(ဂ)-လက်ပံတောင်းတောင်ကြေးနီစီမံကိန်းဆောင် ရွက်ရာတွင် တောင်သူများ၏ စိုက်ပျိုးမြေ များကို သိမ်းယူခြင်း၊ ကျေးရွာရွှေ့ပြောင်း ပေးရခြင်းတို့ကို ဆက်လက်မဖြစ်ပေါ်စေရန်တားမြစ်ပေးမည့်အစီ အစဉ် ရှိ၊ မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (၁၄) ရက်မြောက်နေ့ (၂၈.၂.၂၀၁၇)

မေးခွန်းတင်သွင်းရသည့် ရည်ရွယ်ချက်များမှ (၁) စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အပြီးသတ် အစီရင်ခံစာပါ အကြံပြုချက်များနှင့်အညီ သက်ဆိုင်ရာတာဝန်ရှိသူတို့မှ တိကျသေချာစွာလိုက်နာ၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးခြင်းဖြင့် ဒေသခံပြည်သူများနှင့် ဝမ်ပန်ကုမ္ပဏီတို့ကြား ဖြစ်ပေါ်နေသော သီးနှံလျော်ကြေးအစရှိသည့်ပြဿနာများ ပြေလည်ချုပ်ငြိမ်းသွားပြီး ပြည်သူလူထုနှင့် အနာဂတ် မျိုးဆက်သစ်တို့အကျိုးရှိအောင် ရေရှည်ဆောင်ရွက်နိုင်ရန်၊ (၂) လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှ ကြေးနီသတ္တုဖျော်ရည်ကန်များ Three Stage Cell နှင့် ဆက်စပ်သော စက်ရုံ၊ အလုပ်ရုံများအတွက် စိုက်ပျိုးမြေဧက ၇၈၆၃.၇၈ သိမ်းယူခြင်းနှင့် ကျေးရွာလေးရွာ ပြောင်းရွှေ့ ရခြင်းသည် အဓိကပြဿနာဖြစ်ရာ မြေလွတ်မြေရိုင်းများတွင် လုပ်ငန်းဆောင်ရွက်ခြင်းဖြင့် အဆိုပါပြဿနာများပြေလည်သွားပြီး မိုင်းလုပ်သည့်အတွက် မြေအလုံအလောက်နေရာရရှိစေရန်၊  (၃) တစ်စိတ်တစ်ပိုင်းဟင်းလင်းပွင့်သတ္တုတူးဖော်နည်း (Semi Open-pit Method)ကိုကျင့်သုံး၍ ဖော်ပြပါ သဘာဝအလှရှုခင်းများနှင့်မြင်ကွင်းများ (Aesthetic Value) ပျောက်ကွယ်သွားမည် မဟုတ်ဘဲ အက်ဆစ်မှုန်များ၊ အသံဆူညံမှုများဖြစ်ပေါ် လာသော ပတ်ဝန်းကျင်ထိခိုက်လာမှု လျော့နည်းသွား စေရန်တို့ ဖြစ်ပါကြောင်း၊

လက်ပံတောင်းတောင်တွင် တောင်စဉ်ပေါင်း ၃၃ လုံးရှိပါကြောင်း၊ လက်ပံတောင်းတောင်ဒေသ၏ ဒေသခံများ သည် နေကြာခင်းအပြင် စပါးခင်း၊ ဂျုံ၊ ပြောင်း၊ ပဲနှမ်း ၊ကုလားပဲ အပါအဝင် အားလုံး သည် ကျေးရွာထွက်တာများဖြစ်ပါကြောင်း၊ မိမိသိလိုသည်မှာ လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ဆောင်ရွက်ရာတွင် တောင်သူများ၏ စိုက်ပျိုးမြေများကို သိမ်းယူခြင်း၊ ကျေးရွာရွှေ့ပြောင်းပေးရခြင်းတို့ မဖြစ်ပေါ်စေရန် တားမြစ်ပေးမည့် အစီအစဉ်ရှိ/မရှိနှင့် စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အပြီးသတ် အစီရင်ခံစာပါ အကြံပြုချက်များအတိုင်း ကုမ္ပဏီများမှ လိုက်နာဆောင်ရွက်စေရေးနှင့် တစ်စိတ် တစ်ပိုင်း ဟင်းလင်းပွင့်စနစ်ကျင့်သုံးရန် ရှိ/မရှိကိုသိလို ပါကြောင်းဖြစ်မေးမြန်းပါသည်။


