(ဃ)-ဖားဆောင်းမြို့နယ်၊တောင်ပေါ်ရွာ၊ဇီးပင်ကွေ့ ရွာ၊ယူကောခိုကျေးရွာ(၃)ရွာရှိကျောင်းများအားမြေပြို ရန်အန္တရာယ်ရှိသဖြင့်ပြောင်းရွှေ့စေခဲ့ရာ၂၀၁၆-၁၇ ပညာသင်နှစ်အတွက် ကျောင်းဆက်လက်ဖွင့်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဒသမနေ့ (၈.၈.၂၀၁၆)

မေးခွန်း အကြောင်းအရာ 

nan htwe thuကယားပြည်နယ်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးကျေးရွာအုပ်စုရှိ တောင်ပေါ်ရွာ၊ ဇီးပင်ကွေ့ရွာ၊ ယူကောခိုကျေးရွာများသည် လွန်ခဲ့သောနှစ်ပေါင်း ၁၅၃ က တည်ထောင်ခဲ့သော ကျေးရွာများဖြစ်ပြီး လူဦးရေ ၁၈၇၇ ဦး၊ အိမ်ထောင်စုပေါင်း ၅၂၈ စုရှိပါကြောင်း၊ အဆိုပါ ကျေးရွာ ၃ ရွာတွင် မူလတန်းကျောင်း ၂ ကျောင်းနှင့် အလယ်တန်းကျောင်းခွဲ ၁ ကျောင်းရှိပြီး ကျောင်းသားဦးရေ ၆၀၀ ဦးခန့်ရှိပါကြောင်း၊ အဆိုပါကျေးရွာများအနီးတွင် ရဲထွဋ်ကျော်ကုမ္ပဏီနှင့် ဦးပိုက်ကုမ္ပဏီတို့မှ သတ္တုတူးဖော်ရေးလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခင်အစိုးရလက်ထက် တွင် ၎င်းကျေးရွာ ၃ ရွာ၏ အောက်ခံမြေသားတည်ငြိမ်မှု မရှိကြောင်းနှင့် မြေပြိုရန် အန္တရာယ် ရှိနိုင်သည်ဟု အကြောင်းပြု၍ သတ္တုတူးဖော်နေသောကုမ္ပဏီများက အလျင်အမြန် ဖိအားပေး ပြောင်းရွှေ့စေခဲ့သောကြောင့် နိုင်ငံတော်အစိုးရမှ ဖွင့်လှစ်ထားသော ကျောင်းများကိုလည်း ၂၀၁၆-၁၇ ပညာသင်နှစ်မစမီ ပိတ်ခဲ့ရပါကြောင်း၊

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး ခေတ္တရပ်နားချိန်တွင် မော်ချီးကျေးရွာ အုပ်စုရှိ ပြည်သူလူထုနှင့် သွားရောက်တွေ့ဆုံ ကွင်းဆင်းခဲ့ပြီး ပြည်သူလူထုကြုံတွေ့နေရသော အခက်အခဲများ၏ အချက်အလက်များကိုရယူ၍ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် သွားရောက် တွေ့ဆုံခဲ့ရာတွင် အန္တရာယ်ဖြစ်လာပါက ကြိုတင်ကာကွယ်သည့်အနေဖြင့် ရွာသူရွာသားများကို ပြောင်းရွှေ့စေခိုင်းခြင်းသာဖြစ်ကြောင်းနှင့် မဖြစ်မနေပြောင်းရွှေ့ရမည် မဟုတ်ဟုလည်း သိရှိ ခဲ့ရပါကြောင်း၊ ယခုအခါ ကျေးရွာနေပြည်သူများသည် မပြောင်းရွှေ့ဖြစ်ခဲ့သော်လည်း ၂၀၁၆-၁၇ ပညာသင်နှစ်တွင် ရွာတွင် ဖွင့်လှစ်ထားရှိသော ကျောင်းများသည် နေရာအသစ်သို့ ပြောင်းရွှေ့ခဲ့ရပါကြောင်း၊ ကျောင်းသားကျောင်းသူများသည် ရွာမှ ၅ မိုင်မှ ၁၀ အထိဝေးသော နေရာသစ်တွင် ဖွင့်လှစ်ထားသည့်ကျောင်းများတွင် သွားရောက် ပညာသင်ကြားနေရပါကြောင်း၊ ဆိုးရွားသောရာသီဥတု အခြေအနေနှင့် လမ်းပန်းဆက်သွယ်ရေး အခက်အခဲများ၊ ရွာနှင့်ကျောင်း ဝေးကွာလွန်းသဖြင့် တချို့ကလေးများသည် ကျေးရွာအသီးသီးရှိ ယာယီဖွင့်ထားသော ကျောင်းများတွင် ပြင်ပမှ ဆရာဆရာမများငှားရမ်း၍ ကိုယ်ထူကိုယ်ထ ပညာသင်ကြားနေရပါကြောင်း၊

