မေးခွန်း အကြောင်းအရာ
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနသည် လမ်း၊ တံတားနှင့် ကျောင်းဆောင်များကို ၂၀၁၃ ခုနှစ်ကစ၍ အိန္ဒိယ ထောက်ပံ့ငွေဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ လေရှီးမြို့နယ်တွင် အ.မ.က ကျောင်း (၃)ကျောင်းကို AMC ကုမ္ပဏီမှ တာဝန်ယူဆောက်လုပ်ခဲ့သည်ဟု ဆိုသော်လည်း စာရာမေရိအားမာန် နှင့်ရွှေညီအစ်ကိုများ ကုမ္ပဏီမှ အမှန်တကယ်ဆောက်လုပ်ခဲ့သည်ကို တွေ့ရှိရပါကြောင်း၊ ခွင့်ပြုငွေ ကျပ်၉၆.၇၉သန်း ဖြင့် ကျောင်းဆောင် တစ်ခုတည်ဆောက် ခဲ့သော်လည်း အရည်အသွေးမပြည့်သည့်အတွက် တစ်နှစ်အတွင်း ပျက်စီးနေသည်ကို တွေ့ရှိရပါကြောင်း၊ ခွင့်ပြုငွေသည် အခြားအဆောက်အဦများကို ခွင့်ပြုသည့် ငွေတွေထက် နှစ်ဆနီးပါးပို သည်ကို မိမိတို့ တွေ့ရှိရပါကြောင်း၊ သို့သော် ကျောင်းဆောင်တစ်ခုလုံးသည် အက်ကြောင်းရာများနှင့် ပြိုကျလုနီးပါးလှုပ်ခတ်နေတာ ကို မိမိကိုယ်တိုင်သွားရောက် ကြည့်ခဲ့ပါကြောင်း၊ ထို့ကြောင့် ကလေးများအတွက် ကျောင်းဆက်တက်ရန် အန္တရာယ်များစွာရှိနေသည်ကို တွေ့ရှိရပါကြောင်း၊
နိုင်ငံတကာမှ ချစ်ကြည်ရေးအစီအစဉ်ဖြင့် ကူညီသည့်အခါတွင် ယခုလိုဆောက်လုပ်ထားခြင်းသည် နိုင်ငံ၏ ဂုဏ်သိက္ခာကို ကျဆင်းစေပါကြောင်း၊ လေရှီးမြို့နယ်အတွင်း ပန်ဆပ်၊ လေယုံ၊ ဆုံကင်း ကျေးရွာ အ.မ.က ကျောင်းများကို ဆောက်လုပ်ခဲ့သည့် AMC ကုမ္ပဏီနှင့် လုပ်ငန်းအာမခံချက် စာချုပ်ကို မည်သည့်ကာလ အထိချုပ် ဆိုထားသည်ကို သိရှိလိုပါကြောင်း၊ ဆောက်လုပ်ပြီးတစ်နှစ်အတွင်း ပျက်စီးနေသည့် အဆောက်အဦ နှင့်ပတ်သက်၍ ကုမ္ပဏီအား မည်ကဲ့သို့အရေးယူဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
လေရှီးမြို့နယ်အတွင်းမှာရှိသည့် ပန်ဆပ်၊ လေယုံ၊ ဆုံကင်းကျေးရွာရှိ အိန္ဒိယနိုင်ငံ ထောက်ပံံ့ငွေဖြင့် တည်ဆောက်ခဲ့တဲ့ အ.မ.ကကျောင်းသုံးကျောင်းကို ၎င်းဒေသမှာရှိ ဒေသဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူးရုံးမှ တာဝန်ရှိ သူများနှင့် AMC ကုမ္ပဏီမှ တာဝန်ရှိသူများ နှင့်အတူ သွားရောက်စစ်ဆေးကြည့်ရှုသည့်အခါတွင် ၎င်းကျောင်း များအား တွက်ချက်မှုတွင် ပါသည့်အတိုင်း တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ဒေသအခြေအနေအရ မိုးများလာခြင်း၊ ရာသီဥတုဒဏ်၊ မိုးဒဏ်၊ လေဒဏ်များကြောင့်လည်းကောင်း၊ အဆောက်အဦများ အသားမကျမီ ကျောင်းသား/ ကျောင်းသူများအား လက်ခံစာသင်ကြားရခြင်းကြောင့် လည်းကောင်း သာမန်ပျက်စီးမှု များဖြစ်ပေါ်လာခဲ့ပါကြောင်း၊ ပန်ဆပ်(အ.မ.က)ကျောင်းသည် ပတ်တီးအက်ကြောင်းများဖြစ်ပေါ်ခြင်း၊ ကျောင်းဆောင်၏ အပြင်နံရံ တစ်ခုလုံးသည် ဆေးသားများကြွခြင်းနှင့် (၆x၃)လက်မ အရွယ်ရှိ ယက်မ လေးချောင်းပျက်စီးခြင်း၊ လေယုံ(အ.