ဖြေကြားသူ
သယံဇာတနှင့် သဘောဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဦးအုန်းဝင်း
အဖြေ

လက်ပံတောင်းတောင်ကြေးနီ စီမံကိန်းဆောင်ရွက်ရာတွင် ကုန်ချောထုတ်လုပ်သည့်မြေနေရာ မြေလပ်ပါရှိ ပါလျက် တောင်သူများ၏ စိုက်ပျိုးမြေကို သိမ်းယူခြင်း၊ ကျေးရွာများကိုရွှေ့ပြောင်းခြင်းကို ဆက်လက် မဖြစ်ပေါ်စေရေး တားမြစ်ပေးမည့် အစီအစဉ်ရှိ/မရှိနှင့်ပတ်သက်ပြီး လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွက် မူလသတ်မှတ်ထားသည့် စီမံကိန်းမြေဧရိယာမှ ၇၈၆၇.၀၀ ဧက ဖြစ်ပါကြောင်း၊ စုံစမ်းစစ်ဆေးရေးကော်မရှင် အစီရင် ခံစာပါ အကြံပြုချက်အတိုင်း သိမ်းဆည်းသည့် မြေယာပေါင်းကို စစ်ဆေးရေးအဖွဲ့မှ မြေဧရိယာအချို့ကို စိစစ်ပြီး အချို့ကိုတောင်သူများ ထံပြန်ပြီး ပေးအပ်ခြင်း၊ လမ်း၊ ဆည်မြောင်းနှင့် ကျေးရွာတိုးချဲ့ ဧရိယာများကို ချန်လှပ်ခြင်း၊ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သာသနိကအဆောက်အဦများကို ချန်လှပ်ခြင်းစသည့် စီမံကိန်း ဧရိယာအတွင်းမှ ထုတ်နုတ်ဆောင်ရွက်ပြီး စုစုပေါင်း ၉၀၅.၅၈ ဧကကို ထုတ်နုတ်ပြီး ကျန်ရှိသည့် ၆၉၆၁.၄၂ ဧကအတွင်း စီမံကိန်းများကိုဆောင်ရွက်သွားမည် ဖြစ်ပြီး နောက်ထပ်မြေများကို သိမ်းရန် အစီအစဉ်မရှိပါကြောင်း ၊

 လက်ပံတောင်းတောင်ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အပြီးသတ်အစီရင်ခံ စာတွင် ကုမ္ပဏီမှဆောင်ရွက်ရန်ကျန်ရှိသည်‌့ အချက်များနှင်‌့ပတ်သက်၍ စုံစမ်းစစ်ဆေးရေး ကော်မရှင် ၏ အစီရင်ခံစာပါ အကြံပြုချက်  ၄၂ ချက်အပေါ် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာတွင်  ၂၅-၃-၂၀၁၅ ရက်နေ့ထိ ၃၇ ချက်ကို ဆောင်ရွက်ပေးပြီးဖြစ်သည့်အတွက် အကြုံပြုချက်များ၏ ၈၈.၁ ရာခိုင် နှုန်းကို ဆောင်ရွက်နိုင်ပြီးဖြစ်ပါကြောင်း၊  ဆက်လက်ဆောင်ရွက်ရန်ကျန်သည့် အကြံပြုချက် ၅ ကို လုပ်ငန်းသဘာဝအရ လုပ်ငန်းစဉ်တစ်လျှောက်လုံး(Monitoring & Evaluation Process)ဖြင့် ရေရှည်စောင့်ကြည်‌့မည်ဖြစ်ပြီး ပူးပေါင်းစီမံခန့်ခွဲမှုကော်မတီမှ ဆောင်ရွက်ရမည့်လုပ်ငန်းများဖြစ်ပါ ကြောင်း၊

