၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် ခရီးသွားရာသီတွင် ရွာငံမြို့နယ်သို့ ပြည်တွင်း ပြည်ပခရီးသွားများ လာရောက်လည်ပတ်မှု များပြားပါကြောင်း၊ ရွာငံမြို့နယ်အတွင်း သွားရောက်လည်ပတ်နိုင်သည့် ပြဒါးလင်းဂူ၊ ကျောက်ကုတိဒလပင်ရေတံခွန်၊ ကျောက်ငှက်ဆင်စာဖျား ရေတံခွန်၊ ထီးလှိုင် ပျံလွှားငှက်တွင်း၊ ဆင်ခေါင်းအင်း၊ ဆင်ခေါင်းရေထွက်၊ ဆင်ခေါင်းရေတံခွန်၊ ရေလှ ရေတံခွန်၊ ပင်လယ်ရေမျက်နှာပြင်အမြင့်ပေ ၇၇၅၂ ပေမြင့်သော အရှေ့မြင်၊ အနောက်မြင်တောင် စသည့် လည်ပတ်စရာများစွာရှိပါကြောင်းနှင့် အပျိုစင်ဒေသဟု မီဒီယာများမှ တင်စားခေါ်ဝေါ်ကြပါကြောင်း၊
ပြဒါးလင်းဂူသည် ရှမ်းပြည်နယ်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ ပန်းလောင်နှင့် ပြဒါးလင်းဂူ တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောအတွင်း တည်ရှိပြီး ရွာငံမြို့မှ အနောက်ဘက် ၁၂ မိုင် ခန့်ကွာဝေးပါကြောင်း၊ ကျောက်ခေတ်လူသားများ နေထိုင်ခဲ့သည့် အချက်အလက် အထောက်အထား အခိုင်အလုံရှိသည့် မြန်မာနိုင်ငံအတွက် တန်ဖိုးမဖြတ်နိုင်သော ရှေးဟောင်းအမွေ အနှစ်များ ဖြစ်သကဲ့သို့ ကျောက်ခေတ်နံရံဆေးရေးပန်းချီများသည်လည်း ကမ္ဘာ့နိုင်ငံ အသီးသီးအထိ ထင်ပေါ် ကျော်ကြားပြီး လာရောက်လေ့လာလျက်ရှိပါကြောင်း၊ ကျောက်ခေတ် လူသားများနေထိုင်ခဲ့သည့် ပြဒါးလင်းဂူသည် ၁၉၆၁ ခုနှစ်တွင် စတင်တွေ့ရှိခဲ့ပါကြောင်း၊ ကျောက်ခေတ် လူသားများ အခြေချ နေထိုင်မှုနှင့် ယဉ်ကျေးမှုတို့ကို ပြဒါးလင်းဂူအမှတ်(၁)တွင် သုတေသနပြုလုပ်နိုင်ခဲ့ပြီး တူးဖော်မှုအရ ကျောက်ခေတ်သုံးလက်နက်များ ၁၆၀၀ ကျော်နှင့် ကျောက်ခေတ်ဂူ နံရံဆေးရေး ပန်းချီ ၁၂ ပုံတို့ကို မှတ်တမ်းတင်ထိန်းသိမ်းနိုင်ခဲ့ပါကြောင်း၊ ၁၉၇၀ ခုနှစ်တွင် နယူးဇီလန်နိုင်ငံ နယူကလေရာ သုတေသန ဗိမ္မာန်မှ Carbon-solid စမ်းသပ်ချက်အရ ပြဒါးလင်းဂူဒေသအတွင်း တွေ့ရှိရသော မီးသွေးများမှာ လွန်ခဲ့သောနှစ်ပေါင်း ၇၇၄၀ ခန့်၊ ကာဗွန်ပါအရိုးမှာ လွန်ခဲ့သောနှစ်ပေါင်း ၆၅၀၀ ခန့် ကာဗွန်မဲ့ပစ္စည်းများမှာ လွန်ခဲ့သောနှစ်ပေါင်း ၁၃၄၀၀ ခန့်မျှ သက်တမ်းများရှိသည်ကို မှတ်တမ်းများအရ သိရှိရပါကြောင်း၊
ရွာငံမြို့နယ်အတွင်းရှိ မြသပိတ်ရေပြာအိုင်၊ တောကျယ်ရေတံခွန်၊ အလယ်ချောင်ရေတံခွန်နှင့် မိန်းမရဲသခင်မတောင် စသည့် နေရာများသို့ မန္တလေးမြို့နှင့် ကလောမြို့ရှိ ခရီးသွားဝန်ဆောင်မှု ကုမ္ပဏီများ စီစဉ်မှုဖြင့် စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက် အထူးအစီအစဉ်များကို မော်တော်ယာဉ်များဖြင့် ပြည်တွင်းပြည်ပခရီးသွားများ လာရောက် လည်ပတ်လျက်ရှိပါကြောင်း၊ ရွာငံမြို့နယ်သို့ ရောက်ရှိ လာသည့် ခရီးသွားဧည့်သည်အများစုသည် ပြဒါးလင်းဂူကို စိတ်ဝင်တစား သွားရောက် လိုသော်လည်း မြေသားလမ်းဖြစ်ခြင်း၊ တောင်တက်တောင်ဆင်း အကွေ့အကောက်များခြင်း၊ မိုးများသော ဒေသဖြစ်သည့်အတွက် မိုးရာသီတွင် သွားလာနိုင်မှု မရပါကြောင်း၊
ပြဒါးလင်းဂူလမ်းအား ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်တွင် နိုင်ငံတော်၏ထောက်ပံ့ငွေဖြင့် စည်ပင် သာယာရေးဦးစီးဌာနမှ ခွင့်ပြုငွေ ကျပ်သန်း ၂၀ ဖြင့် ရွာငံ-မျှားကလေး ကျောက်ချော လမ်းခင်းခြင်း ၂ မိုင်၊ ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ် တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရန်ပုံငွေ ၂၇၇.၆၆၂ သန်းဖြင့် မြေသားလမ်း ၅ မိုင် ၂ ဖာလုံ၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရန်ပုံငွေ ၃၂၉.၄၀၅ သန်းဖြင့် မြေသားလမ်း ၅ မိုင်ဖောက်လုပ်ပြီးဖြစ်ပါကြောင်း၊
