ယခုအခါ အသေးစားငွေချေး လုပ်ငန်းများဖြစ်သည့် Pact Myanmar, Micro- Finance Myanmar, Fortune Insulator, BRAC Myanmar, KFA စသည်ဖြင့် ငွေချေးအဖွဲ့အစည်းပေါင်းများစွာ ခွင့်ပြုချက်ယူပြီး လုပ်ကိုင်လျက်ရှိပါကြောင်း၊ ငွေချေးအဖွဲ့အစည်းပေါင်းများစွာ၏ ရည်ရွယ်ချက်မှာ ဒေသတွင်းတစ်နိုင်တစ်ပိုင်လုပ်ကိုင် စားသောက်နိုင်စေရန် ရည်ရွယ်ခြင်းဖြစ်ပါကြောင်း၊ သို့သော်လည်း ငွေချေးလုပ်ငန်းနှစ်ခုမှ သုံးခုထက်ပိုပြီး ငွေချေးရန်ကြိုးစားလာသည့်အခါ ပြဿနာစတက်ပါကြောင်း၊ ငွေချေးလုပ်ငန်းအများစုသည် ဝိုင်းကြီးချုပ်စနစ်ဖြင့် လည်ပတ်လျက်ရှိပါကြောင်း၊ ငွေချေးပမာဏ နှစ်သိန်း၊ သုံးသိန်းမှအစ တစ်ဦးချင်း ချေးငွေငါးသိန်းထိ ချေးပေးထားပြီး အတိုးနှုန်းမှာ တစ်ကျပ်ခွဲမှ နှစ်ကျပ်ခွဲထိ အစားစားတွေ့ရှိရပါကြောင်း၊ ငွေစချေးယူပြီး နှစ်ပတ်တစ်ကြိမ်၊ တစ်လတစ်ကြိမ် တိုးရင်းပေါင်းကို တစ်နှစ်လုံးအတွက် အကြိမ်ရေခွဲပြီးဆပ်ရပါကြောင်း၊ အကယ်၍ အဖွဲ့ဝင်များထဲမှ တစ်ဦးတစ်ယောက်က ပြန်မဆပ်နိုင်လျှင် ကျန်အဖွဲ့ဝင်များက စုပြီးစိုက်ဆပ်ကြရပါကြောင်း၊ ယခုအခါ ရပ်ကွက်ကျေးရွာအတွင်း ငွေချေးအဖွဲ့အစည်းလေးခုမှရှစ်ခုအထိ ဝင်ရောက်နေပြီး ဝင်လာသမျှငွေချေး အဖွဲ့အစည်းများအတွက် အဖွဲ့ဝင်ဝင်ပြီးငွေချေးပါလျှင် အချိန်တန်တိုးရင်းပေါင်း ပြန်ဆပ်ရသောအခါ ပင်ပငွေရင်းကို ဆပ်နိုင်ခြင်းမရှိဘဲ အပြင်မှအရပ်တိုးဖြင့် လှည့်ချေးပြီးဆပ်ကြရပါကြောင်း၊ တစ်ခါ ငွေချေးအဖွဲ့အစည်းများမှ ငွေချေးပြီး ပြန်လည်ထုတ်ယူပြီး အရပ်တိုးကို လှည့်ဆပ်ကြရပါကြောင်း၊ နောက်ဆုံး ထိုသူများမှာအကြွေးသံသရာလည်ပြီး ပြန်ဆပ်နိုင်ခြင်းမရှိဘဲ အုပ်ချုပ်ရေးမှူးများထံ ရောက်ရှိသဖြင့် ထိုပြသနာများကို အုပ်ချုပ်ရေးမှူးမှ ဖြေရှင်းရပါကြောင်း၊ ထိုကိစ္စများကိုလည်း ရှောင်ပြေးသည့် သူများလည်းရှိပါကြောင်း၊ ၎င်း ပြဿနာက သာမန်ကိစ္စဟု ထင်ရသော်လည်း တိမ်းရှောင်သောသူများမှာ မူလကလူရိုးလူကောင်းများဖြစ်သော်လည်း ငွေမဆပ်နိုင်ဘဲပြေးရပြီ ဆိုလျှင် ၎င်း လူအများစုသည် ဒုစရိုက်မှုတစ်ခုခုကို စတင်ကျူးလွန်ရန် အဆင်သင့် ဖြစ်နေပါကြောင်း၊ ငွေချေးအဖွဲ့အစည်းများမှာလည်း တစ်နိုင်တစ်ပိုင်လုပ်ကိုင်နိုင်စေရေးအတွက် တွန်းအားပေးသည့် ရည်ရွယ်ချက် ပျောက်ဆုံးနေပြီး ဒေသတွင်းမလိုလားအပ်သော ရန်လိုမှု၊ အမုန်းပွားမှုများ ဖြစ်ပေါ်နေပါသဖြင့် မိမိမေးလိုသည့်မေးခွန်းမှာ ဒေသတွင်းတည်ငြိမ်မှုမထိခိုက်စေဘဲ ကျေးလက် ဒေသတွင်း ငွေချေးအဖွဲ့အစည်းများ ကြီးကြပ်စီမံဆောင် ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
