(ခ)-မြို့နယ်စီမံကိန်းရေးဆွဲရေးလုပ်ငန်းများ၊အစည်း အဝေးများတွင် လွှတ်တော် ကိုယ်စားလှယ်များကို ဖိတ်ကြားကာပြည်သူများ ကိုယ်စားတောင်းဆို အကြံပြုချက် များကို အကောင်အထည်ဖော်ရန် မည်သို့ဆောင်ရွက် ထားသည်ကိုနှင့် စပ်လျဉ်း သည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (၁၈) ရက်မြောက်နေ့ (၁၄.၃.၂၀၁၇)

ပည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၆၂ အရ မြို့နယ်အတွက် ဒေသဖွံ့ဖြိုးရေးစီမံကိန်းများ ရေးဆွဲရာတွင်လည်းကောင်း၊ ဒေါ်အေးမြမြမျိုးစီမံကိန်းများဆိုင်ရာ အရေးကြီးဆုံးဖြတ်ချက်များ ချမှတ်ရာတွင် လည်းကောင်း၊ အုပ်ချုပ်ရေး၊ လူမှုရေးကဏ္ဍတို့နှင့် စပ်လျဉ်း၍ ပြည်သူ့သဘောထား ဆန္ဒ ဖော်ဆောင်ရာတွင် လည်းကောင်း၊ အာဏာပိုင်အဖွဲ့အစည်းဖြစ်စေ၊ အာဏာပိုင်ပုဂ္ဂိုလ်ကဖြစ်စေ အလေးထားတိုင်ပင်အပ်သည့် ပုဂ္ဂိုလ်များဟု ဖော်ပြထားသော်လည်း လက်တွေ့တွင် မြို့နယ်အများစု၌ ဖွံ့ဖြိုးရေး လုပ်ငန်းများ စီစဉ်ဆောင်ရွက်ခြင်းကိစ္စ၊ ဘတ်ဂျက်လျာထားရေးကိစ္စ၊ စီမံကိန်း အကောင် အထည် ဖော်သည့်ကိစ္စများတွင် ပွင့်လင်းမြင်သာမှုမရှိခြင်း၊ ဒီမိုကရေစီနည်းမကျခြင်း၊ ပြည်သူပါဝင်ဖို့ နေနေ သာသာ ပြည်သူရွေးထားတဲ့ကိုယ်စားလှယ်တွေတောင် ပါဝင်ခွင့် မရရှိခြင်းတို့ကြောင့် လုပ်ငန်း လိုအပ်ချက်နဲ့စီမံကိန်းကွာဟချက်များဖြစ်ခြင်း၊ မြေပြင်တွင် ဆောင်ရွက်ထားသည်များနှင့် ကွဲလွဲခြင်း၊ ကိုယ်စားလှယ်၏ အကြံပြုချက်များထည့်သွင်းရာတွင် မိမိတို့ လက်ရှိရရှိသည့် ဘတ်ဂျက်များ လွဲနေသည်များကို တွေ့ရှိရပါကြောင်း၊

မိမိတို့ကျောက်တန်းမြို့နယ်တွင် ချောင်းမြောင်းများ တိမ်ကောလာသည့်အတွက် ရေစီးရေလာ ကောင်းမွန် ခြင်းမရှိဘဲ စိုက်ပျိုးသီးနှံများပျက်စီးခြင်းကြောင့် ချောင်းမြောင်းများကို နဂိုမူလပုံစံ ဖြစ်အောင် တူးဖော်ရန် ဆည်မြောင်းမှ တာဝန်ရှိသူများနှင့် ကွင်းဆင်း စစ်ဆေးခဲ့ပါကြောင်း၊ ထို့နောက် လုပ်ငန်း များ ဆောင်ရွက်ရန် ဘဏ္ဍာငွေရရှိမှုအပေါ်မူတည်ပြီး ဆောင်ရွက်ပေးမည်ဟု ပြောကြားခဲ့သော်လည်း စီမံကိန်းဘတ်ဂျက်များတွင် မိမိတို့ တောင်းဆိုထားသည့် အရေးတကြီးဆောင်ရွက်ပေးရမည့် ကိစ္စများ ပါလာခြင်း မရှိဘဲ  သန်းပေါင်း တစ်သောင်းလေးထောင်ခန့်ကို အသုံးပြုအကောင်အထည်ဖော်မည့် ပါရာဝရေတံခါးဆိုသည့် စီမံကိန်းမျိုးပါလာသည်ကို တွေ့ရှိရပါကြောင်း၊ အကယ်၍ ချောင်းများကိုသာ တူးဖော်မည်ဆိုပါက ပေ ၈၅၀၀ ကို ၂၉ သန်းသာကုန်ကျမည်ဖြစ်ပါကြောင်းနှင့် ဌာနဆိုင်ရာယန္တရားနှင့် ဆောင်ရွက်မည်ဆိုပါက လေးဆခန့် ပိုမိုသက်သာမည်ဖြစ်ပါကြောင်း၊

