆ ဘူတာ၊ စာပို့ရထားအမှတ် ၄၁/၄၂ ရထားတွင် ရပ်တန့်ဘူတာ ၄၃၊ လူစီးကုန်တင်ရထားနှင့် ခရီးတိုရထားများအတွက် ခရီးစဉ်တစ်လျှောက် ဘူတာစဉ် ရပ်တန့်ပေးပါကြောင်း၊ လွှတ်တော် ကိုယ်စားလှယ်ကြီး တင်ပြသွားသည့် အမှတ် ၃၇/၃၈ နှင့် ၃၃/၃၄ ရပ်တန့်သည့် ဘူတာများမှာ မြို့ကြီးများတွင်ရပ်တန့်ကြောင်း နောက်တစ်ခါ ၄၁/၄၂ မှာလည်း  ၄၃ ဘူတာ အစဉ်အလိုက် ရပ်တန့်သွားသည့် အတွက် ခရီးအချိန်အနည်းငယ်ကြာမြင့်ပါကြောင်း၊

မန္တလေး-မြစ်ကြီးနားလမ်းပိုင်း ခရီးသည်စီးနင်းမှုအ‌ခြေအနေကို တစ်ရက်ပျမ်းမျှ ခရီးသည်စီးနင်းမှုသည် အမှတ် ၅၅ အဆန်ရထားတွင် ၉၉၅ ဦး၊ အမှတ် ၅၆ အစုန်ရထားတွင် ၁၂၃၈ ဦး၊ အမှတ် ၅၇ အဆန်ရထားတွင်  ၁၂၁၈  ဦး၊ အမှတ် ၅၈ အစုန်ရထားတွင် ၉၅၀ ဦး၊ အမှတ် ၃၇ အဆန်ရထားတွင် ၅၅၈  ဦး၊ အမှတ် ၃၈ အစုန်ရထားတွင် ၅၈၆ ဦး၊ အမှတ် ၃၃ အဆန်ရထားတွင် ၁၈၀ ဦး၊ အမှတ် ၃၄ အစုန်ရထားတွင် ၁၂၃ ဦး၊ အမှတ် ၄၁ အဆန်ရထားတွင် ၅၇၀ ဦး၊ အမှတ် ၄၂ အဆန်ရထားတွင် ၇၀၁  ဦး စီးနင်းလျက်ရှိပါကြောင်း၊ စီးနင်းလိုက်ပါသည့် ခရီးသည် ဦးရေကို ကြည့်မည်ဆိုပါက မိမိတို့ အမှတ် ၅၅/၅၆၊ ၅၇/၅၈ တွင် ရထားခရီးသွားပြည်သူအများဆုံး စီးနင်း လိုက်ပါသည်ကိုတွေ့ရှိရပါကြောင်း၊ အမှတ် ၃၃/၃၄ ရထားသည် အနည်းဆုံး ဖြစ်နေသည်ကို တွေ့ရှိရပါကြောင်း၊

မန္တလေး-မြစ်ကြီးနား အစ/အဆုံးပြေးဆွဲနေသည့် ရထားအမှတ် ၅၅/၅၆ ရထားတွင် ရိုးရိုးတန်း ၇ တွဲ၊ ပထမတန်း ၁ တွဲ၊ အထက်တန်း ၂ တွဲ၊ အမှတ် ၅၇/၅၈ ရထားတွင် ရိုးရိုးတန်း ၆ တွဲ၊ ပထမတန်း ၂ တွဲ၊ အထက်တန်း ၃ တွဲ၊ အမှတ် ၃၇/၃၈ ရထားတွင် ရိုးရိုးတန်း ၈ တွဲ၊ အထက်တန်း ၂ တွဲ၊ အမှတ် ၃၃/၃၄ ရထားတွင် ရိုးရိုးတန်း ၁ တွဲ၊ အထက်တန်း ၂ တွဲ၊  အိပ်စင် ၅ တွဲ၊ အမှတ် ၄၁/၄၂  ရထားတွင် ရိုးရိုးတန်း ၃ တွဲ၊ ပထမတန်း ၁ တွဲ၊ အထက်တန်း ၂ တွဲတို့ဖြင့် ချိတ်ဆက်ရေးဆွဲပြေးလျက်ရှိပါကြောင်း၊

