မေးခွန်း အကြောင်းအရာ
ယခင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန လက်အောက်ရှိ ဝန်ထမ်းများ၏ ရာထူးတိုးမြှင့်ရေးကိစ္စနှင့် ပတ်သက်ပြီး သက်ဆိုင်ရာကျောင်းအလိုက် သတ်မှတ်ချက်များနှင့်အညီ တင်ပြရန်၂၃-၇-၂၀၁၅ ရက်နေ့တွင် စာအမှတ်၊ သပန/၂၉(၁)/၂၀၁၅ (၁၃၂၀၃) ဖြင့်လည်းကောင်း၊ ၃-၈-၂၀၁၅ ရက်နေ့တွင် စာအမှတ်၊ စမပ/ဝထ-၂/၂၀၈/၂၀၁၅ (၁၅၉၂) ဖြင့်လည်းကောင်း ညွှန်ကြားဆောင်ရွက်ခဲ့သော်လည်း နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများအရ တိုးမြှင့်ခံစားသင့်သူများ ကြန့်ကြာနေကြဆဲဖြစ်သည်ဟု သိရှိရပါကြောင်း၊ နိုင်ငံ့ဝန်ထမ်း နည်းဥပဒေ ၂၀၁၂ ခုနှစ်နှင့် ၂၀၁၄ ခုနှစ်၊ မတ်လ ၂၆ ရက်နေ့တွင် ပြဋ္ဌာန်းထုတ်ပြန်ခဲ့သော နိုင်ငံ့ဝန်ထမ်းနည်းဥပဒေ တို့အရလည်း လုပ်သက်ဆိုင်ရာ ရာထူးတိုးမြှင့်ပေးခြင်းများ အားနည်းနေသည်ဟု သိရှိရပါကြောင်း၊ လုပ်သက်နှင့် ရာထူးတိုးမြှင့်ခြင်းတို့သည် ဝန်ထမ်းတို့၏ ဘဝမျှော်လင့်ချက်များ ဖြစ်သည်သာမက တာဝန်ယူမှု၊ တာဝန်ခံမှု မြင့်မားစေလျက် နိုင်ငံ့တာဝန် ထမ်းဆောင်မှုများကိုလည်း ပိုမိုထိရောက်အောင်မြင်စေမည် ဖြစ်ပါကြောင်း၊ ယခုအခါ နိုင်ငံတော်၏ အပြောင်းအလဲကောင်းတို့ကို ဦးတည်ကြိုးပမ်းနေကြသည့် ပြည်သူ့အစိုးရတစ်ရပ် ပေါ်ပေါက်နေပြီဖြစ်သည့်အတွက် နိုင်ငံတော်၏ ဝန်ထမ်းများအပေါ် ကောင်းမွန်မှန်ကန်စွာ စောင့်ရှောက်မှုများ ပေးရန်လိုအပ်မည်ဟု ယုံကြည်ပါကြောင်း၊ ထို့ကြောင့် ဆရာ/မများ၊ ဝန်ထမ်းများ၏ ရာထူးတိုးမညီမျှမှုများ၊ ကြန့်ကြာနေမှုများ၊ ရာထူးတိုးနစ်နာမှုများ ရှိပါက မည်သို့ပြုပြင်စီမံ ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ယခင် သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာန၊ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံ၊ ကျောင်းများ၊ သုတေသနဌာနများမှ ဝန်ထမ်းများအားလုံး၏ ရာထူးတိုးမြှင့်ပေးခြင်းအား ဝန်ကြီးဌာန၏ မူဝါဒနှင့်အညီ နှစ်စဉ်တစ်ပြေးညီ စီစဉ်ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ၂၀၁၅ ခုနှစ်အတွင်း သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ ဝန်ထမ်းများ ရာထူးတိုးအတွက် ချမှတ်ထားသော မူဝါဒများနှင့်အညီ ဝန်ထမ်းစုစုပေါင်း ၂၀၁၇ ဦးအား ရာထူးတိုးမြှင့်ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာနအနေဖြင့် ဝန်ထမ်းများ၏ ရာထူးတိုးပေးခြင်း ကိစ္စရပ်များအတွက် ဝန်ကြီးဌာနတွင် ကျင့်သုံးနေသော မူဝါဒများမှ လက်ရှိရာထူး လုပ်သက်သတ်မှတ်ချက်များအား နိုင်ငံ့ဝန်ထမ်း နည်းဥပဒေပါ သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်နိုင်ရေးအတွက် စက်မှုနည်းပညာမြှင့်တင်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ဦးစီးဌာန၏ ၂၃-၇-၂၀၁၅ ရက်စွဲပါစာအမှတ်၊ စမပ/ဝထ-၂/၂၁၀/ ၂၀၁၅(၁၉၂) စာဖြင့် ကထိကရာထူးသို့ တိုးမြှင့်ပေးနိုင်ရန် လက်ရှိရာထူးလုပ်သက် သုံးနှစ်ရှိပြီးသူများအား စုစည်းဆောင်ရွက်ခဲ့ပါကြောင်း၊ ဝန်ကြီးဌာန၏ ဖွဲ့စည်းပုံအင်အား၊ ခွင့်ပြုဘဏ္ဍာငွေရရှိမှု အခြေအနေများအရ ၂၀၁၅ ခုနှစ်အတွင်း ရာထူးလုပ်သက် ငါးနှစ်နှင့် အထက်ရှိသူ ၅၄၃ ဦးအား တစ်ဆင့်မြှင့်ရာထူးဖြစ်သော ကထိကရာထူးသို့ တိုးမြှင့်ပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရသစ် လက်ထက်တွင် ပညာရေးဝန်ကြီးဌာနအဖြစ် သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ကို ပူးပေါင်းပြင်ဆင်ပြီးဖွဲ့စည်းခဲ့ပါကြောင်း၊ ပြင်ဆင်ဖွဲ့စည်းခဲ့မှုနှင့် အတူ ဝန်ကြီးဌာနနှစ်ခု၏ မူဝါဒများတစ်ပြေးညီ ဖြစ်စေရေးအတွက် ကဏ္ဍအလိုက် ညှိနှိုင်း ဆောင်ရွက်လျက်ရှိပြီး ရာထူးပြောင်းရွှေ့ခြင်း၊ ရာထူးတိုးမြှင့်ခြင်းတို့ကို ညှိနှိုင်းရေးဆွဲပြီး ဆက်လက်စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
