၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်ခဲ့သည့် တိုင်းဒေသကြီး/ပြည်နယ် ရွေးကောက်ပွဲကော်မရှင်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဒေသ၊ ခရိုင်ရွေးကောက်ပွဲကော်မရှင်၊ မြို့နယ်ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲ ရပ်ကွက်၊ ကျေးရွာရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ၏ ဥက္ကဋ္ဌ၊ အဖွဲ့ဝင်များအသီးသီးတို့သည် မိမိတို့၏ ကျရာ တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြပြီး ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲကြီးကို အောင်မြင်စွာ ကျင်းပဆောင်ရွက်နိုင်ခဲ့ကြခြင်း ဖြစ်ပါကြောင်း၊ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲကြီးကို အောင်မြင်စွာ တာဝန်ယူဆောင်ရွက်ခဲ့ကြသော နိုင်ငံ့ဝန်ထမ်းမဟုတ်သည့် အဆင့်ဆင့်သော ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ များအတွက် ထိုက်သင့်သော လစဉ်၊ ချီးမြှင့်ငွေများပေးအပ်နိုင်ရန် ၉-၆-၂၀၁၆ ခုနှစ်၊ ကျင်းပပြုလုပ်ခဲ့သည့် ပြည်ထောင်စုအစိုးရ အစည်းအဝေးအမှတ်စဉ် ၅/၂၀၁၆ မှ သဘောတူအတည်ပြုခဲ့ပါကြောင်း၊ အောက်ဖော်ပြပါ ချီးမြှင့်ငွေနှုန်းထားများ အတိုင်းပေးအပ်ရန် ၂၀၁၆ ခုနှစ် စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး၏ ၂၅-၇-၂၀၁၆ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပါကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌကို ၃၄၀၀၀၀၊ အဖွဲ့ဝင်ကို ၃၁၀၀၀၀၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ခရိုင်ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌကို ၃၁၀၀၀၀၊ အဖွဲ့ဝင်ကို ၂၈၀၀၀၀၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌကို ၂၈၀၀၀၀၊ အဖွဲ့ဝင်ကို ၂၅၀၀၀၀၊ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌကို ၉၀၀၀၀၊ အဖွဲ့ဝင်ကို ၇၀၀၀၀။ ၎င်းခံစားခွင့်များကို ၁-၁၀-၂၀၁၆ ရက်နေ့မှစပြီး ခံစားခွင့်ပြုကြောင်း သိရှိရပါသည်။ သို့သော် ၎င်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ အဖွဲ့ဝင်များသည် ယနေ့အထိ ချီးမြှင့်ငွေများမခံစားရသေးကြောင်း မိမိ၏ မဲဆန္ဒနယ်မှ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် လားရှိုးခရိုင်ကော်မရှင်အဖွဲ့ခွဲ၊ အဖွဲ့ဝင်တို့က မေးမြန်းတင်ပြလာပါကြောင်း၊
သို့ဖြစ်ပါ၍ မေးမြန်းလိုသည်မှာ နိုင်ငံ့ဝန်ထမ်းမဟုတ်သည့် အဆင့်ဆင့်သော ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဝင်များအတွက် ရွေးကောက်ပွဲကာလအတွင်း ချီးမြှင့်ငွေများ ပြန်လည်ပေးအပ်ရန် အစီအစဉ်ရှိ/မရှိနှင့် ရှိပါက မည်သည့်ကာလတွင် ပေးအပ်မည်။ မရှိပါက အဘယ်ကြောင့်ဆိုသည်ကို ပြည်သူလူထု၏ကိုယ်စား သိရှိလိုပါကြောင်း မေးမြန်းပါသည်။
