ယခင်အစိုးရအဆက်ဆက်တွင် နားလည်မှုစာချွန်လွှာ(MoU) ရေးထိုးခဲ့ကြသည့် စွမ်းအင်ထုတ်လုပ် ခြင်းနှင့်အခြေခံအဆောက်အဦကဏ္ဍမှ အကြီးစားလုပ်ငန်းစု အများစုအကြောင်းကို ဒေသခံပြည်သူ လူထုအား အသိပေးတိုင်ပင်ခဲ့ခြင်းမရှိသည့်အပြင် လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာ တွင် အမျိုးမျိုးအားနည်းချက်များကြောင့် ပြည်သူအများ ကန့်ကွက်ခဲ့ကြသည်ကို လေ့လာတွေ့ရ ရပါကြောင်း၊ ဥပမာ-မြစ်ဆုံစီမံကိန်း၊ ကျောက်ဖြူအထူးစီးပွားရေးဇုန်၊ လောင်းလုံရေနံချက်စက်ရုံ၊ ရွှေဓာတ်ငွေ့ပိုက်လိုင်း၊ အဆိုပြု ထားသည့် မိုင်းတုံရေကာတာလုပ်ငန်းများဖြစ်ပါကြောင်း၊ ၎င်းလုပ်ငန်း များသည် ဒေသခံပြည်သူများ၏ သဘောထားများ ရယူမှုမရှိခြင်း၊ လုံလောက်သော တိုင်ပင်နှီးနှောမှု မရှိခြင်း၊ မြေယာသိမ်းဆည်းမှုများ ရှိနေခြင်း၊ အခွင့်အလမ်းများဖန်တီးပေးနိုင်မှုမရှိခြင်း၊ တာဝန်ယူ၊ တာဝန်ခံမှုမရှိခြင်းတို့ကြောင့် ကန့်ကွက်ခြင်းခံနေရသည့် စီမံကိန်းများဖြစ်ပါကြောင်း၊ အဆိုပါ စီမံကိန်းများကို ပြည်သူလူထုမှ ကန့်ကွက်ဆန္ဒပြနေသည့်အခြေအနေကြောင့် လက်ရှိတာဝန် ထမ်းဆောင်နေသော ပြည်ထောင်စုမြန်မာ နိုင်ငံတော်အစိုးရအား အကြပ်အတည်း ဖြစ်စေပါကြောင်း၊ ဒေသခံပြည်သူလူထုနှင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ အကျိုးစီးပွားကို မဖြစ်ထွန်းနိုင်သည့် နိုင်ငံ တကာရင်းနှီးမြှုပ်နှံမှုများနှင့် စီမံကိန်းများကို ဆန့်ကျင်ကန့်ကွက်ရမည် ဖြစ်သော်လည်း စီမံကိန်း များကို မှန်ကန်သည့်သက်သေအထောက်အထားများမရှိဘဲ ဆန့်ကျင်ကန့်ကွက်နေခြင်းသည် ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ ဖွံ့ဖြိုးရေး၊ နိုင်ငံတကာဆက်ဆံရေး၊ နှစ်နိုင်ငံရင်းနှီးချစ်ကြည်ရေး၊ ကုန်သွယ်ရေးများကို ဆိုးရွားစွာ ထိခိုက်စေနိုင်ပါကြောင်း၊ ရင်းနှီးမြှုပ်နှံသည့် နိုင်ငံခြားကုမ္ပဏီများ အပါအဝင် ပြည်ထောင်စုမြန်မာနိုင်ငံတော်နှင့် ဒေသခံပြည်သူလူထုတို့အတွက် မျှတစွာလက်ခံနိုင်သည့် စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည့်နည်းလမ်းများကို နိုင်ငံတော်အစိုးရနှင့် နိုင်ငံတကာမှ ကုမ္ပဏီများ အကြား လုပ်ကိုင်ဆောင်ရွက်ကြမည့် စီမံကိန်းများကို ပြည်သူလူထုအား ပွင့်ပွင့်လင်းလင်း အသိပေးတိုင်ပင်ပြီး နားလည်မှုစာချွန်လွှာပါ အချက်အလက်များကိုလည်း ဒေသခံပြည်သူလူထုများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ သတင်းမီဒီယာများ၊ ပြည်တွင်းပြည်ပ ပညာရှင်များ သိရှိနိုင်အောင် စနစ်တကျဆောင်ရွက်ပေးခြင်းဖြစ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းသည် ဝန်ကြီးဌာနအနေဖြင့် တိုင်းပြည်တာဝန်ကို ကျေပွန်အောင်ဆောင်ရွက်ခြင်းဖြစ်သလို လက်ရှိတာဝန် ထမ်းဆောင်နေသည့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်အနေဖြင့် အခက်အခဲများကိုလည်း ကူညီဖြေရှင်းပေးရာ ရောက်ပါမည်ဖြစ်ပါကြောင်း၊
