မေးခွန်း အကြောင်းအရာ
“ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဟိုပန်မြို့နယ်တွင် ဝ၊ ရှမ်း၊ ကိုးကန့်၊ ကချင်၊ လားဟူ၊ လီဆူ၊ လော်စေ့နှင့် မိုးဟုန်စသည့် တိုင်းရင်းသားလူမျိုးပေါင်းစုံ နေထိုင်ကြပြီး တောင်ယာလုပ်ငန်းများဖြင့် အသက်မွေးဝမ်းကျောင်း ပြုသူများဖြစ်သဖြင့် ဆင်းရဲနွမ်းပါးကြပါကြောင်း၊ အခြေခံပညာတတ်မြောက်မှု နည်းပါးသည့်အတွက် ဖွံ့ဖြိုးတိုးတက်မှု နောက်ကျခဲ့ရသည့် မြို့နယ်တစ်ခုဖြစ်ပါကြောင်း၊ ပြည်သူများ လူနေမှုအဆင့်အတန်း မြင့်မားလာစေရန်နဲ့ ဒေသဖွံ့ဖြိုးရေးကို အထောက်အကူဖြစ်စေရန် မျိုးဆက်သစ်တိုင်းရင်းသားလူငယ်များ လူသားအရင်းအမြစ် ဖွံ့ဖြိုးလာစေရန်အတွက် ဟိုပန်မြို့နယ်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနတို့၏ ကြီးကြပ်မှုဖြင့် ဆောင်ရွက်နေသော နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေး သင်တန်းကျာင်းတစ်ခု ဖွင့်လှစ်ပေးနိုင်ရန် ဒေသခံပြည်သူများက အထူးလိုလား လျက်ရှိပါကြောင်း၊
၎င်း ကျောင်းဖွင့်လှစ်နိုင်ရန်အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနပိုင် ဟိုပန်မြို့၊ ပင်းအပ်အစားထိုး စိုက်ပျိုးရေးခြံမှ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဦးစီးအဖွဲ့သို့ လွှဲပြောင်းပေးအပ်သည့် မြေ ၅ ဧကတွင် တည်ဆောက်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ်တွင် အမှန်တစ်ကယ်လိုအပ်သည့် ဒေသခံ တိုင်းရင်းသား လူငယ်များ၏ အခြေခံပညာတတ်မြောက်မှုအတွက် နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးရေး သင်တန်းကျောင်းတစ်ခု နိုင်ငံတော်မှ ဖွင့်လှစ်ပေးနိုင်ရန် အစီအစဉ်ရှိ/မရှိ သိရှိ လိုပါကြောင်း မေးမြန်းပါသည်။
နယ်စပ်ရေးရာဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ ပညာရေးနှင့်လေ့ကျင့်ရေး ဦးစီးဌာနအနေဖြင့် နယ်စပ် ဒေသရှိ တိုင်းရင်းသားလူမျိုးများ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လေ့ကျင့်ပြုစု ပျိုးထောင်ရန် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းများကို ၂၀၁၆-၁၇ ပညာသင်နှစ်တွင် နယ်စပ်ဒေသအသီးသီး၌ ၄၄ ကျောင်းအထိ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ရှမ်းပြည်နယ် (မြောက်ပိုင်း) တွင် နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း (၃) ကျောင်းရှိပါကြောင်း၊ ၎င်း သုံးကျောင်းမှာ လားရှိုး၊ ကွမ်းလုံ၊ တန့်ယန်းတို့ဖြစ်ပြီး ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်တွင် နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း ကို ဖွင့်လှစ်ထားရှိပြီး ဖြစ်ပါကြောင်း၊
အဆိုပါ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း လားရှိုး၊ ကွမ်းလုံ၊ တန့်ယန်း၊ လောက်ကိုင်တို့တွင် ၁၉၉၉-၂၀၀၀ ပညာသင်နှစ်မှ ၂၀၁၅-၁၆ ပညာသင်နှစ်အထိ “ဝ” တိုင်းရင်းသား လူမျိုးကျောင်းသားများအနေဖြင့် လူငယ်သင်တန်းကျောင်း(လားရှိုး)တွင် ၃၁ ဦး၊ လူငယ် သင်တန်းကျောင်း(ကွမ်းလုံ)တွင် ၈၀၃ ဦး၊ လူငယ်သင်တန်းကျောင်း(တန့်ယန်း)တွင် ၄၄၀ ဦး၊ လူငယ် သင်တန်းကျောင်း( လောက်ကိုင်)တွင် ၁၉ ဦး၊ စုစုပေါင်း “ဝ” တိုင်းရင်းသားလူမျိုးကျောင်းသား ၁၂၉၃ ဦး ကို လက်ခံပညာသင်ကြားပေးခဲ့ပြီး ၂၀၁၆-၁၇ ပညာသင်နှစ်တွင် လူငယ်သင်တန်းကျောင်း (လားရှိုး) တွင် တစ်ဦး၊ လူငယ်သင်တန်းကျောင်း(ကွမ်းလုံ)တွင် ၁၀ ဦး၊ လူငယ်သင်တန်းကျောင်း (တန့်ယန်း)တွင် ၁၂ ဦး၊ လူငယ်သင်းတန်းကျောင်း (လောက်ကိုင်) တွင် ၁၅ ဦး၊ စုစုပေါင်း “ဝ” တိုင်းရင်းသားလူမျိုးကျောင်းသား ၃၈ ဦးကို လက်ခံပညာသင်ကြားပေးလျက်ရှိပါကြောင်း၊
ဟိုပန်မြို့နှင့် ကွမ်းလုံမြို့သည် ၁၂ မိုင်ခန့်သာကွာဝေးခြင်း၊ လားရှိုးမြို့နှင့် တန့်ယန်းမြို့တို့တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း) တွင်သာတည်ရှိခြင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့ နှင့်လည်း အလှမ်းမကွာဝေးခြင်းတို့ကြောင့် ဟိုပန်မြို့နယ်ရှိ “ဝ”တိုင်းရင်းသားကျောင်းသား/သူ များအနေဖြင့် အဆိုပါ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းများသို့ နှစ်စဉ်တက်ရောက်ပညာသင်ကြားနိုင်ပါကြောင်း၊
သို့ဖြစ်ပါ၍ ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်း (လားရှိုး၊ ကွမ်းလုံ၊ တန့်ယန်းနှင့် ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ) တွင် နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း (လောက်ကိုင်) သို့ ဖွင့်လှစ်ထားရှိခဲ့ပြီး ဖြစ်ခြင်း၊ ဟိုပန်မြို့နယ်ရှိ တိုင်းရင်းသားကျောင်းသား/သူများအနေဖြင့်လည်း (လားရှိုး၊ ကွမ်းလုံ၊ တန့်ယန်း နှင့် လောက်ကိုင်မြို့တို့ရှိ) နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းများသို့ လွယ်ကူစွာ တက်ရောက်ပညာ သင်ကြားနိုင်ခြင်းတို့ကြောင့် ဟိုပန်မြို့တွင် နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း ဖွင့်လှစ်ရန်လတ်တလော အစီအစဉ်မရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