မြေလျော်ကြေးနှင့်ပတ်သက်၍ သိမ်းဆည်းသည့်အဖွဲ့မှ မြေများကိုစိစစ်လျော်ပေးသည့်အခါ ၁၅.၂.၂၀၁၇ ရက်နေ့အထိ သီးနှံ၊ ရေတွင်း၊ မြေယာ စုစုပေါင်းကျပ်သိန်းပေါင်း ၁၂၅၄၀၁.၄၂ ကျပ် လျော်ပေးပြီး ဖြစ်ပါကြောင်း၊          ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့မှ ဆောင်ရွက်မည်‌့ ESIA အစီရင် ခံစာများကို သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ အတည်ပြုပြီး ဖြစ်ပါကြောင်း၊ Mine Closure Plan နှင့်ပတ်သက်၍ နှစ်စဉ်အမေရိကန်ဒေါ်လာ နှစ်သန်းကို မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်မှ အတည်ပြုသည့်အတွက် Escrow Account ကို ဖွင့်လှစ်လျက်ရှိပါ ကြောင်း၊

ပုသိမ်-မုံရွာကားလမ်းဘေးရှိ ဒေသန္တရနည်းအားဖြင်‌့ ဒုတ္တာ/ကြေးနီ တွေချက်သည့်နေရာတွင် သီးနှံစိုက်ပျိုးနိုင်ရေးအတွက် အပေါ်ယံ မြေဆီလွှာများ စုပေါင်းထည့်ခြင်းလုပ်ငန်းကိုလည်း အမေရိကန်ဒေါ်လာ ၁.၉၅ သန်း အကုန်အကျခံပြီး စီမံကိန်း မှတာဝန်ယူပြီး ဆောင်ရွက်ပေးပါကြောင်း၊ စီမံကိန်းလည်ပတ်ချိန်မှစတင်ပြီး အစောဆုံး ၁၈ လ အတွင်း နိုင်ငံတကာအသိအမှတ်ပြုလက်မှတ် သုံးစောင်ဖြစ်သည့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှု စီမံခန့်ခွဲခြင်းဆိုင်ရာလက်မှတ် ISO 14001း 2004၊ ထုတ်လုပ်မှုစီမံခန့်ခွဲခြင်းဆိုင်ရာလက်မှတ် ISO 9001း 2008၊ လုပ်ငန်းခွင် ဘေးကင်း လုံခြုံရေးနှင့် ကျန်းမာရေးစီမံခန့်ခွဲမှုဆိုင်ရာလက်မှတ် OHSAS 18001း2007 တို့ကိုအမြန်ဆုံးရရှိရန်  ၅-၅-၂၀၁၆ ရက်နေ့မှ စပြီး ထုတ်လုပ်မှုစတင်သည့် ကာလမှနေပြီး နိုင်ငံတကာအသိအမှတ်ပြု ISO လက်မှတ် သုံးစောင်ကို သတ်မှတ်ထားသည့်ကာလအတွင်းရရှိရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊  

ကြေးနီစီမံကိန်း  ၁၅.၂.၂၀၁၇ ရက်နေ့ထိ ဒေသခံ ဆားလင်းကြီးနှင်‌့ ယင်းမာပင်မြို့နယ်ရှိ ကျေးရွာများမှ ကျေးရွာသား ၂၂၅၇ ဦးမှာ မြန်မာနိုင်ငံသားဝန်ထမ်း ၂၉၃၆ ဦးကို အလုပ်ခန့် ထားပြီးဖြစ်ပါကြောင်း၊ ထို့အပြင် မြေယာဆုံးရှုံးသည့်ရွာသူရွာသားများအတွက် အလုပ် အကိုင် ရရန် စောင့်ဆိုင်းနေစဉ်ကာလအတွင်း လစဉ်ထောက်ပံ့ကြေးငွေ(Contribution Plan)အရ လစဉ်ထောက်ပံ့ လျက်ရှိရာ ၁၅.၂.၂၀၁၇ ရက်နေ့ထိ တောင်သူ ၈၆၄ ဦး အတွက် ကျပ်သိန်းပေါင်း ၃၀၀၉၉.၃၉ ကျော် ကို ငွေစုဘဏ်တွင် မိမိတို့ ဖွင့်လှစ်ပေးထားပြီးဖြစ်ပါကြောင်း၊