ပြည်သူ၏ လိုအပ်ချက်နှင့် စီမံကိန်းများ လွဲချော်မှုမဖြစ်စေရန် ပြည်သူ့ကိုယ်စား မိမိတို့ ကိုယ်စား လှယ်တွေအားလုံးက ပူးပေါင်းဆွေးနွေးတိုင်ပင်ခွင့်ရနိုင်ရန် မိမိတို့၏မြို့နယ်စီမံကိန်း ရေးဆွဲအကောင် အထည်ဖော်ရာတွင် သက်ဆိုင်ရာကိုယ်စားလှယ်များပါ ဖိတ်ကြားဆောင်ရွက်ရန် စီစဉ်ဆောင်ရွက် ပေးနိုင်ရန်အတွက် မေးမြန်းခြင်းဖြစ်ပါကြောင်းနှင့် ဘဏ္ဍာငွေများ အလေအလွင့်မရှိရန် စီမံဆောင်ရွက် ထားသည့်အပေါ် ရှင်းလင်းပေးရန်ဖြစ်ပါကြောင်းမေးမြန်းပါသည်။


 

ဖြေကြားသူ
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ဒု-ဝန်ကြီးဦးမောင်မောင်ဝင်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒု- ဝန်ကြီး ဦးမောင်မောင်ဝင်းယခုမေးမြန်းသည့် မြို့နယ်စီမံကိန်းများသည် ပြည်ထောင်စုက အကောင်အထည်ဖော်ဆောင်ရွက် သည့် ကဏ္ဍအလိုက်စီမံကိန်းများတွင် ပါဝင်နိုင်သကဲ့သို့ တိုင်းဒေသကြီး/ပြည်နယ်များက အကောင် အထည်ဖော်ဆောင်ရွက်သည့် ဒေသန္တရစီမံကိန်းများတွင်လည်း ပါဝင်နိုင်ပါကြောင်း၊ ပြည်ထောင်စု ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များက စီမံကိန်းလုပ်ငန်းများအလိုက် မြို့နယ် အသီးသီးတွင် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် ၎င်းတို့၏ စီမံကိန်းနှင့် ကိုက်ညီသည့် အသုံးစရိတ်များကို သက်ဆိုင်ရာဘတ်ဂျက်များတွင် ထည့်သွင်းရေးဆွဲကြပါကြောင်း၊ နိုင်ငံတော်၏ မူဝါဒရည်မှန်းချက်များကို အခြေခံပြီး ဝန်ကြီးဌာနများ၏ မူဝါဒရည်မှန်းချက်၊ ဒေသ၏ မူဝါဒရည်မှန်း ချက်များနှင့်အညီဖြစ်စေရန်နှင့် ပြည်သူကိုလက်တွေ့အကျိုးပြုနိုင်မည့် စီမံကိန်းများဖြစ်စေရန် လွှတ်တော်ကိုယ်စားလှယ်များ၊ ဒေသန္တရအဖွဲ့အစည်းများ၊ အရပ်ဖက်အဖွဲ့အစည်းများနှင့် ပြည်သူများက ပူးပေါင်းပါဝင်၍ ဆောင်ရွက်ရန်လိုအပ်သည်မှာ မှန်ကန်ပါကြောင်း၊

 ပြည်ထောင်စုအဆင့်တွင် နိုင်ငံတော်သမ္မတဦးဆောင်သည့် စီမံကိန်းကော်မရှင်ကို ဖွဲ့စည်းထား သကဲ့သို့ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်များတွင်လည်း သဘာဝပတ်ဝန်းကျင်ကိုထိခိုက်မှု မရှိစေဘဲ ပြည်သူတို့၏ လူမှုစီးပွားဘဝကို အမှန်တကယ်ဖွံ့ဖြိုးတိုးတက်စေမည့် လုပ်ငန်းစီမံကိန်း များကို စိစစ်အတည်ပြုပေးနိုင်ရန် တိုင်းဒေသကြီး/ပြည်နယ် စီမံကိန်းကော်မရှင်များကို နိုင်ငံတော် သမ္မတရုံးရဲ့ အမိန့်ကြော်ငြာစာအမှတ် ၁၂/၂၀၁၆ ဖြင့် ဖွဲ့စည်းပေးခဲ့ပါကြောင်း၊ ထိုကော်မရှင်၏ လုပ်ငန်းတာဝန်များကို အထောက်အကူပြုနိုင်ရန် တိုင်းဒေသကြီး/ပြည်နယ်စီမံကိန်းရေးဆွဲရေး အကောင် အထည်ဖော်ရေး ကော်မတီများ ကိုလည်း နိုင်ငံတော်သမ္မတရုံး၏ အမိန့်ကြော်ငြာစာအမှတ် ၁၃/၂၀၁၆ ဖြင့်ဖွဲ့စည်းပေးထားပါကြောင်း၊