မန္တလေး-မြစ်ကြီးနား အစ/အဆုံးပြေးဆွဲနေသည့် ရထားများ၏ ပြေးဆွဲကြာမြင့်ချိန်မှာ အမှတ် ၅၅ အဆန်ရထားတွင် ၂၃ နာရီ ၃၀ မိနစ်၊  အမှတ် ၅၆ အစုန်ရထားတွင် ၂၅ နာရီ ၅၅ မိနစ်၊ အမှတ် ၅၇ အဆန်ရထားတွင် ၂၅ နာရီ ၄၅ မိနစ်၊  အမှတ် ၅၈ အစုန်ရထားတွင် ၂၄ နာရီ ၄၀ မိနစ်၊  အမှတ် ၃၇ အဆန်ရထားတွင် ၂၂ နာရီ၊ အမှတ် ၃၈ အစုန်ရထားတွင် ၂၂ နာရီ ၁၅ မိနစ်၊ အမှတ် ၃၃ အဆန်ရထားတွင် ၂၁ နာရီ ၅၀ မိနစ်၊  အမှတ် ၃၄  အစုန်ရထားတွင် ၂၂ နာရီ ၃၀ မိနစ်၊  အမှတ် ၄၁ အဆန်ရထားတွင် ၃၀နာရီ ၄၅ မိနစ်၊  အမှတ် ၄၂ အစုန်ရထားတွင် ၂၈ နာရီ ၁၅ မိနစ်တို့ဖြစ်ပါကြောင်း၊ ၄၁/၄၂ အဆန်ရထားမှာ ဘူတာများတွင် အစဉ်လိုက်ရပ်သည့် အတွက်ကြောင့် အချိန်ကြာမြင့်သည်ကို တွေ့ရှိနေရပါကြောင်း၊

မြန်မာ့မီးရထားတွင် လမ်းပိုင်း ၂၄ နာရီအတွင်း အများဆုံး လက်ခံနိုင်သော ရထားစီးရေ (Line Capacity) ကို တွက်ချက်မှုအရ မန္တလေး-မြစ်ကြီးနား လမ်းပိုင်းတွင် ပါဝင်သည့် ထန်းကုန်း-ကန့်ဘလူ ကြားဘူတာလမ်းပိုင်းတွင် အများဆုံးလက်ခံနိုင်သည့် ရထားစင်းရေမှာ ၂၄ စင်းဖြစ်ပြီး၊ ၂၄ နာရီအတွင်း အများဆုံးပြေးဆွဲသည့် စီးရေမှာ ၂၂ စီးဖြစ်ခြင်း၊ နမ်းခမ်း-ဘုံချောင်းကြားဘူတာ လမ်းပိုင်းတွင် အများဆုံးလက်ခံနိုင်သော ရထားစင်းရေမှာ ၁၆ စင်းဖြစ်ပြီး၊ ၂၄ နာရီအတွင်း အများဆုံးပြေးဆွဲသည့် စီးရေမှာ ၁၈ စီးဖြစ်ခြင်း၊ မော်ဟန်-ကာဒူကြား ဘူတာလမ်းပိုင်းတွင် အများဆုံးလက်ခံနိုင်သော ရထား စင်းရေမှာ ၁၆ စင်းဖြစ်ပြီး ၂၄ နာရီအတွင်း အများဆုံးပြေးဆွဲနေသည့် အစီး ၂၂ စီးအထိ ဖြစ်နေခြင်း တို့ကြောင့် မန္တလေး-မြစ်ကြီးနား (Signal Sight) တစ်စီးတည်းသွားလမ်းပိုင်းတွင် ရထားစင်းရေ ထပ်မံတိုးချဲ့မည်ဆိုပါက မလိုလားအပ်သည့် ရထားပိတ်ဆို့မှုနှင့် ကြန့်ကြာမှုများ ဖြစ်ပေါ်လာမည် ဖြစ်ပါကြောင်း၊ နမ့်ခမ်း-ဘုန်ချောင်းနှင့် မော်ဟန်-ကာဒူကြားလမ်းပိုင်းများတွင် အများဆုံးလက်ခံနိုင်သည့် ရထားစင်းရေထက် ကျော်လွန်နေသည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် မိမိတို့မှ အများဆုံး လက်ခံနိုင်သည့် ရထားစင်းရေကို တွက်သည့်အခါ ရထားခုတ်မောင်းသည့် အချိန်ပေါ်မူတည်ပြီး ၎င်း၏ Formula အတိုင်း တွက်ချက်ခြင်းဖြစ်ပါကြောင်း၊

