မာန်အောင်ကျွန်းသည် ရခိုင်ပြည်နယ်အတွင်း၌ရှိပြီး မြန်မာနိုင်ငံတွင် ဒုတိယအကြီးဆုံးကျွန်းဖြစ် ပါကြောင်း၊ ဘင်္ဂလားပင်လယ်အော်ထဲတွင် ရှိပါကြောင်း၊ ယခင်က ပြည်နယ်အတွင်းရှိ မြို့များကို သွားလာရာတွင် ပင်လယ်ရေကြောင်းတစ်ခုတည်းကိုသာ အားထားခဲ့ရပါကြောင်း၊ နိုင်ငံတော်က ၂၀၁၅ ခုနှစ်၌ လေယာဉ်ကွင်းတစ်ခု ပြုလုပ်ပေးခဲ့၍ ၂၀၁၆ ခုနှစ်ကစပြီး စစ်တွေ၊ ကျောက်ဖြူနှင့် ရန်ကုန်မြို့များကို လေကြောင်းဖြင့် အလွယ်တကူ သွားလာနိုင်သဖြင့် ခရီးသွားလာရေးတွင် များစွာအဆင်ပြေခဲ့ပါကြောင်း၊
လေယာဉ်ကွင်း တိုးချဲ့တည်ဆောက်စဉ်က အိမ် ၃၅ အိမ်ကိုပြောင်းရွှေ့စေခဲ့ပြီး အိမ် ၃၅ အိမ်သည် ထိုက်သင့်သော လျော်ကြေးငွေရ၍ အလွယ်တကူ ပြောင်းရွှေ့နိုင်ခဲ့ေသော်လည်း ကျန် ၃ ဦးနှင့် စာရင်းတွင် မပါသေးသည့် အထောက်အထားပိုင်ဆိုင်မှုရှိသူ ၂ ဦး စုစုပေါင်း ၅ ဦးသည် ထိုက်သင့်သော လျော်ကြေးငွေမရ၍ ယနေ့အထိ မပြောင်းရွှေ့နိုင်သေးဘဲဖြစ်နေပါကြောင်း၊ နစ်နာကြေးသတ်မှတ်ရာတွင် လက်ရှိကာလ ပေါက်ဈေးထက် အဆမတန်နည်းနေသည့်အတွက် ဖျက်ခ၊ ပြောင်းရွှေ့ခ၊ မြေကွက်ဝယ်ပြီး အိမ်အသစ်ဆောက်ခစရိတ်တို့သည် လျော်ကြေးငွေနှင့် မလုံလောက်သည့်အတွက် မပြောင်းရွှေ့နိုင်ဘဲ ဖြစ်နေကြပါကြောင်း၊
လေယာဉ်ကွင်းတိုးချဲ့ရာတွင် ပါဝင်ပြီး မပြောင်းရွှေ့နိုင်ဖြစ်နေသော ပြည်သူ ၅ ဦးသည် တရားရုံးတွင် တရားခံအဖြစ် ယခုစစ်ဆေးခံနေရပြီ ဖြစ်ပါကြောင်း၊ ယင်းကိစ္စကို ပြည်ထောင်စုဝန်ကြီးများ စစ်တွေမြို့ကို ရောက်ရှိစဉ်က မာန်အောင်မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းမောင်က တင်ပြခဲ့၍ သိရှိခဲ့ရပါကြောင်း၊ မိမိကိုယ်တိုင်လည်း နစ်နာသူ ၅ ဦးနှင့်အတူ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်နှင့် သွားရောက်တွေ့ဆုံပြီး ဖြစ်ရပ်မှန်ကို တင်ပြခဲ့ပါကြောင်း၊ သို့သော် မည်သို့မျှ ထူးခြားမလာပါကြောင်း၊ ထို့ကြောင့် ပြည်သူ့အစိုးရအနေဖြင့် မပြောင်းရွှေ့နိုင်ဖြစ်နေသော ပြည်သူ ၅ ဦးအတွက် နစ်နာမှုမရှိအောင် မည်ကဲ့သို့ဆောင်ရွက်နေ သည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။
မာန်အောင် (စမုံတဲ) လေယာဉ်ကွင်းဟောင်းကို ပြန်လည်မွမ်းမံတည်ဆောက်ပေးရန် ပထမအကြိမ် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်များတွင် ကြယ်ပွင့်ပြမေးခွန်းများ မေးမြန်းခဲ့ခြင်းကို ယခင်ပို့ဆောင်ဝန်ကြီးဌာနက လေယာဉ်ပြေးလမ်းသစ်၊ လေယာဉ်ရပ်နားနေရာ၊ လေဆိပ်အဆောက် အဦနှင့် လေဆိပ်ခြံစည်းရိုးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပြီး ၂၅-၁၂-၂၀၁၅ ရက်နေ့တွင် မာန်အောင် လေယာဉ်ကွင်း စတင်ဖွင့်လှစ်ခဲ့ပြီး Caravan လေယာဉ်ငယ်များနှင့် လေယာဉ်ခရီးစဉ်များ ပျံသန်း ပြေးဆွဲလျက်ရှိပါကြောင်း၊