ထို့အတူ ဖွံ့ဖြိုးရေးလုပ်ငန်းများ စီစဉ်ဆောင်ရွက်ခြင်းကိစ္စ၊ စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေး ကိစ္စ၊ ဘတ်ဂျက်လျာထားရေးဆွဲခြင်းကိစ္စများ ဆောင်ရွက်ရာတွင် ပွင့်လင်းမြင်သာမှုရှိရန်နှင့် ဒီမိုကရေစီနည်းလမ်း တကျရှိရန်အတွက် ဒေသခံပြည်သူများ၏ တင်ပြဆွေးနွေးမှုများ ပူးပေါင်းပါဝင် လာစေရန် ခရိုင်၊ မြို့နယ်အသီးသီးတွင်လည်း ခရိုင်၊ မြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေး ကော်မတီများကို အသစ်ဖွဲ့စည်းပေးထားပါကြောင်း၊ ယခုလက်ရှိဖွဲ့စည်းပေးထားပြီးဖြစ်သည့် တိုင်း ဒေသကြီး/ပြည်နယ်၊ ခရိုင်၊ မြို့နယ် စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေး ကော်မတီများအနေဖြင့် ပထမဦးဆုံးအကြိမ် ပြည်သူများပါဝင်၍ စတင် ဆောင်ရွက်ခြင်းဖြစ်သည့်အတွက် ချို့ယွင်းချက် အနည်းငယ် ရှိကောင်းရှိနိုင်ပါကြောင်း၊ ယခုအစိုးရသည် ပြည်သူကရွေးချယ်တင်မြှောက်ထားသည့် အစိုးရဖြစ်သည်နှင့်အညီ ပြည်သူကိုဗဟိုပြုပြီး စီမံကိန်းများ ရေးဆွဲခြင်းကို အလေးထား ဆောင်ရွက် လျက်ရှိ ပါကြောင်း၊ နေရာဒေသများစွာတွင် ပြည်သူ့ကိုယ်စားလှယ်များအနေဖြင့် စီမံကိန်းများ ရေးဆွဲရာတွင် ပါဝင်ရေးဆွဲနေသည်ကို သိရှိရပါကြောင်း၊ အဆိုပါကော်မတီများတွင် ခရိုင်၊ မြို့နယ် အုပ်ချုပ်ရေးမှူးများက ဥက္ကဋ္ဌ၊ ခရိုင်၊ မြို့နယ်စီမံကိန်းမှူးများက အတွင်းရေးမှူး၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို အမှန်တကယ်လုပ်ကိုင်ဆောင်ရွက်နေသည့် ရပ်မိရပ်ဖ ကိုယ်စားလှယ်တစ်ဦး၊ ပုဂ္ဂလိကကဏ္ဍတစ်စုစီမှ ကိုယ်စားလှယ်တစ်ဦးစီ ပါဝင်နေသည့်အပြင် ကော်မရှင်ကလည်း လိုအပ်လျှင်လိုအပ်သလို ထပ်မံဖြည့်စွက်ဖွဲ့စည်းနိုင်အောင် ခွင့်ပြုပေးထားပါကြောင်း၊

စီမံကိန်းရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေးကော်မတီ၏လုပ်ငန်းတာဝန်များတွင် ပြည်သူများ၏ လူမှုစီးပွားဖွံ့ဖြိုးမှုကို အထောက်အကူပြုစေမည့် ဒေသအလိုက်ဦးစားပေးစီမံကိန်းများ၊ လက်တွေ့ အခြေအနေနှင့် ဆီလျော်မည့်လုပ်ငန်းများအတွက် အစီအမံများကို ထည့်သွင်းဆောင်ရွက်ရန် သတ်မှတ်ပေးထားပြီး  ဖြစ်ပါကြောင်း၊  သို့ဖြစ်၍ တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ မြို့နယ်စီမံကိန်း ရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီ အဆင့်ဆင့်တို့အနေဖြင့်စီမံကိန်းရေးဆွဲရေးညှိနှိုင်း အစည်း အဝေးများ ပြုလုပ်ကြရာတွင် အချို့ဒေသများတွင် လွှတ်တော်ကိုယ်စားလှယ်များကို အထူးဖိတ်ကြားပြီး အကြံပြုချက်များ ရယူဆောင်ရွက်နေသည်ကိုလည်း သိရှိရပါကြောင်း၊ ချမှတ်ထားသည့် မူဝါဒများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ် မြို့နယ်စီမံကိန်းရေးဆွဲ ရေးနှင့် အကောင်အထည်ဖော်ရေး ကော်မတီအနေဖြင့်လိုက်နာဆောင်ရွက်လျက်ရှိသည်ကိုလည်း စိစစ်တွေ့ရှိရပါကြောင်း၊