သို့ဖြစ်ပါ၍ ၂၀၁၁ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ ရင်းနှီးမြှုပ်နှံကြသူများနှင့် ၎င်းတို့၏ အမေရိကန်ဒေါ်လာ သန်း ၅၀၀ ကျော်ပမာဏရှိ လုပ်ငန်းများအကြောင်းကို အများပြည်သူသိရှိနိုင်ရန် ဖော်ပြပေး နိုင်ခြင်းရှိ/မရှိ နှင့် ၂၀၁၁ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်းရေးထိုးခဲ့သော နားလည်မှုစာချွန်လွှာများကို ဝန်ကြီးဌာနမှ ပြန်လည်သုံးသပ်ရာတွင်တွေ့ရှိရသည့် အချက်အလက်များနှင့် အကန့်အသတ်များကို ပြည်သူလူထုအား အသိပေးတိုင်ပင် နိုင်ခြင်းရှိ/မရှိ တို့ကိုသိရှိ လိုပါကြောင်း မေးမြန်းပါသည်။
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှခွင့်ပြုပြီးဖြစ်သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအနက် အမေရိကန်ဒေါ်လာသန်း ၅၀၀ ကျော် ပမာဏရှိသည့်လုပ်ငန်းမှာ ၂၀၁၁-၁၂ ဘဏ္ဍာရေးနှစ်တွင် တစ်ခုသာရှိပါကြောင်း၊ တရုတ်နိုင်ငံမှ Upstream Ayeyarwaddy Confluence Basin Hydropower Co.Ltd(Chipwe) ၏ ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံတည်ဆောက်၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူး ရောင်းချသည့် လုပ်ငန်းဖြစ်ပါကြောင်း၊ ၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ် အမေရိကန် ဒေါ်လာသန်း ၅၀၀ ကျော်သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းဝင်ရောက်ခဲ့ခြင်းမရှိပါကြောင်း၊ ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်တွင် လုပ်ငန်းနှစ်ခု ရှိပြီး မလေးရှားနိုင်ငံ Tan Chong Motor(Myanmar)Co.,Ltd ဖြစ်ပြီး လုပ်ငန်းအမျိုးအစားမှ မော်တော်ကားထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း နှင့် စင်ကာပူနိုင်ငံ Ooredoo Myanmar Limited ဖြစ်ပြီး လုပ်ငန်းအမျိုးအစားမှ Mobile and Fixed Line Telecommunication Services ဖြစ်ပါကြောင်း၊၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်တွင် စင်ကာပူနိုင်ငံ KDDI Summit Global Myanmar Co., Ltd မှ Telecommunications Services and Related Activities ဖြစ်ပါကြောင်း၊ ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ် တရုတ်နိုင်ငံ Longwin Global Petrochemical Co., Ltd၊ မှ မက်ထရစ်တန်ငါးသန်းခန့်ထွက်ရှိသည့် ရေနံချက်စက်ရုံနှင့် ရေနံတင်/ချဆိပ်ကမ်းတည်ဆောက်၍ ရေနံထွက်ပစ္စည်းများတင်ပို့ရောင်းချ သည့်လုပ်ငန်းဖြစ်ပါကြောင်း၊