မာန်အောင်လေယာဉ်ကွင်းသည် ဝန်ပိုမိုတင်ဆောင်နိုင်သော လေယာဉ်များ ဆင်းသက်အသုံးပြုနိုင်ရန် လက်ရှိလေယာဉ်ပြေးလမ်း ပေ ၄၀၀၀ x ပေ ၁၀၀ ကို ပေ ၇၀၀၀ x ပေ ၁၀၀ ရရှိသည်အထိပြေးလမ်း တောင်ဘက်သို့ အလျား ပေ ၃၀၀၀ ထပ်မံတိုးချဲ့နိုင်ရေးအတွက် သက်ဆိုင်ရာဌာနများမှ ပါဝင်သော ပူးပေါင်းကွင်းဆင်းစိစစ်ရေးအဖွဲ့နှင့် မြေပြင်ကွင်းဆင်းတိုင်းတာ စစ်ဆေးမှုများပြုလုပ်ပြီး ပြေးလမ်း တိုးချဲ့မည့် ဧရိယာအတွင်း၌ ပါဝင်သွားသော မြေယာ၊ သီးနှံပင်များနှင့် အဆောက်အဦများအတွက် လျော်ကြေးပေးချေနိုင်ရန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေး ကော်မတီနှင့် မြို့မိမြို့ဖတို့မှ နှစ်ရှည်ခြံပိုင်ရှင်များအား တွေ့ဆုံဆွေးနွေးခဲ့ကြပြီး တောင်သူများက ၎င်းတို့ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေနပ်စွာ လျော်ကြေးငွေများ လက်ခံရယူရန် သဘောတူညီခဲ့သည့်အတွက် သက်ဆိုင်ရာမြို့နယ် မြေယာစီမံခန့်ခွဲရေး ကော်မတီက သတ်မှတ်နှုန်းထားများအတိုင်း တွက်ချက်ထားသော သီးနှံလျော်ကြေးငွေကျပ် ၉၇.၅၅၇ သန်း၊ မြေယာ လျော်ကြေးငွေကျပ် ၄၂.၈၀၈ သန်းနှင့် ဘုန်းတော်ကြီးကျောင်းနှစ်ကျောင်းအတွက် ငွေကျပ် ၂၃၈.၂၉၃ သန်းစုစုပေါင်း လျော်ကြေးငွေကျပ် ၃၇၈.၆၅၈ သန်းကိုပေးချေနိုင်ရေး ဆောင်ရွက်ပေးရန် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံးမှ ယခင်ပို့ဆောင်ရေးဝန်ကြီးဌာနသို့ ညှိနှိုင်းခဲ့ပါကြောင်း၊
ယခင် ပို့ဆောင်ရေးဝန်ကြီးဌာန၊ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက မာန်အောင် လေယာဉ်ကွင်းအတွက် လျော်ကြေးငွေပေးချေရန် ၂၀၁၅-၁၆ ခုနှစ်ဘဏ္ဍာနှစ်တွင် ရန်ပုံငွေတောင်းခံပြီး လျော်ကြေးငွေစုစုပေါင်း ကျပ် ၃၇၈.၆၅၈ သန်းကို ၂၃-၃-၂၀၁၆ ရက်စွဲပါ ချက်အမှတ် ကင-၀၁၁၂၃၈ ဖြင့် ရခိုင်ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စစ်တွေမြို့သို့ ပေးချေခဲ့ပြီးဖြစ်ပါကြောင်း၊ ၎င်း လျော်ကြေးငွေများကို မာန်အောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက တာဝန်ယူပြီး မာန်အောင်လေယာဉ်ကွင်း တိုးချဲ့ဧရိယာတွင် ပါဝင်သွားသော တောင်သူ ၃၅ ဦး မြေယာ၊ အဆောက်အဦ နှင့် သီးနှံလျော်ကြေးများ ပေးအပ်ခဲ့ရာတွင် တောင်သူ ၃၁ ဦးက ငွေကျပ် ၁၁၄.၅၈၈ သန်းကို လက်ခံ ရယူခဲ့ပါကြောင်း၊ ကျန်တောင်သူ ၄ ဦးသည် လျော်ကြေးငွေနှုန်းထားကို တိုးမြှင့်တောင်းဆိုခဲ့ကြပြီး လက်ခံခြင်းမရှိသည့်အတွက် ၎င်းတို့အတွက် ပေးအပ်ရန်ကျန်ရှိသော ငွေကျပ် ၂၅.၇၇ သန်းကို မာန်အောင်မြို့၊ မြန်မာ့စီးပွားရေးဘဏ်တွင် မြို့နယ်စီမံခန့်ခွဲရေးကော်မတီ ငွေစာရင်းအမှတ် (CF-00082) ဖြင့် စာရင်းဖွင့်လှစ်အပ်နှံထားရှိပြီး ပေးအပ်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနက အကြိမ်ကြိမ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါကြောင်း၊