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ် မြို့နယ်စီမံကိန်းရေးဆွဲရေးနှင့် အကောင်အထည် ဖော်ရေး ကော်မတီအနေနှင့် ၂၀၁၆ ခုနှစ်အတွင်းတွင် အစည်းအဝေး ခြောက်ကြိမ်ကျင်းပခဲ့ပါကြောင်း၊ ၇-၇-၂၀၁၆တွင်ကျင်းပခဲ့သည့် ၁/၂၀၁၆ အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီး(၁) လွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီး(၂) လွှတ်တော်ကိုယ်စားလှယ်တို့ အပြင် မြို့မိမြို့ဖနှစ်ဦးနှင့် ဆန်စက်လုပ်ငန်းရှင်များ ဥက္ကဋ္ဌ ပါဝင်တက်ရောက်ခဲ့ကြောင်း၊ စီမံကိန်း ရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေးနှင့်စပ်လျဉ်းပြီး ပါဝင်ဆွေးနွေးခဲ့ကြပါကြောင်း၊ အစည်းအဝေး အမှတ်စဉ်(၃/၂၀၁၆)တွင် တိုင်းဒေသကြီး(၁)လွှတ်တော်ကိုယ်စားလှယ်နှင့် တိုင်းဒေသကြီး (၂) လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး အစည်းအဝေးအမှတ်စဉ်(၄/၂၀၁၆)နှင့် (၆/၂၀၁၆)တို့တွင် တိုင်းဒေသကြီး(၂)လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း၊ ၂၀၁၇ ခုနှစ်အတွင်း  ယခုအချိန်အထိ ကျောက်တန်းမြို့နယ်၊ မြို့နယ်စီမံကိန်းရေးဆွဲရေးနှင့် အကောင် အထည်ဖော်ရေးကော်မတီအနေဖြင့်အစည်းအဝေး သုံးကြိမ်ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း၊ ၃-၂-၂၀၁၇ တွင်ပြုလုပ်ခဲ့သော ၂/၂၀၁၇ ကြိမ်မြောက်အစည်းအဝေးတွင် တိုင်းဒေသကြီး(၁) လွှတ်တော် ကိုယ်စားလှယ်၊ တိုင်းဒေသကြီး(၂)လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း၊ ၃-၃-၂၀၁၇ ရက်နေ့မှာပြုလုပ်ခဲ့သော ၃/၂၀၁၇ ကြိမ်မြောက်အစည်းအဝေးတွင် မြို့နယ်စီမံကိန်းရေးဆွဲရေး နှင့် အကောင်အထည်ဖော်ရေးကော်မတီများ အပြင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီး (၂) လွှတ်တော်ကိုယ်စားလှယ်များပါတက်ရောက်၍ စီမံကိန်းအကောင်အထည်ဖော်မှုနှင့် စပ်လျဉ်းပြီး အားသာချက်၊ အားနည်းချက်များကို ဆွေးနွေးခဲ့သည်ကို သိရှိရပါကြောင်း၊

ယခုအခါ လက်ရှိဖွဲ့စည်းထားပြီးဖြစ်သည့် တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်၊ မြို့နယ်စီမံကိန်း ရေးဆွဲရေးနှင့်အကောင်အထည်ဖော်ရေးကော်မတီများအနေဖြင့် နိုင်ငံတော်အစိုးရ၏ အခြေခံကျသည့် မူဝါဒနှင့်အတူ ပြည်သူကိုဗဟိုပြုရေးကို ပိုမိုအလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်သူ့၏ အသံနှင့် ပြည်သူ့၏ ဆန္ဒများကို ပိုမိုသိရှိနိုင်ရန်အတွက် လွှတ်တော်ကိုယ်စားလှယ်ကြီးများကို စီမံကိန်းရေးဆွဲရေးနှင့်အကောင်အထည်ဖော်ရေးအစည်းအဝေးများ ပြုလုပ်ရာတွင် အထူးဖိတ်ကြားပြီး ဆွေးနွေးအကြံပြုချက်များကိုလည်း ရယူဆောင်ရွက် စေမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။