ရွာငံ-ပြဒါးလင်းဂူလမ်းအား ရာသီမရွေးသွားလာ နိုင်သောလမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက် ပေးခြင်းဖြင့် ခရီးသွားဧည့်သည်များ ပိုမိုများပြားလာမည်ဖြစ်ပြီး ဓနုဒေသရှိ ရွာငံ-ပင်းတယ ခရီးသွား လုပ်ငန်းများသည်လည်း လျင်မြန်စွာဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ရွာငံမြို့နယ် အတွင်း ခရီးသွားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအထောက်အကူပြုမည့် ရွာငံ-ပြဒါးလင်းဂူလမ်းအား ရာသီမရွေးသွားလာနိုင်သော ကျောက်ချောလမ်း သို့မဟုတ် ကတ္တရာလမ်း အဖြစ် အမြန်ဆုံး အဆင့်မြှင့်တင်ဆောင်ရွက်ပေးနိုင်ပါရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ရွာငံ-ပြဒါးလင်းဂူလမ်း အရှည် ၁၂ မိုင် ၂ ဖာလုံ၏ ယခု အခြေအနေသည် ကျောက်ချောလမ်း ၂ မိုင်နှင့် မြေသားလမ်း ၁၀ မိုင် ၂ ဖာလုံဖြစ်ပါကြောင်း၊ အဆိုပါ မြေသားလမ်း ၁၀ မိုင် ၂ ဖာလုံကို ကျောက်ချောလမ်းဆောင်ရွက်မည်ဆိုပါက ငွေကျပ်သန်း၇၉၀ ကျော်နှင့် ရွာငံ-ပြဒါးလမ်းဂူလမ်း အရှည် ၁၂ မိုင် ၂ ဖာလုံကို ကတ္တရာလမ်း ဆောင်ရွက်မည်ဆိုပါက ငွေကျပ်သန်း ၁၄၅၀ ကျော် ကုန်ကျမည်ဖြစ်ပါကြောင်း၊
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တစ်ခုလုံးတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေကျပ်သန်း ၃၅၅ သန်းကျော်နှင့် ကတ္တရာလမ်း ၁ မိုင် ၂ ဖာလုံ၊ ကျောက်ချောလမ်း ၁ မိုင် ၁ ဖာလုံ၊ မြေသားလမ်း ၃ မိုင်နှင့် Box Culvert (၂၁)စင်းတို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရွာငံမြို့နယ်အနေဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေကျပ် ၁၇၁.၆၈ သန်းနှင့် ကျောက်ချောလမ်း ၁ မိုင် ၁ ဖာလုံ၊ မြေသား လမ်း ၃ မိုင်နှင့် Box Culvert (၇)စင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ကျေးလက်လမ်း၊ တံတား လုပ်ငန်းများနှင့်ပတ်သက်ပြီး ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်ကစ၍ လမ်း၊ တံတားလုပ်ငန်းများအတွက် ဒေသန္တရလမ်း၊ တံတားဖွံ့ဖြိုး တိုး တက်ရေး ဗဟိုကော်မတီက အတည်ပြုထားသည့် စံချိန်စံညွှန်းများအတိုင်း အကောင်အထည်ဖော် ဆောင်ရွက်သွားရန် စီမံဆောင်ရွက်ထားပြီးဖြစ်ပါကြောင်း၊ လမ်း၊ တံတားလုပ်ငန်းများအတွက် ရင်းနှီး မြှုပ်နှံမှုစီမံကိန်းအရ ပြည်နယ်/တိုင်းဒေသကြီးများမှ ဦးစားပေးရေးဆွဲတင်ပြလာသော လုပ်ငန်းများအပေါ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် စိစစ်ပြီး ရန်ပုံငွေရရှိမှု အပေါ်မူတည်၍ ဆက်လက်ဆောင်ရွက်ပေးသွားမှာဖြစ်ပါကြောင်း၊
ရွာငံ-ပြဒါးလင်းဂူလမ်းအရှည် ၁၂ မိုင် ၂ ဖာလုံသည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ပါဝင်ခြင်းမရှိခဲ့သည့်အတွက် လတ်တလော ဆောင်ရွက်ပေးနိုင်ခြင်း မရှိပါသော်လည်း နှစ်အလိုက် ပြည်နယ်/တိုင်းဒေသကြီးများ၏ ဦးစားပေးလျာထားတင်ပြမှုအပေါ် မူတည်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