မန္တလေး-မြစ်ကြီးနား  လမ်းပိုင်းထပ်မံဆောင်ရွက်ပေးမည့် အစီအစဉ်မှာ အမှတ် ၃၃/၃၄ အစုန် အထူးရထား၏ တွဲဟောင်းများကို မြစ်ငယ်စက်ရုံမှ အသစ်ထုတ်လုပ်သော အိပ်စင်တွဲ ၁၀ တွဲဖြင့် အစားထိုးပြီး တစ်ဆိုင်းတစ်ခေါင်းဖြင့် ရက်ခြားမကြာမီ စီစဉ်ပြေးဆွဲပေးမည် ဖြစ်ပါကြောင်း၊ ရထားလက်မှတ်ခ နှုန်းထားများကို ၃၃/၃၄ ၏ ရထားလက်မှတ်ခ နှုန်းထားများကို ၁၁-၇-၂၀၁၆ ရက်နေ့တွင် လျော့ချ၍ပြေးဆွဲခဲ့ပါကြောင်း၊ ထိုသို့လျော့ချခဲ့သည်များမှာ ရိုးရိုးတန်းကို ယခင်က ၉၅၀၀ ကျပ်မှ ၆၂၀၀ ကျပ်ထိလျော့ချပေးခဲ့ပါကြောင်း၊

အထက်တန်းထိုင်ခုံများကို မိမိတို့ ၁၈၈၀၀ ကျပ်မှ ၁၃၀၀၀ အထိလျှော့ချပေးခဲ့ပါကြောင်း၊ အထက်တန်းအိပ်စင်များကို ၂၂၅၀၀ မှ ၁၇၀၀၀ ထိလျှော့ချပေးခဲ့ပါကြောင်း၊ မန္တလေး-ကောလင်းသည် RBE အထူးအမြန်အမှတ် (၅၃) အဆန်ရထားနှင့် ကောလင်း-မန္တလေး RBE အထူးအမြန်အမှတ် (၅၄) အစုန်ရထားနှစ်စင်းကို ၁-၇-၂၀၁၆ ခုနှစ်တွင် ဖွင့်ပွဲအခမ်း အနားပြုလုပ်၍ စတင်နေ့စဉ်ပြေးဆွဲခဲ့ပါကြောင်း၊ RBE ရထားတစ်စင်းမှာ ခရီးသည် ပေါင်း၂၂၀ ဦးတင်ဆောင်နိုင်ခြင်းကြောင့် ဒေသများ၌ ခရီးသည်စီးနင်းမှု လျော့ကျသွားပြီဖြစ်ပြီး ခရီးဝေးသွားမည့် ကချင်ပြည်နယ်၌ ခရီးသည်များအတွက် ထိုင်ခုံနေရာများ ပိုမိုစီစဉ်ပေးနိုင်မည် ဖြစ်ပါကြောင်း၊ မန္တလေး-မြစ်ကြီးနားလမ်းပိုင်းတွင် မန္တလေး-နဘားနှင့် နဘား-မြစ်ကြီးနားခရီးစဉ်အဖြစ် ပြေးဆွဲနေသည့် လူစီးကုန်တင်ရထားများဖြစ်သည့် အမှတ် ၄၇၊ ၄၈၊ ၄၉၊ ၅၀ ရထားများနှင့် ရွှေဘို-မိုးညှင်းလမ်းပိုင်း ပြေးဆွဲနေသော အမှတ် (၃၉/၄၀) ရထားတို့တွင် လိုအပ်သော ရိုးရိုးတန်းတွဲများ ထပ်မံချိတ်ဆက်၍ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ ၎င်းအပြင် မန္တလေး-နဘား လူစီးကုန်တင်ရထားအား ခရီးသွားပြည်သူများ အဆင်ပြေစေရေးအတွက် နေ့ပိုင်းပြေးဆွဲသည့် အချိန်စာရင်းကို ပြင်ဆင်ရေးဆွဲသွားမည်ဖြစ်ပါကြောင်း၊ ယခုလိုရေးဆွဲသည့် အခါတွင် အချိန်များမှာ အစုန်နှင့် အဆန်ကြားတွင် အချိန်ရလျှင် အရန်ထားသည့် တွဲဆိုင်းကို မိမိတို့က တခြားတွင်ထည့်ပြီး ပြေးဆွဲရမည်ဖြစ်သည့်အတွက် မိမိတို့မှ ခရီးသွားပြည်သူများ၏လိုအပ်ချက်ကို ဖြေရှင်းနိုင်မည် ဖြစ်ပါကြောင်း၊