တစ်စိတ်တစ်ပိုင်းဟင်းလင်းပွင့်(Semi Open-pit)စနစ်ကျင်‌့သုံးရန် စစ်ဆေးရေးကော်မရှင်၏ အကြုံပြုချက်အတိုင်း လိုက်နာကျင့်သုံးခြင်းနှင့်ပတ်သက်ပြီး သတ္တုသိုက်သည် ဇလားပုံသဏ္ဍာန်ရှိပါ ကြောင်း၊ ရေပြင်ညီအလျားအလိုက် အနောက်မြောက်မှ အရှေ့တောင်အတိုင်းထိုးထွက်ပြီး တောင် ကုန်း နှစ်ကုန်းအကြားတွင် အောက်ဘက်မှာကျောက် မြေစာများဖုံးအုပ်ထားသည့် သတ္တုသိုက် ကြီး ဖြစ်ပါကြောင်း၊ အလျား ၂၂၀၀ မီတာ၊ အကျယ် ၁၄၀၀ မီတာ၊ အထူ ၁၄၀ မီတာ ရှိပါကြောင်း၊ ပျမ်းမျှ ကြေးနီပါဝင်မှု 0.3 Percent သာရှိပါကြောင်း၊ လက်ပံတောင်းတောင်သတ္တုသိုက် ၏ အနေအထား အရ Open Pit စနစ်ဖြင့်ဆောင်ရွက်မှသာ ဘေးအန္တရာယ်ကင်းရှင်းစွာ စီးပွားဖြစ်ထုတ်လုပ်နိုင် မည်ဖြစ်ပါကြောင်း၊ Open Pit  စနစ်ကိုအသုံးပြုရသည့် အဓိကအကြောင်း အရင်းမှ သတ္တုတွင်း၏ လုပ်ငန်းခွင်သည် သတ္တုရိုင်းပါသည့် မြေသားများသည် ထုထည်ကြီးမားပြီး ပါဝင်နှုန်းနည်းသည့် အတွက် ကြီးမားသည့်ယန္တရားများနှင့်တူးဖော်မှသာ စီးပွားဖြစ် ထုတ်လုပ်နိုင်မည်ဖြစ်ပါကြောင်း၊

Environmental & Social Impact Assessment ကို သြစတြေးလျ နိုင်ငံအခြေစိုက် Knight Piesold ကုမ္ပဏီမှ တာဝန်ယူရေးဆွဲပါကြောင်း၊ ၎င်းရေးဆွဲချက်  အရ EMP, SMP, CHMP အစရှိသည့် သက်ဆိုင်ရာစီမံကိန်းအလိုက် အကောင်အထည်ဖော်ဆောင်ရွက် မှုတွေအပေါ် ကြီးကြပ်စစ်ဆေးမည့် Monitoring Plan များကိုလည်း ထည့်သွင်းရေးဆွဲခဲ့ပါကြောင်း၊ အဆိုပါ ESIA အစီရင်ခံစာများကို နိုင်ငံတော်အစိုးရမှ ဖွဲ့စည်းပေးသည့်အဖွဲ့ဝင် ၃၉ ဦးနှင့် ပြင်ပကျွမ်းကျင် သူပညာရှင် ၆ ဦး အပါအဝင် ESIA အစီရင်ခံစာစိစစ်သုံးသပ်ရေးအဖွဲ့(Review Team) မှ စိစစ်သုံးသပ်မှုတွေကို အကြိမ်ကြိမ် ပြုလုပ်ပြီး ပြင်ဆင်ဖြည့်စွက်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း၊ Review Team မှပညာရှင်များ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာရှင်များ၊ ဒေသခံကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးလွှတ်တော်နှင့် အစိုးရအဖွဲ့မှကိုယ်စားလှယ်များပါသည့်အဖွဲ့ သည် ၁၈.၈.၂၀၁၄ မှ ၂၄.၈.၂၀၁၄ ရက်နေ့ထိ သြစတြေးလျနိုင်ငံ Perth မြို့ရှိ သတ္တုတွင်းများကို လေ့လာခဲ့ပါကြောင်း၊  Open Pit Mining စနစ်သည် လက်ပံတောင်းတောင်စီမံကိန်းအတွက် သင့်လျော်သည့် နည်းလမ်းအဖြစ် လက်ခံပြီး ဖြစ်ပါကြောင်း၊ အဆိုပါ ESIA အစီရင်ခံစာများကို  ပြည်ထောင်စုအစိုးရအဖွဲ့မှ ၂၃.၄.၂၀၁၅ ရက်နေ့တွင် အတည်ပြုပြီး အစီရင်ခံစာပါအစီအမံများအတိုင်း စနစ်တကျလိုက်နာ ဆောင်ရွက်လျက် ရှိပါကြောင်း၊