ပညာသင်ယူမှုသည် မွေးဖွားသည့်နေ့မှစ၍ ဘဝတစ်လျှောက် စဉ်ဆက်မပြတ် ပညာသင်ကြားနိုင်ရေး အတွက် ပညာရေးအခွင့်အလမ်းများ ရရှိနိုင်ရန်နှင့် အကျိုးရှိသည့်ပညာရပ်များ တတ်မြောက်နိုင်စေရန် နိုင်ငံသားတိုင်း အနည်းဆုံး မူလတန်းအဆင့်ပညာကို တတ်မြောက်ခွင့် ရရှိနိုင်အောင် ဆောင်ရွက်ပေးရမည်မှာလည်း နိုင်ငံတော်အစိုးရ၏ မူဝါဒများဖြစ်သည့်အတွက် လူတိုင်း လက်လှမ်းမှီသော အခြေခံပညာကျောင်းများကို ဖွံ့ဖြိုးမှုအားနည်းသည့် ဒေသများတွင် ပို၍ဦးစားပေး ဆောင်ရွက်ပေးထားသင့်ပါကြောင်း၊ သို့ဖြစ်ပါ၍ အဆိုပါကျောင်းများကို ပြန်လည်ဖွင့်လှစ် ပေးနိုင်မည်ဆိုပါက ကျောင်းနေရွယ်ကလေး သူငယ်များအားလုံး ကျောင်းတက်နိုင်ကြမည်ဖြစ်ပြီး ဆရာဆရာမများကို ငှားရမ်းပညာသင်ကြားနေသော ပြည်သူများ၏ လူမှုအခက်အခဲများကိုလည်း ဖြေရှင်းရာရောက်မည်ဖြစ်ပါကြောင်း၊

ထို့ကြောင့် ပညာသင်ကြားနေသော ကျောင်းသားကျောင်းသူများ ဘေးကင်းလုံခြုံစွာ ဆက်လက် ပညာသင်ယူနိုင်ရေးအတွက် ၎င်းကျေးရွာများရှိ ကျောင်းများကို မူလနေရာတွင် ပြန်လည် ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်မရှိပါက ယခုလက်ရှိ ကိုယ်ထူကိုယ်ထအနေဖြင့် ပညာ သင်ကြားနေသော ကျောင်းသားကျောင်းသူများအတွက် နိုင်ငံတော်အစိုးရအနေဖြင့် မည်ကဲ့သို့ ဆက်လက်ဆောင်ရွက်ပေးမည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ
ဖြေကြားချက် 

myo thein gyiကိုယ်စားလှယ်တော်ကြီး၏ မေးမြန်းချက်တွင်ပါရှိသော ကျောင်း ၃ ကျောင်းအနက်မှ ယူကောခို ကျေးရွာကျောင်းသည် အမှတ် (၁၃) အ‌ခြေခံပညာ မူလတန်းကျောင်း၊ ကုန်းဟုလည်းကောင်း၊ ဇီးပင်ကွေ့ကျေးရွာကျောင်းသည် အမှတ် (၁၆)  အခြေခံပညာမူလတန်းကျောင်း၊ ကုန်းဟု လည်းကောင်း ပညာရေးဝန်ကြီးဌာန၏ တရားဝင် အမည်ပေါက်စာရင်းတွင် ပါရှိပါကြောင်း၊ ကယားပြည်နယ်၊ ဖားဆောင်းမြို့နယ်တွင် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ၌ မြေပြိုမှုဖြစ်ပွားခဲ့၍ နိုဝင်ဘာလတွင် ပြည်နယ်အစိုးရအစီအစဉ်ဖြင့် ဘူမိဗေဒပညာရှင်များအား ခေါ်ယူစစ်ဆေးခဲ့ရာ လွှတ်တော်ကိုယ်စားလှယ်မေးမြန်းခဲ့သော ရွာသုံးရွာသည် အန္တရာယ်ဇုန်တွင် ကျရောက်နေကြောင်း အတည်ပြုခဲ့ကြပါကြောင်း၊ ထိုသို့ အန္တရာယ်ဇုန်တွင် ကျရောက်နေသောကြောင့် ကယားပြည်နယ် အစိုးရအဖွဲ့၏ ၂၆-၁၂-၂၀၁၅ ရက်စွဲပါစာအမှတ်၊ ၄/၇-၂၂၁/ဦး ၅ ဖြင့် ၎င်းနေရာများသည် အန္တရာယ်ဖြစ်ပွားနိုင်ခြေ အမြင့်ဆုံးနေရာ (Very High Hazard Zone) ဖြစ်၍ အန္တရာယ် လွတ်ကင်းရာမြေနေရာများ ရှာဖွေပြီး လုပ်ထုံးလုပ်နည်းနှင့်အညီ အဆိုပါကျေးရွာများကို စနစ်တကျ ပြောင်းရွှေ့နေရာချထားရေး စီစဉ်ဆောင်ရွက်ရန် ကယားပြည်နယ်အစိုးရအဖွဲ့က ညွှန်ကြားခဲ့ပါကြောင်း၊

၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်၊ ၁၀ ရက်၊ ၁၁ ရက်နေ့ မြေပြိုမှုများဖြစ်ချိန်မှစ၍ အဆိုပါ ကျောင်းသုံးကျောင်းတွင် သင်ကြားနေသော ကျောင်းသားကျောင်းသူများအား ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ကျောင်းများပြန်လည်ဖွင့်လှစ်ချိန်တွင် အ.ထ.က မော်ချီး၊ အ.လ.က လိုခါးလို၊ အ.မ.က လိုခါးလို (ကွက်သစ်)၊ အ.မ.က မော်ချီးအောက်ရွာကျောင်းများ၌ ပြောင်းရွှေ့သင်ကြား စေခဲ့ပါကြောင်း။ ထိုသို့ ပြောင်းရွှေ့သင်ကြားရာတွင် အဆင်ပြေစေရန်အတွက် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနအနေဖြင့် ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် မော်ချီးဒေသဖြစ်သော အ.လ.က လိုခါးလို၌ ၁၄၀ ပေ x ၃၀ ပေ RC နှစ်ထပ်ဆောင် တစ်ဆောင်အားလည်းကောင်း၊ အ.မ.က မော်ချီးအောက်ရွာ၌ ၆၀ ပေ x ၃၀ ပေ အုတ်ညှပ်တစ်ထပ်ဆောင် တစ်ဆောင်အားလည်းကောင်း၊ ၂၀၁၆ ခုနှစ်၊ မတ်လတွင် အပြီးသတ်ထပ်မံတည်ဆောက်ပေးခဲ့ပါကြောင်း၊

ကယားပြည်နယ်အစိုးရအဖွဲ့၏ ၁-၂-၂၀၁၆ ရက်နေ့ အစည်းအဝေး အမှတ်စဉ်(၄/၂၀၁၆) အပိုဒ်(၆)အရ အန္တရာယ်ဇုန်တွင် ကျရောက်နေသော ကျောင်းလေးကျောင်းအား ပြောင်းရွှေ့ ဆောက်လုပ်ရန် မြေနေရာသတ်မှတ်ပေးခဲ့ပြီး ၎င်းမြေနေရာများတွင် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာ ဦးစီးဌာနက (က) အ.လ.က(ခွဲ)တောင်ပေါ်၊ ပြောင်းရွှေ့သည့်နေရာ လယ်ဘွာခို (လေးထပ်ကွေ့နန်းဟူးရွာဟောင်း) အရှေ့တောင်ဘက်၊ အကွာအဝေး ၃ မိုင်၊ ၁၂၀ x ၃၀ ပေ၊ အုတ်ညှပ် တစ်ထပ်၊ ၆၀ x ၃၀ ပေ၊ အုတ်ညှပ် တစ်ထပ် နှစ်ဆောင်၊ အ.မ.က(၁၆)ကုန်း၊ ဒိုမူပယ်ရွာ၏ အရှေ့ဘက် အကွာအဝေး ၃ မိုင် ၆၀ x ၃၀ ပေ အုတ်ညှပ်တစ်ထပ်တစ်ဆောင်၊ အ.မ.က(၁၃)ကုန်း လိုခါဒေး (ဆယ်မိုင်ကုန်း) ၏ တောင်ဘက် အကွာအဝေး ၁၅ မိုင်၊ ၆၀ x ၃၀ ပေ၊ အုတ်ညှပ်တစ်ထပ် တစ်ဆောင်၊ အ.မ.က(ခွဲ)နှင့် ရေပူရွာ ၆၀ x ၃၀ ပေ၊ အုတ်ညှပ်တစ်ထပ် တစ်ဆောင် စသည့်ကျောင်းများ ဆောက်လုပ်ပေးခဲ့ပါကြောင်း၊