မြစ်ငယ်စက်ရုံတွင် အတွဲသစ်များထပ်မံ၍ ထုတ်လုပ်နိုင်ချိန်တွင်လည်းကောင်း၊ နိုင်ငံခြားမှ လူစီးတွဲများ ဝယ်ယူရောက်ရှိချိန်တွင်လည်းကောင်း၊ အမှတ်(၃၃/၃၄) အဆန်/အစုန် ရထားနေရာတွင် အမှတ် (၅၅/၅၆)၊ (၅၇/၅၈) အမြန်ရထားများကဲ့သို့ တွဲဆိုင်းဖွဲ့စည်းပုံပြောင်းလဲ၍ ပြေးဆွဲ ပေးသွားမည် ဖြစ်ပါကြောင်း၊ အိပ်စင်တွဲများကိုလည်း အမှတ် (၅၅/၅၆)၊ (၅၇၊ ၅၈)နှင့် (၃၃/၃၄) ရထားများတွင် ပြောင်းလဲချိတ်ဆက်၍ စီစဉ်ဆောင်ရွက်ပေးသွားည် ဖြစ်ပါကြောင်း၊ နိုင်ငံခြားလူစီးတွဲများကို တရုတ်နိုင်ငံချေးငွေဖြင့် အတွဲ(၂၁)စီး မှာထားပြီးဖြစ်ပါကြောင်း၊ ၂၀၁၇ ပထမနှစ်ဝက်အတွင်းတွင် ရောက်ရှိလာပါက မိမိတို့ မြစ်ငယ်စက်ရုံတွင်တပ်ဆင်ပြီး မန္တလေး-မြစ်ကြီးနားတွင် ထည့်သွင်း အသုံးပြုပြေးဆွဲရန်ရှိပါကြောင်း၊ ထို့အပြင် ကိုရီးယား (ETC) ၏ အထောက်အပံ့ဖြင့်  အမေရိကန်ဒေါ်လာ ၄၅ သန်း တန်ဖိုးရှိသည့် အတွဲပေါင်း ၁၀၀ ကိုလည်း မှာယူထားပြီးဖြစ်ပါကြောင်း၊ မန္တလေး-မြစ်ကြီးနားလမ်းပိုင်းတွင် ၂၀၁၅ ခုနှစ် အတွင်း ရေကြီးရေလျှံ မှုများကြောင့် တံတားနှင့်လမ်းပိုင်းများ ချို့ယွင်းမှုများ ဖြစ်ပေါ်ခဲ့ရပြီး ရထားပြေးဆွဲချိန်များမှာ ယခင်ကထက် ပျမ်းမျှလေးနာရီခန့်ထိ ပိုမိုကြန့်ကြာခဲ့ရသည့်အတွက် လူစီးရထားဖျက်သိမ်းမှု၊ ခရီးစဉ်ဖျက်သိမ်းမှု မဖြစ်စေရေးအတွက် ရထားတွဲဆိုင်းများ  အရန်ထားရှိပြီး ပြေးဆွဲခဲ့ရပါကြောင်း၊ တံတားနှင့် လမ်းပိုင်းများ ပြင်ဆင်ပြီးပါက မူလပြေးဆွဲချိန်များကို  ပြန်လည်လျှော့ချနိုင်မည်ဖြစ်ပြီး အရန်တွဲဆိုင်းများကိုလည်း လိုအပ်နေသော အခြားတွဲဆိုင်းများတွင် ဖြည့်စွက်ဆောင်ရွက် သွားမည် ဖြစ်ပါကြောင်း၊

သို့ဖြစ်၍ မန္တလေး-မြစ်ကြီးနား မန္တလေးတောက်လျှောက် အမြန်ရထားတစ်စီး ထပ်မံပြေးဆွဲခြင်းဖြင့် Line Capacity အရ လက်ခံနိုင်သော ရထားစင်းရေထက် ပိုမိုသွားမည်ဖြစ်၍ မြန်မာ့မီးရထားအနေဖြင့် လက်ရှိအခြေအနေအရ အမြန်ရထားတစ်စီးထပ်မံတိုးချဲ့ပြေးဆွဲပေးနိုင်မည် မဟုတ်ပါကြောင်း ရှင်းလင်း ဖြေကြားပါသည်။