မေးခွန်း အကြောင်းအရာ
နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးတွင် လူသားအရင်းအမြစ်သည် အဓိကဖြစ်ပါကြောင်း၊ လူသားအရင်းအမြစ်ကို ထုတ်လုပ်ပေးသည့်ဌာနသည် ပညာရေးဌာနဖြစ်ပါကြောင်း၊ နိုင်ငံ့ခေါင်းဆောင် မှ အောက်ခြေအဆင့်ဆင့်တွင် တာဝန် ထမ်းဆောင်နေသော နိုင်ငံ့ဝန်ထမ်းများသည် ပညာရေးဝန်ကြီး ဌာနက မွေးထုတ်ပေးလိုက်သည့် လူသားအရင်းအမြစ်များဖြစ်ပါကြောင်း၊ လူသားအရင်းအမြစ်များကို ထုတ်ပေးသည့် ပညာရေးဌာနတွင် တာဝန်ထမ်းဆောင်သော ဆရာ/ဆရာမများသည် စေတနာ၊ ဝါသနာ၊ အနစ်နာဆိုသည့် နာ(၃) နာနှင့် ထမ်းဆောင်သကဲ့သို့ စေတနာ၊ ဝါသနာ၊ အနစ်နာ၊ ဂရုဏာ၊ အကြင်နာ ဆိုပြီး နာ(၅)နာ နှင့် နှစ်(၆၀)ပြည့်သည့်အထိ ဦးဆွေးဆံမြည့် တာဝန်ထမ်းဆောင်ခဲ့ကြ ပါကြောင်း၊ ဆရာ/ဆရာမ များသည် တပည့်မရှားတစ်ပြားမရှိ၊ ပီတိစားအားရှိသည့်ဘဝနှင့် နှစ်(၆၀) ပြည့်အောင် တာဝန်ထမ်းဆောင်ခဲ့ကြ ပါကြောင်း၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်မှ ဆရာ/ ဆရာမများသည် ပီတိစားအားရှိရုံနှင့် မဖြစ်ပါကြောင်း၊ ၎င်းတို့၏ စားဝတ်နေရေး ပြေလည်အောင် ဆောင်ကြဉ်း ဖို့လိုအပ်သည်ဟု မိန့်ကြားသွားတာကိုကြားသိရပါကြောင်း၊ ထ့ိုကြောင့် တပည့်မရှားတစ်ပြားမရှိ ပီတိစားအားရှိပြီး တာဝန်ထမ်းဆောင်သွားသည့် ဆရာ/ ဆရာမ များကို နိုင်ငံတော်မှ ထပ်မံ၍ ဂုဏ်ထူးဆောင်ရာထူး တိုးပေးခဲ့ပါကြောင်း၊ မူလတန်းပြ မှ ဂုဏ်ထူးဆောင် အလယ်တန်းပြ၊ အလယ်တန်းပြမှတဆင့် ဂုဏ်ထူးဆောင်အထက်တန်းပြ သို့ ရာထူးတိုးပေးခဲ့ ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်နေသည့်ဆရာ/ ဆရာမများ သည် ၎င်းရာထူးကို အင်မတန် တန်ဖိုးထား/လေးစားအားထားပါကြောင်း၊ ထိုရာထူးသည် ငွေကြေးအရ မဟုတ်ပါကြောင်း၊ မူလတန်းပြမှ အလယ်တန်းပြ၊ အလယ်တန်းပြမှတဆင့် အထက်တန်းပြရာထူး တိုးပေးသည့်နှင့် ဆရာ/ ဆရာမ များသည် အရမ်းပီတိဖြစ်ခဲ့ရပါကြောင်း၊ သို့သော် ၂၀၁၅ ခုနှစ် နောက်ပိုင်းမှစ၍ တိုးပေးခြင်းမရှိသည်ကို လေ့လာတွေ့ရှိရပါကြောင်း၊ သို့ပါ၍ ဂုဏ်ထူးဆောင် ရာထူးကို ဆက်လက်တိုးပေးသင့်သည်ဟု တိုက်တွန်းလိုပါကြောင်း၊ ဂုဏ်ထူးဆောင်ရာထူး တိုးပေးခြင်းဖြင့် မူလတန်းပြနှင့် အလယ်တန်းပြဆရာ/ဆရာမ နှစ်ဆင့် သို့မဟုတ် လေးဆင့်ရှိသည့်ဟု သိရပါကြောင်း ၊ ကျန်တာတွေ မိမိ မပြောလိုပါကြောင်း၊ ရာထူးတစ်ခု တွင် လုပ်သက်(၂)နှစ်ပြည့်ပြီး အသက်(၅၉)နှစ်ပြည့်သည့် မူလတန်းပြနှင့် အလယ်တန်းပြ ဆရာ/ဆရာမများကို ဂုဏ်ထူးဆောင် ရာထူးတိုးပေးရန် အစီအစဉ်ရှိ/မရှိ သိလိုပါကြောင်းမေးမြန်းပါသည်။