မိမိတို့၏ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် လက်ရှိအခြေအနေမှာ သမဝါယမအသင်း၏ အသင်းဝင်များကို ငွေထုတ်ချေးခြင်းလုပ်ငန်း၊ မြစိမ်းရောင်(အသားကဏ္ဍ) ကျေးရွာ ရန်ပုံငွေထူထောင်ပေးခြင်းလုပ်ငန်း၊ မြစိမ်းရောင်(ငါးကဏ္ဍ) ကျေးရွာရန်ပုံငွေထူထောင်ပေး ခြင်းလုပ်ငန်း၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သီးနှံစိုက်ပျိုးထုတ်လုပ်မှု ဘဏ်ချေးလုပ်ငန်းတို့ကို စီမံ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ သမဝါယမချေးငွေနှင့် စပ်လျဉ်းပြီး တင်ပြရလျှင် ၎င်း ချေးငွေသည် သမဝါယမ ဦးစီးဌာနအနေဖြင့် ထုတ်ချေးခြင်းမဟုတ်ဘဲ သမဝါယမအသင်းမှ ၎င်း၏ အသင်းသားများ ကို ထုတ်ချေးသည့် ချေးငွေဖြစ်ပါကြောင်း၊ သမဝါယမအသင်းမှ ချမှတ်ထားသည့် အခြေခံမူများအနက် အသင်းသည် အသင်းသား/အဝင်များ၏အကျိုးကို ဦးတည်ဆောင်ရွက်ခြင်းဖြင့် ယင်းတို့၏ လူနေမှု အဆင့်အတန်းမြင့်မားရေးကို ရှေ့ရှုဆောင်ရွက်သွားရန်ဆိုသည့် အခြေခံမူတစ်ရပ်ပါဝင်ပါကြောင်း၊ သို့ဖြစ်သည့်အတွက် အသင်းအနေဖြင့် အသင်းသားများ၏ အကျိုးစီးပွား ဖြစ်ထွန်းရန်လိုအပ်သည့် အရင်းအနှီးအတွက် ချေးငွေထုတ်ချေးပေးခြင်းကို ဆောင်ရွက်လျက်ရှိကြောင်း၊ သမဝါယမ အသင်းများက ဆောင်ရွက်လျက်ရှိသည့် ချေးငွေလုပ်ငန်းများမှာ ခြောက်လတစ်ကြိမ် တိုးရင်းပေါင်းပြန်ဆပ်သည့် စနစ်၊ နေ့စဉ်ဆပ်စနစ်၊ လစဉ်ဆပ်စနစ်များဖြင့် ထုတ်ချေးဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ ကောက်ယူသည့် အတိုးနှုန်းသည်လည်း ပေးသွင်းရန်ကျန်ရှိသည့် ချေးငွေ ပမာဏပေါ်မှာသာ ကောက်ခံသည့် Effective Rate နှင့်သာ ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ သမဝါယမချေးငွေလုပ်ငန်း ဆောင်ရွက်မှုပုံစံသည် ခြောက်လတစ်ကြိမ် တိုးရင်းပြန်ဆပ်ခြင်း၊ အကြေပြန်ဆပ်ပြီးလျှင် နောက်တစ်ကြိမ် ပြန်ထုတ်ပေးခြင်း၊ အသင်းသားတစ်ဦးချင်းနှင့် ဝိုင်းကြီးချုပ်၏ တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် သမဝါယမအသင်းအဆင့်ဆင့်၏ တာဝန်ခံမှုတို့နှင့် ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊
မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာန မြစိမ်းရောင် (အသားကဏ္ဍ) စီမံကိန်းနှင့် ကျေးလက်နေ ပြည်သူများ ဆင်းရဲမှုလျှော့ချရေးနှင့် လူနေမှုအဆင့်အတန်းမြင့်မားစေရန် တစ်နိုင်တစ်ပိုင် မွေးမြူရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ကျေးရွာရန်ပုံငွေထူထောင်ပေးခြင်းကို ဆောင်ရွက်ထားခြင်း ဖြစ်ပါကြောင်း၊ ၎င်းအတွက် အတိုးနှုန်းကို သက်ဆိုင်ရာကျေးရွာ ကြီးကြပ်မှုကော်မတီ၏ ဆန္ဒနှင့်အညီ လစဉ် ငါးမူးမှ တစ်ကျပ်ခွဲနှုန်းဖြင့် အတိုးငွေကို သုံးလတစ်ကြိမ်ပေးသွင်းရမည် ဖြစ်ပါကြောင်း၊ ကြက်၊ ဘဲ၊ သိုး၊ ဆိတ်၊ ဝက်အား တစ်နှစ်လျှင် ကျွဲ၊ နွားများအား အများဆုံးသုံးနှစ်သတ်မှတ်ပြီး သတ်မှတ်ကာလပြည့်လျှင် ကော်မတီကို မူလမတည်ငွေ ပြန်လည်ပေးသွင်းရပါကြောင်း၊ ကော်မတီက အခြားမွေးမြူ လုပ်ကိုင်လိုသူတို့ထံ လက်ဆင့်ကမ်း ဖြန့်ဖြူးပေးခြင်းဖြင့် မွေးမြူရေးလုပ်ငန်း တိုးတက်စေအောင် ဆောင်ရွက်ပေးခြင်းဖြစ်ပါကြောင်း၊