အထက်ပါကျောင်းဆောင်များကို ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် ဘဏ္ဍာငွေ ၅၀ ရာခိုင်နှုန်း နှင့် ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် အပြီးသတ်ရန် ဘဏ္ဍာငွေ ၅၀ ရာခိုင်နှုန်းခွဲဝေချထား ဆောင်ရွက်ပေးခဲ့ရာ လယ်ဘွာခို (လေးထပ်ကွေ့နန်းဟူးရွာဟောင်း) ကျေးရွာနှင့် ရေပူကျေးရွာရှိ ကျောင်းဆောင်များသည် ၂၀၁၆ ခုနှစ်၊ မေလတွင် ပြီးစီးခဲ့ပြီး ဒိုမူပယ်ကျေးရွာ အ.မ.က(၁၆)ကုန်း၊ ပြောင်းရွှေ့သည့်ကျေးရွာနှင့် လိုခါဒေး (ဆယ်မိုင်ကုန်း) ကျေးရွာ (အ.မ.က(၁၃)ကုန်း၊ ပြောင်းရွေ့သည့် ကျေးရွာ)ကျောင်းများသည် ၂၀၁၆ ခုနှစ်၊ ဇွန်လတွင် ရာနှုန်းပြည့်ပြီးစီးပြီဖြစ်၍ ကျောင်းသားများလက်ခံပြီး သင်ကြားသင်ယူမှု လုပ်ငန်းများ ပြုလုပ်နေပြီဖြစ်ပါကြောင်း၊

သို့ဖြစ်ပါ၍ ကျေးရွာများသည် အန္တရာယ်ဇုန်အတွင်း တည်ရှိနေခြင်းကြောင့် အန္တရာယ်မှ လွတ်ကင်းရာ မြေနေရာများရှာဖွေ၍ လုပ်ထုံးလုပ်နည်းနှင့်အညီ ကျေးရွာများကို ကယားပြည်နယ် အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် စနစ်တကျ ပြောင်းရွေ့နေရာချထားပြီး ကျောင်းဆောင်သစ်များလည်း ဆောက်လုပ်ပေးပြီး ဖြစ်သောကြောင့် နေရာဟောင်း(အန္တရာယ်ဇုန်)တွင် ရှိနေသော အဆိုပါကျောင်း ၃ ကျောင်းအား ဆက်လက်ဖွင့်ပေးရန် ကယားပြည်နယ်အစိုးရအဖွဲ့၏ သဘောထားမှတ်ချက် ရယူဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဒေါ်နန်းထွေးသူ (ဖားဆောင်းမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။               

ဝန်ကြီး၏ဖြေကြားချက်တွင် ကျောင်းများကို စနစ်တကျပြောင်းရွှေ့ပေးပြီးမှ ဆောက်လုပ်ပေးသည်မှာ မှန်သော်လည်း ကျောင်းများသည် ဝေးကွာလွန်းသဖြင့် ကျောင်းသားကျောင်းသူများသည် ထိုကျောင်းများသို့ ကျောင်းသွားမတက်နိုင်ဘဲ ကိုယ်ထူကိုယ်ထဖြင့် ဆရာမငှားရမ်းပြီး ပညာ သင်ကြားနေကြသည့် ကျောင်းသားကျောင်းသူများအတွက် မည်သို့ဆက်လက် ဆောင်ရွက် ပေးမည်ကို သိရှိလိုကြောင်း ဆက်စပ်မေးမြန်းပါသည်။

ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး

အန္တရာယ်ဇုန်အတွင်း တည်ရှိနေသောကျောင်းများသည် သတ်မှတ်ချက်၊ လုပ်ထုံးလုပ်နည်းနှင့်အညီ ကျေးရွာများကို ကယားပြည်နယ် အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ပြောင်းရွှေ့ပြီး ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည့်အတွက် ကျောင်းသုံးကျောင်းကို ဆက်လက်ပြန်လည် ဖွင့်လှစ်ပေးရန်အတွက် ကယား ပြည်နယ် အစိုးရအဖွဲ့ သဘောထား မှတ်ချက်ရယူပြီးမှသာ ဆောင်ရွက်၍ ရမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။