လက်ပံတောင်းတောင်ကြေးနီစီမံကိန်းအတွက် စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အစီရင်ခံစာပါ စိမ်းလန်းစိုပြည်ရေးအတွက် သတ္တုတူးဖော်ခြင်းမပြုဘဲ ချန်လှပ်သည့် သတ္တုတွင်းအနီးရှိ အစိတ် အပိုင်း(Periphery) ဧက ၅၄၆ ဧကမှာပါဝင်သည့်  တောင်ကုန်းသုံးကုန်းကို ချန်လှပ်ပြီးကော်မရှင်၏ အစီရင်ခံစာပါ အပိုဒ် ၈၂ အပိုဒ်ခွဲ(က) (၁၅)ပါ အရ အကြံပြုချက်ပါအတိုင်း ကြေးနီမထွက်သည့် အနားအစပ်မှာရှိသည့် အစိတ်အပိုင်း (Periphery) များကို သဘာဝရှုခင်းမြင်ကွင်းများ၏ Aesthetic Value မပျောက်ပျက်စေဘဲ ဆောင်ရွက်လျက်ရှိပါကြောင်း ‌ဖြေကြားပါသည်။

ဦးဝင်းသိန်းဇော်(ဆားလင်းကြီး)မှ ဆက်စပ်မေးခွန်းမေးမြန်းပါသည်။

စုံစမ်းစစ်ဆေး ရေးကော်မရှင်၏ အပြီးသတ်အစီရင်ခံစာပါ အပိုဒ် ၈၂ အပိုဒ်ခွဲ(က) (၁၅)တွင် လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကို ဆက်လက်ဆောင်ရွက်မည်ဆိုပါက သဘာဝရှုခင်း မြင်ကွင်း များ Aesthetic Value ပျောက်ကွယ်မသွားစေရန်နှင့် အက်ဆစ်မှုန်များ၊ ဖုန်မှုန့်များနှင်‌့ အသံဆူညံမှု များကြောင့် ပတ်ဝန်းကျင်ထိခိုက်မှု လျော့နည်းစေရန်အတွက် တစ်စိတ်တစ်ပိုင်း ဟင်းလင်းပွင့်(Semi Open-pit)နည်းလမ်းကို ကျင့်သုံး၍ သတ္တုတူးဖော်သင့်ပါသည်ဟု ပါရှိသည့်အတွက် တစ်ပိုင်းဟင်း လင်းပွင့်မတူးလျှင် စီမံကိန်းကို ရပ်နားထားရမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ အပိုဒ် ၈၂ (က) (၁၅) အပေါ် မည်ကဲ့သို့ အရေးယူ ဆောင်ရွက်ထားပါကြောင်းနှင့်  တောင်သုံးလုံးကိုတော့ ချန်လှပ်ခဲ့မယ်။ Aesthetic Value ရအောင်လို့ချန်ထားခဲ့ မည်ဟုပြောချင်းသည် သဘာဝမကျပါကြောင်း၊ ၎င်းတောင်များတွင် ကြေးနီမရှိလို့ မတူးခြင်းဖြစ်ပါကြောင်း၊ အခြားတောင်ခမောက်တောင်၊ ရတွင်းတောင်တို့ဆိုသည့် တောင်များတွင်လည်း ကြေးနီမရှိပါကြောင်း၊ Memorization မဖြစ်၍ ကြေးနီမရှိလို့မတူးခြင်းကို ဆောင်ရွက်ချက်လို့မပြောနိုင်ပါကြောင်း၊ ဒါချန်ထားခြင်း တွက်ချေမကိုက်လို့ ချန်ထားခဲ့ခြင်းသာဖြစ်ပါကြောင်း၊