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ခွင့်ပြုု ပြီးဖြစ်သော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၊ ကုမ္ပဏီ အမည်စာရင်း၊ ရင်းနှီးမြှုပ်နှံမှုလစဉ်ဝင်ရောက်မှုအခြေအနေတို့နှင့် ပတ်သက်သည့် ကဏ္ဍအလိုက်၊ နိုင်ငံအလိုက်အချက်အလက်များကို ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၏ Website ဖြစ်သည့် www.dica.gov.mm တွင် အများပြည်သူသိရှိနိုင်စေရန် ပုံမှန်လွှင့်တင်ပေးလျက်ရှိပါ ကြောင်း၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် အစည်းအဝေးအမှတ်စဉ် အလိုက်ခွင့်ပြုခဲ့သည့် လုပ်ငန်း များကို ၂၄ နာရီအတွင်း အများပြည်သူသိရှိနိုင်ရန် လွှင့်တင်ပေးလျက်ရှိပါကြောင်းနှင့် အပတ်စဉ် ရင်းနှီးမြှုပ်နှံမှုစာရင်းများကိုလည်း Website တွင် ဖော်ပြပေးထားပါကြောင်း၊ ရင်းနှီးမြှုပ်နှံမှု သတင်း အချက်အလက်များနှင့်ပတ်သက်ပြီး မီဒီယာများကမေးမြန်းချက်များ ကို စဉ်ဆက် မပြတ်ဖြေကြား ပေးခြင်းနှင့် အခါအားလျော်စွာ သတင်းစာရှင်းလင်းပွဲပြုလုပ်ခြင်းများကိုလည်း တို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း၊
၂၀၁၁ ခုနှစ်မှ၂၀၁၆ ခုနှစ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနတို့မှ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများနှင့် လက်မှတ်ရေးထိုးခဲ့သည့် နားလည်မှုစာချွန်လွှာ (MoU) များမရှိပါ ကြောင်းနှင့် ကျန်ဝန်ကြီးဌာနငါးခုမှ နိုင်ငံတကာရင်းနှီးမြှုပ်နှံသူများနှင့် လက်မှတ်ရေးထိုးခဲ့သည့် နားလည်မှု စာချွန်လွှာ(MoU) စုစုပေါင်း ၁၀၁ ခုနှင့် ပြန်လည်သုံးသပ်နေသည့် နားလည်မှုစာချွန်လွှာ (MoU) များမှာ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီး ဌာနမှလေးခု၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာနမှ ၅၆ ခု စုစုပေါင်း ၆၀ ခုရှိပါကြောင်း၊ နားလည်မှုစာချွန်လွှာ(MoU)များကို လက်မှတ်မရေး ထိုးမီ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ အဆင့်ဆင့်တင်ပြပြီး လက်မှတ်ရေးထိုးခြင်းဖြစ်ပါကြောင်း၊ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာဥပဒေဇယား(၁)တွင် ပြဋ္ဌာန်းထားသည့် စာချုပ်များနှင့် သဘောတူညီချက်များကို ဥပဒေပုဒ်မ ၅၉ အရ နိုင်ငံတော်သမ္မတမှ လွှတ်တော်၏ သဘောတူညီချက်ရယူရန် တင်ပြရပါကြောင်း၊ ဇယား(၂)တွင် ဖော်ပြပါထားသည့် စာချုပ်များနှင့် သဘောတူညီချက်များကို နိုင်ငံတော်သမ္မတ၏ အတည်ပြုချက်ဖြင့် ဆောင်ရွက် ပါကြောင်း၊ ပြန်လည်သုံးသပ်ခြင်းနှင့်ပတ်သက်ပြီး သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့် သုံးသပ် ဆောင်ရွက်ကြခြင်းဖြစ်ပြီး ပြန်လည်သုံးသပ်နေသည့်ဖြစ်စဉ်နှင့် အခြေအနေအရပ်ရပ်ကို ဆောက်လုပ် ရေး ဝန်ကြီးဌာနမှ ပြည်သူများသိရှိနိုင်ရန် ဆောက်လုပ်ရေး ဝန်ကြီးဌာန Website တွင် ဖော်ပြထားပါကြောင်း၊ ကျန်ဝန်ကြီးဌာနများအနေဖြင့် စိစစ်သုံးသပ်စဲဖြစ်ပြီး၊ ၎င်းဝန်ကြီးဌာနများ၏ ပြန်လည် သုံးသပ် နေသည့်ဖြစ်စဉ်နှင့်အခြေအနေအရပ်ရပ်ကို ပြည်သူများအား သိရှိနိုင်ရန် ဆောင်ရွက်နိုင်ခြင်း ရှိ/မရှိ၊ ဆောင်ရွက်နိုင်ပါက ဆောင်ရွက်ပေးရန် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးမှ တစ်ဆင့် အကြောင်း ကြားပေးမည်ဖြစ်ပါကြောင်း ဖြေကြားခဲ့ပါသည်။