ပညာရေးဝန်ကြီးဌာနအနေဖြင့် ၂၀၁၂ ခုနှစ်မှ ၂၀၁၄ ခုနှစ်ကာလအထိ တိုးမြှင့်လစာခံစားခွင့်ကို အောက်ပါအတိုင်း ခွင့်ပြုခဲ့ပါကြောင်း (က)လုပ်သက်ရမှတ် ၆၃.၁၂ အထက်ရှိသူ မူလတန်း ကျောင်းအုပ်ကြီးများကို ပညာရှင်အဆင့်(၃) အထက်တန်းပြရာထူးနှင့် တူညီသော လစာနှုန်းသို့ လည်းကောင်း၊ (ခ)Scholarship ပညာသင်ဆုရရှိသော ကျောင်းမှ မူလတန်း ကျောင်းအုပ်ကြီးများကို ပညာရှင်အဆင့်(၃) အထက်တန်းပြရာထူး နှင့်တူညီသော လစာနှုန်းသို့ လည်းကောင်း၊ (ဂ) ပညာရေးဘွဲ့(B.Ed) ရရှိထားသည့် မူလတန်းကျောင်းအုပ်ကြီးများကို ပညာရှင်အဆင့်(၃) လစာနှုန်းသို့ လည်းကောင်း၊ (ဃ) အသက်(၅၉) နှစ်ပြည့်ပြီးသော မူလတန်းကျောင်းအုပ်ကြီးများကို ပညာရှင် အဆင့်(၃) လစာနှုန်းသို့လည်းကောင်း၊ (င)အသက်(၅၉)နှစ်ပြည့် အလယ်တန်းပြ လုပ်သက်(၂)နှစ် ပြည့်သည့် အလယ်တန်းပြဆရာ/ ဆရာမများကို ပညာရှင်အဆင့်(၃) လစာနှုန်းသို့လည်းကောင်း၊ (စ) အသက်(၅၉)နှစ်ပြည့် မူလတန်းပြဆရာ/ ဆရာမများကို ပညာရှင် အဆင့်(၂) အလယ်တန်းပြ ရာထူး နှင့်တူညီသော လစာနှုန်းသို့ တိုးမြှင့်ခံစားခွင့်ပြုခဲ့ပါကြောင်း၊ ယခုအစိုးရသစ် လက်ထက်တွင် ဆရာ/ဆရာမများနှင့် ပညာရေးဝန်ထမ်းများ အရည်အသွေး မြင့်မားရေးနှင့် လူမှုဘဝ ဖူလုံရေးတို့ အတွက် ရေရှည်တည်တံ့မည့်အစီအစဉ်များ ချမှတ်နိုင်ရန် ပညာရေးဝန်ထမ်းများအတွင်း လေ့လာ ဆန်းစစ်မှုများ၊ ဆွေးနွေးပွဲများကို အောက်ပါအတိုင်း စဉ်ဆက်မပြတ် စီစဉ်ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ (က) ၂၈.၅.၂၀၁၆ မှ ၂၉.၈.၂၀၁၆ ရက်နေ့ တို့တွင် အဆင့်မြင့်ပညာ ကဏ္ဍနှီးနှော ဖလှယ်ပွဲ၊ (ခ) ၆.၇.၂၀၁၆ ရက်နေ့တွင် ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးကဏ္ဍ ညှိနှိုင်းဆွေးနွေးပွဲ၊ (ဂ) ၁၅.၇.၂၀၁၆ မှ ၁၆.၇.၂၀၁၆ ရက်နေ့တွင် နည်းပညာနှင့် သက်မွေးပညာ ကဏ္ဍညှိနှိုင်းဆွေးနွေးပွဲ၊ (ဃ)၂၁.၇.၂၀၁၆ မှ ၂၂ .၇.၂၀၁၆ ရက်နေ့တွင် အခြေခံပညာကဏ္ဍညှိနှိုင်း ဆွေးနွေးပွဲ၊ (င) ၄.၈.၂၀၁၆ မှ ၅.၈.၂၀၁၆ ရက်နေ့ထိ ဆရာအတတ်ပညာကဏ္ဍညှိနှိုင်း ဆွေးနွေးပွဲတို့ကို ကျင်းပခဲ့ပါကြောင်း၊ ထို့ကြောင့် မူလတန်းပညာရေးအဆင့်၊ အလယ်တန်း ပညာရေးအဆင့်နှင့် အထက်တန်းပညာရေးအဆင့် တို့တွင်ရင့်ကျက်ပြီး အတွေ့အကြုံရှိသော၊ အရည်အသွေးပြည့်ဝသည့် ဆရာ/ဆရာမများဖြင့် အရည်အသွေးမြင့်ပညာရေး Quality Education ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ပိုမိုကောင်းမွန်သည့် ရာထူးတိုးမြှင့်ရေးအစီအစဉ်များ ဆက်လက် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားခဲ့ပါသည်။