မာန်အောင်မြို့နယ်၊ လေယာဉ်ကွင်းတိုးချဲ့ရာတွင် နစ်နာတောင်သူ ၅ ဦးဖြစ်သော ဒေါ်ခင်မြလွင်၊ ဦးဖြူသီးခိုင်၊ ဦးတာနီ၊ ဦးတင်နု၊ ဦးချမ်းပု တို့အနက် ဒေါ်ခင်မြလွင်မှာ လယ်ယာမြေပါဝင်ပြီး အဆောက်အဦ ပါဝင်မှုမရှိပါကြောင်း၊ ဦးဖြူသီးခိုင်၊ ဦးတင်နုနှင့် ဦးတာနီ ၃ ဦးမှာ လယ်ယာမြေပေါ်တွင် ခွင့်ပြုချက်မရှိဘဲ အဆောက်အဦဆောက်လုပ်ထားသဖြင့် ၎င်းတို့ ၃ ဦးကို ဖယ်ရှားရန် အကြိမ်ကြိမ် အကြောင်းကြားခဲ့သော်လည်း လိုက်နာမှုမရှိသည့်အတွက် တရားဥပဒေအရ အရေးယူဆောင်ရွက်ရန် မြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှု အစည်းအဝေးအမှတ်စဉ် (၅/၂၀၁၆)ဆွေးနွေးချက်အပိုဒ် ၅ အပိုဒ်ခွဲ(က) အရ ၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေ ပုဒ်မ ၃၅ ဖြင့် ဦးတင်နု၊ ဦးဖြူသီးခိုင်၊ ဦးတာနီ တို့ကို ၄-၄-၂၀၁၆ ရက်နေ့တွင် မာန်အောင်မြို့နယ် တရားရုံး၌ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အတွင်းရေးမှူးက တရားစွဲဆိုထားခြင်း ဖြစ်ပါကြောင်း၊ ဦးချမ်းပုသည် လျော်ကြေးပေးအပ်ရမည့် စာရင်းတွင် မပါဘဲ လေယာဉ်ကွင်းဧရိယာအတွင်းရှိ ပြေးလမ်းမြောက်ဘက်ထိပ်တွင် ယခင်ကတည်ရှိခဲ့သော အများပြည်သူ သွားလာအသုံးပြုနေသော လမ်းနယ်နိမိတ်ကို ကျူးကျော်ဝင်ရောက်ပြီး ခြံစည်ရိုးခတ်ကာရံထားမှုကြောင့် စမုံတဲရွာသူ၊ ရွာသားများက သွားလာရေးခက်ခဲသည့်အတွက် မာန်အောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးသို့ တိုင်ကြားလာသည့်အတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်မြေစာရင်းရုံးတို့က တရားစွဲဆိုထားခြင်းဖြစ်ကြောင်းနှင့် ဦးချမ်းပုမှာ လျော်ကြေးပေးချေရမည့် တောင်သူစာရင်းတွင် မပါဝင်ဘဲ အပင်များ ကျူးကျော်စိုက်ပျိုးထားပြီး လျော်ကြေးရလိုမှု တောင်းဆိုသူသာဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ဖြေကြားချက်အရ သိရှိရပါကြောင်း၊
မာန်အောင်လေယာဉ်ကွင်း လျော်ကြေးပေးချေရာတွင် လက်ခံရယူခြင်းမပြုဘဲ ဈေးနှုန်းတိုးမြှင့် တောင်ခံလာသော တောင်သူ ၄ ဦးဖြစ်သော ဒေါ်ခင်မြလွင်၊ ဦးဖြူသီးခိုင်၊ ဦးတင်နုနှင့် ဦးနီတာတို့အနက် ဒေါ်ခင်မြလွင်က သီးနှံ၊ သီးပင်စားပင်နှင့် မြေတန်ဖိုးအတွက် လျော်ကြေးငွေကျပ် ၁.၂၆ သန်းကို လက်ခံမည်ဟုဆိုသဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက လျော်ကြေးငွေကို ဘဏ်မှထုတ် ထားပြီးမှ ဒေါ်ခင်မြလွင်အနေဖြင့် လာရောက်ထုတ်ယူခြင်းမရှိ၍ ၎င်းလျော်ကြေးငွေကို ဘဏ်တွင် ပြန်လည်အပ်နှံထားခဲ့ကြောင်း သိရှိရပါကြောင်း၊
ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် အနာဂါတ်ကာလတွင် မာန်အောင်လေယာဉ်ကွင်းတိုးချဲ့ တည်ဆောက်ရေးအတွက် ရည်မှန်းပြီး တိုးချဲ့လေယာဉ်ပြေးလမ်းအပိုင်းတွင် ပါဝင်သွားသော မြေယာများကို ပြောင်းရွှေ့ပေးခဲ့ခြင်းဖြစ်ပြီး ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာအနေဖြင့် မြေယာလျော်ကြေး ပေးချေခြင်းနှင့် လေယာဉ်ကွင်း တိုးချဲ့တည်ဆောက်ရေးလုပ်ငန်းများကိုသာ တာဝန်ယူဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊
သို့ဖြစ်ပါ၍ မာန်အောင်လေယာဉ်ပြေးလမ်းတိုးချဲ့ရာတွင် ပါဝင်သွားသော မြေယာများ အတွက် လေ်ျာကြေးငွေကို သက်ဆိုင်ရာမြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုကော်မတီက သတ်မှတ် နှုန်းထားအတိုင်း ပေးလျော်ခဲ့ပြီးဖြစ်ပါကြောင်းနှင့် လျော်ကြေးထုတ်ယူခြင်းမရှိသေးသော တောင်သူ ၄ ဦးအတွက် ပေးလျော်ရန်ကျန်ရှိသောငွေကျပ် ၂၅.၇၇၇ သန်းကို ၎င်းတို့ လာရောက်ထုတ်ယူချိန်တွင် ပေးအပ်နိုင်ရေးအတွက် မာန်အောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဘဏ်တွင် စာရင်းဖွင့်လှစ် အပ်နှံထားပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
ဦးတင်နု (ခ) တင်နုအောင် (မာန်အောင်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
လျော်ကြေးသတ်မှတ်ပေးခြင်းသည် မြေစာရင်းဦးစီးဌာနက တင်ပြသော လယ်ယာမြေ၏ တန်ဖိုးဖြင့် တွက်ချက်ပြီးပေးထားသည်ကို သိရှိရပါကြောင်း၊ ပကတိ အခြေအနေမှန်မှာ ယင်းမြေသည် ရွာမြေဖြစ်ပါကြောင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ရွာမြေအဖြစ် စာရင်းပေါက်သည်မှာ အနှစ် ၁၀၀ ကျော်ပြီ ဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ပကတိအခြေအနေမှန်ဖြစ်သော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် စာရင်းပေါက်နေသည့် ရွာမြေ၏ တန်ဖိုးနှင့် တွက်ချက်ပြီး လျော်ကြေးပေးမည်ဆိုပါက ရနိုင်ခြင်းရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။
ပို့ဆောင်ရေးနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုး
မြေယာလျော်ကြေးတွက်ချက်သတ်မှတ်ခြင်းနှင့် ပြောင်းရွှေ့ပေးခြင်းသည် ဒေသအာဏာပိုင် အဖွဲ့အစည်း အသီးသီးက ဆောင်ရွက်သည့် ကိစ္စဖြစ်ပါကြောင်း၊ ဒေသအာဏာပိုင်များက သတ်မှတ်ပေးသော လျော်ကြေးငွေကို မိမိတို့က တင်ပြတောင်းခံပြီး ဒေသကိုပဲ ပေးချေရခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် အထက်တင်ပြပါအတိုင်း ၃၅ ဦးရှိသည့်အနက် ၃၁ ဦးသည် ကျေကျေနပ်နပ်ဖြင့် လက်ခံထားပြီး ဖြစ်သည့်အတွက် ကျန်နေသည့်သူများအနေဖြင့် ဒေသဆိုင်ရာ အာဏာပိုင်များကို တင်ပြပြီး ညှိနှိုင်းရန် လိုအပ်မည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