မြစိမ်းရောင်ကျေးရွာ ဖွံ့ဖြိုးရေး (ငါးကဏ္ဍ) အနေနှင့်လည်း ကျေးရွာတစ်ရွာတွင် အရင်းမပျောက် မတည်ရင်းနှီးငွေကျပ်သန်း ၃၀ စီ တည်ထောင်ပေးပြီး ကျေးလက်နေပြည်သူများ စီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေး၊ မိသားစုဝင်ငွေ တိုးတက်နိုင်ရေးအတွက် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ထိုလုပ်ငန်းများက အသေးစားချေးငွေ လုပ်ငန်းများ မဟုတ်ဘဲ ကျေးလက်ဒေသတွင် ဆင်းရဲမှုလျှာ့ချနိုင်ရေးအတွက် အရင်းအနှီးများ မတည်ထူထောင်ပေးခြင်းကို မြစိမ်းရောင်ကျေးရွာစီမံကိန်း၏ ဘဏ္ဍာရေးစည်းမျဉ်း စည်းကမ်းနှင့်အညီ ဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း၊
မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်အနေဖြင့်လည်း သီးနှံစိုက်ပျိုးထုတ်လုပ်မှု ဘဏ်ချေးငွေ ထုတ်ချေးပေးခြင်း စိုက်ပျိုးထုတ်လုပ်မှုအတွက် အရင်းအနှီးချို့တဲ့သည့် လုပ်ကွက်ငယ် ၁၀ ဧက အောက်တောင်သူများအတွက် ထုတ်ချေးပေးခြင်းဖြစ်ပါကြောင်း၊ ရန်ပုံငွေရရှိမှုအပေါ်မူတည်ပြီး နိုင်ငံတော်၏ အဓိကသီးနှံဖြစ်သည့် စပါးသီးနှံကို အဓိကထားပြီး သီးနှံစိုက်စရိတ်များ ထုတ်ချေးပေးခြင်း ဖြစ်ပါကြောင်း၊ ကောက်ခံသည့် အတိုးနှုန်းက ရှစ်ရာခိုင်နှုန်းဖြစ်ပါကြောင်း၊
ချေးငွေထုတ်ချေးသည့် ဌာနများ၊ အသင်းအဖွဲ့များအနေဖြင့် ချေးငွေဆိုင်ရာစည်းကမ်း၊ သတ်မှတ်ချက်များကို ချေးငွေရယူသည့် အဖွဲ့အစည်းများကို သိရှိနားလည်အောင် ရှင်းလင်းပြောကြား ခြင်းကို ဆောင်ရွက်ပေးပါကြောင်း၊ ချေးငွေလုပ်ငန်းများကို ကြပ်မတ်မှုလျှော့ချခြင်း သို့မဟုတ် ချေးငွေ ရယူသူကို တစ်နည်းနည်းကန့်သတ်ခြင်းကို ဆောင်ရွက်လိုက်လျှင် အမှန်တကယ် အရင်းအနှီး လိုအပ်သည့် သူများအတွက် နစ်နာဖွယ်ရာရှိလာမည် ဖြစ်ပါကြောင်း၊
အထက်ပါတင်ပြချက်များသည် မိမိဝန်ကြီးဌာနမှလည်းကောင်း၊ ဝန်ကြီးဌာနနှင့်ဆက်နွယ်သည့် ဌာနမှ ထုတ်ချေးသော ငွေအမျိုးအစားများဖြစ်ပါကြောင်း၊ မိမိဝန်ကြီးဌာနအနေဖြင့်လည်း ဆောင်ရွက်လျက်ရှိသည့် ချေးငွေများနှင့်ပတ်သက်ပြီး သက်ဆိုင်ရာဌာနအလိုက် ၎င်းတို့၏ ရည်ရွယ်ချက်အတိုင်း အောင်မြင်အောင် ဆောင်ရွက်နိုင်ရန် စနစ်တကျကြီးကြပ် ဆောင်ရွက်ပေး လျက်ရှိပါကြောင်း၊
ကျန်ငွေချေးအဖွဲ့အစည်းများနှင့် ချေးငွေလုပ်ငန်းဆောင်ရွက်သည့် ဌာနများသည် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ အသေးစားငွေရေးကြေးရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီ၏ ကြီးကြပ်ခွင့်ပြု ချက်ဖြင့် ဆောင်ရွက်ရခြင်းဖြစ်ပါကြောင်းနှင့် ငွေချေးယူခြင်းကိစ္စနှင့်ပတ်သက်ပြီး ကာယကံရှင်၏ဆန္ဒ နှင့် လိုအပ်ချက်ပေါ်မူတည်ပြီး ကိုယ်ပိုင်ဆုံးဖြတ်ဆောင်ရွက်ရမည့် ကိစ္စရပ်သာဖြစ်ပါကြောင်း ရှင်းလင်း ဖြေကြားပါသည်။