၈၈ ရာခိုင်နှုန်းပြီးပြီဆိုသည့် ကိစ္စများသည် လုပ်လို့ပြီးတယ်ဆိုတိုင်းလည်း တကယ်ပြီးလား၊ မပြီးလားဆိုတာ စိစစ်သည့်အဖွဲ့လိုပါကြောင်း၊ မိမိတို့ကွင်းဆင်းစစ်ဆေးသည့် အခါမှာ လူတွေက ထောင်ဖို့ရာကို Summit မဖြစ်အောင် ပြန်လည်ပြီး အစားပေးမည်လို့ ပါပါကြောင်း၊ ၎င်းမြေများသည် အစကတည်းက မြေလွတ်မြေရိုင်းများ၊ ပလပ်မြေများ စိုက်ပျိုးလို့မရ သည့်အတွက် ဘယ်သူမှမယူ၍ ချန်ထားသည့်မြေများကို ယူကြပါလို့ပေးသည့် အတွက် မည်သူမှမယူပါကြောင်း၊  ၎င်းကို စိုက်ပျိုးမြေဧက ၁၉၀၀ ပေးပြီးပြီလို့ပြောလို့မရပါကြောင်း  နောက်တစ်ချက်မှ စက်မှုဇုန်မဟုတ်သည့် အတွက် ဖြစ်ပါကြောင်းနှင့် ဆက်စပ်မေးခွန်းမေးမြန်းပါသည်။

သယံဇာတနှင့် သဘောဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း

Open Semi pit နည်းကိုသုံးရန်သင့်ကြောင်း၊ သို့သော် ၎င်းထက်ကို Open pit မှသာလျှင် ဖြစ်ပါကြောင်းကို ၎င်းတို့အတည်ပြုပြီး ဆက်လက်ဆောင်ရွက်နေပါကြောင်း၊ အပိုဒ် ၈၂ (က)(၁၅)၏ အဆက်က ရှိသေးပါကြောင်း၊ လက်ပံတောင်းတောင်ကြေးနီမထွက်သော အချို့အစိတ်အပိုင်းများ (Periphery)ကို ချန်လှပ်၍ ကြေးနီတူးဖော်သည့်လုပ်ငန်းကိုသာ ဆောင်ရွက်သင်‌့ပါကြောင်း၊ တောင်သုံးလုံးကို ချန်ခဲ့ခြင်းမှ ၎င်းတွင်လည်း ကြေးနီရှိပါကြောင်း၊  ကြေးနီပါဝင်မှုသည် 0.3 Percent သာ ရှိပါကြောင်း၊ 0.3 Percent ပါရှိသည့် ကြေးနီမှ နေရာအပြန့်အနှံ့တွင် ရှိနေသည့် အတွက် ၎င်းတောင်သုံးလုံးကို တူးမည်ဆိုပါက ကြေးနီကရပါကြောင်း၊  သို့သော် တူးလိုက်မည်ဆိုပါက ရမှ ထက် ဖျက်စီးသည်က ပိုများမည်ဆိုးသည့်အတွက် ချန်ထားပြီး သဘာဝအတိုင်းထားရခြင်း ဖြစ်ပါ ကြောင်း၊ မြေနှင့် ပတ်သက်၍ စောစောကတင်ပြခဲ့သည့် ဧကအတိုင်း လွဲပြီး ထပ်မံတိုးချဲ့ခြင်း လုံးဝမရှိပါကြောင်း၊ တချို့မြေကို အလျော်ပေးသည့်နေရာတွင် မဆီလျော်သည့် နှုန်းထားများနှင့် တောင်းခံသည့် အတွက် ချန်ထားခြင်းဖြစ်ပါကြောင်း အသင့်တင့်သော ညှိနှိုင်းမျှတသည့် ဈေးနှုန်းဖြင့် ရသည့်မြေများကို အမြဲမပြတ်အလျော်ပေးသည့်ကို သိရပါကြောင်း၊

EIA, SIA များကို ပညာရှင်များဖြင့် သေချာလေ့လာပြီး တူးရ၊ စိုက်ရ ၊ ပျိုးရ ၊ ကြေးနီများ ပုံရ မည့်နေရာစသည့်ဖြင့် ပုံသည့်နေရာများတွင်လည်း ဒီမှာရှိသည့် အက်ဆစ်များ မထွက်အောင် 0 Discharge လို့ ခေါ်သည့် လုံးဝကြေးနီမှ စစ်ထုတ်လိုက်သည့် အက်ဆစ်ရည်များ အပြင်ကို လုံးဝမထွက်စေဘဲ မူလ ရှိသည့်နေရာတွင် ပြန်လည်ပြီး 0 Discharge နည်းဖြင့် ဆောင်ရွက်နေတာကို မိမိတို့သွားရောက် လေ့လာစဉ် တွေ့ရှိရပါကြောင်းဖြစ် ဖြေကြားခဲ့ပါသည်။