မ.က)ကျောင်းမှာ ကျောင်းဆောင်တစ်ခုလုံး ပြင်ပမျက်နှာပြင် ဆေးသားများကြွခြင်းနှင့် (၆x၃)လက်မအရွယ်ရှိယက်မ လေးချောင်းပျက်စီးခြင်း၊ ဆုံကင်း (အ.မ.က) ကျောင်းမှာ ကျောင်းဆောင်တစ်ခုလုံး ပြင်ပမျက်နှာပြင် ဆေးသားများကြွခြင်းများ ဖြစ်ပေါ်ခဲ့ပြီး အဆောက်အဦ များ၏ ခိုင်ခံ့မှုအရည်အသွေးကို ထိခိုက်မှုမရသည်ကို တွေ့ရှိရပါကြောင်း၊
သို့ဖြစ်ပါ၍ ပန်ဆပ်(အ.မ.က)ကျောင်း၏ ပတ်တီးအက်ကြောင်းများကို ပြန်လည်ပြုပြင်ခဲ့ပြီး ကျောင်းဆောင် ပြင်ပတစ်ခုလုံးကို ဆေးသုတ်ခြင်း၊ ပျက်စီးနေသော (၆x၃)လက်မ အရွယ်ရှိယက်မ လေးချောင်း ကို အသစ်ပြန်လည်အစားထိုးဆောင်ရွက်ခြင်းနှင့် ဝရန်တာ လက်ရန်းများအား ပိုမိုခိုင်ခန့်အောင် ပြုပြင် ဆောင်ရွက်ပြီးဖြစ်ကြောင်း၊ လေယုံ(အ.မ.က)ကျောင်းရဲ့ ကျောင်းဆောင်တစ်ခုလုံး ပြင်ပမျက်နှာပြင် ဆေးသုတ်ခြင်းနှင့် ပျက်စီးနေသော (၆x၃)လက်မ အရွယ်ရှိ ယက်မ လေးချောင်းကို အသစ်ပြန်လည် အစားထိုးခြင်းတို့ကိုလည်း ဆောင်ရွက်ခဲ့ပြီးဖြစ်ပါကြောင်း၊ ဆုံကင်း(အ.မ.က)ကျောင်းရဲ့ ကျောင်းဆောင် တစ်ခုလုံး ပြင်ပမျက်နှာပြင်အားလုံးကို ပြန်လည် ဆေးသုတ်ထားပြီးဖြစ်ပါကြောင်း ဖြေကြားခဲ့ပါသည်။
လေရှီးမဲဆန္ဒနယ်၊ဦးကျော်ဌေး မှဆက်စပ် မေးခွန်းမေးမြန်းပါသည်။
ပြုပြင်သည့်အနေအထားသည် ၎င်းအဆောက်အဦထဲတွင် မည်သည့်ပစ္စည်းကို အသစ်ပြန်၍ လဲလှယ်ပြီး လုပ်ပေးခြင်းမရှိသည်ကို သိရပါကြောင်း၊ ဆေးသုတ်ပြီး အက်ရာများကိုပိတ်သွားသည့်အနေအထားမျိုး ကြောင့် အန္တရာယ်မှ အမြဲတမ်း ရှိနေပါကြောင်း၊ အထူးသဖြင့် ပန်ဆပ်ကျောင်း ဖြစ်ပါကြောင်း၊ ကျန်သည့်ဆုံကင်းနှင့် လေယုံကျောင်းကတော့ အသင့်အတင့်လောက်ဘဲရှိပါကြောင်း၊ ပန်ဆပ်ကျောင်းကို ကျောင်းဆောင် အသစ် ပြန်လည် ဆောက်ပေးရန် မိမိအနေဖြင့် တင်ပြချင်ပါကြောင်း၊ အထူးသဖြင့် ကုမ္ပဏီကို ဒီလိုဆေးသုတ်ရုံ လောက်နှင့် လက်ခံမယ်ဆိုရင် အဆင်မပြေပါကြောင်းဖြင့် ဆက်စပ်မေးခွန်းမေးမြန်းပါသည်။
နယ်စပ်ရေးရာဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး၊ ဗိုလ်ချုပ်သန်းထွဋ်
အဓိကပြဿနာသည် ကျောင်းတွင် တည်ဆောက်၊ အသုံးပြုထားသည့် သဲတစ်ကျင်း၏ ဒေသပေါက်ဈေးသည် သုံးသိန်းခန့် ဖြစ်နေပါကြောင်း၊ အသုံးပြုခဲ့သည် သဲများကိုလမ်းပန်းဆက်သွယ်ရေး အခြေအနေအရ ၃ မိုင်၊ ၄ မိုင် ကွာဝေးသည့် နေရာမှ ဆိုင်ကယ်နှင့် သယ်ယူရသည့် အနေအထားရှိပါကြောင်း၊ အရည်အသွေး ကောင်းမွန်သည် တည်ဆောက်ရေး ပစ္စည်းများသည် လမ်းပန်း ဆက်သွယ်ရေးအခြေအနေအရ ရှားပါးသည့်အတွက်ကြောင့် ယခုလို ဖြစ်သည်ဟုထင်မြင်ယူဆ မိပါကြောင်း၊ ထို့ကြောင့် ၎င်းကျောင်းနှင့် ပတ်သက်၍့ မိမိတို့ စစ်ဆေးပြီး ပြန်လည်တင်ပြပေးမည် ဖြစ်ကြောင်း ဖြေကြားခဲ့ပါသည်။