နိုင်ငံ့ဝန်ထမ်းမဟုတ်သည့် အဆင့်ဆင့်သော ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဝင်များအတွက် ချီးမြှင့်ငွေနှင့် ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥပဒေပုဒ်မ ၂၀ ပုဒ်မခွဲ(ဂ) တွင် အတိအလင်း ပြဋ္ဌာန်းထားပြီးဖြစ် ပါကြောင်း၊ ပုဒ်မ ၂၁ ပုဒ်မခွဲ (ဂ) မှာ ကော်မရှင်သည် နိုင်ငံဝန်ထမ်းမဟုတ်သည့် အဆင့်ဆင့်သော ကော်မရှင်အဖွဲ့ခွဲဝင်များအတွက် ထိုက်သင့်သည့် လစဉ်ချီးမြှင့်ငွေကို ရရှိခံစားနိုင်ရေးအတွက် နိုင်ငံတော်အစိုးရအဖွဲ့နှင့် ညှိနှိုင်းဆောင် ရွက်ရမည် ၎င်း ပြဋ္ဌာန်းချက်အရ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့်လည်း ညှိနှိုင်းဆောင်ရွက်ခဲ့ပါကြောင်း၊ ယခုလိုဆောင်ရွက်ခဲ့ရာတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ညှိနှိုင်းပြီး အရင်ပြည်ထောင်စု အစိုးရအဖွဲ့၏ ညွှန်ကြားချက်အရ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက ၂၈-၃-၂၀၁၆ ရက်စွဲပါ စာအမှတ်၊ ဘဏ္ဍာ-၂/၂/၃၁၀(၁၈၁၀/၂၀၁၆)နှင့် ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်ဖြင့်သာ သက်ဆိုင်ပါကြောင်း၊ ထို့ကြောင့် နောက်အစိုးရသာလျှင် ဆက်လက်ဆောင်ရွက်ရန် ဖြစ်သည်ဟု အကြောင်းပြန်ကြားလာခဲ့ပါကြောင်း၊ လက်ရှိပြည်ထောင်စု အစိုးရအဖွဲ့၏ အစည်းအဝေးအမှတ်စဉ် (၅/၂၀၁၆) တွင် ဆက်လက်ဆောင်ရွက်ခဲ့ရာ သဘောတူ ဆုံးဖြတ်ချက်အရ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ၂၅-၇-၂၀၁၆ ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ် (၁၂၉/၂၀၁၆) အရ ထိုက်သင့်သည့် လစဉ်ချီးမြှင့်ငွေများကို သတ်မှတ်ပေးပြီး ခံစားခွင့်များကို ၁-၁၀-၂၀၁၆ ရက်နေ့ကစပြီး ခွင့်ပြုခဲ့ပါကြောင်း၊
ထို့ကြောင့် ခံစားခွင့်သည်လည်း ၂၀၁၆ ခုနှစ် အောက်တိုဘာလမှစပြီး ခံစားခဲ့ခြင်းဖြစ်သည့်အတွက် ၂၀၁၅ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲကာလနှင့် သက်ဆိုင်ခြင်းမရှိကြောင်းလည်း ထင်ရှားပေါ်လွင် နေပါကြောင်း၊ ၂၀၁၅ ခုနှစ်တွင် ကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲမှာ ပါဝင်ဆောင်ရွက်ခဲ့ကြသော နိုင်ငံဝန်ထမ်းမဟုတ်သည့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်နှင့်ပတ်သက်ပြီး အစည်းအဝေး ထိုင်သည့်စရိတ်၊ နေ့တွက်စရိတ်၊ ခရီးသွားလာရသည့်ကုန်ကျစရိတ်များကို ယခင်ကော်မရှင်က ချီးမြှင့်ပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ နောက်တစ်ခါ ရွေးကောက်ပွဲပြီးသည့် ကာလများတွင် ၎င်း ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်ပုဂ္ဂိုလ် တစ်ဦးစီးတစ်ဦးချင်း၊ တစ်ဦးချင်းကို ငွေတစ်သိန်းနှုန်းဖြင့် ဂုဏ်ပြုလက်မှတ် ချီးမြှင့်ကြောင်းလည်းလေ့လာ သိရှိရပါသည်။ ၂၀၁၅ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲကာလအတွင်း တာဝန်ထမ်းဆောင်ခဲ့ကြသည့် အဆင့်ဆင့်သော ကော်မရှင်အဖွဲ့ခွဲဝင်များအတွက် ချီးမြှင့်ငွေပြန်လည်ပေးအပ်ရန် ဥပဒေပြဋ္ဌာန်းချက်နှင့်အမိန့် ညွှန်ကြားချက် တစ်စုံတစ်ရာလည်းမရှိပါကြောင်း၊ ထို့ကြောင့် နိုင်ငံ့ဝန်ထမ်း မဟုတ်သည့်အဆင့်ဆင့်သော ကော်မရှင်အဖွဲ့ခွဲဝင်များအတွက် ချီးမြှင့်ငွေများ ပြန်လည်ပေးအပ်ရန် အစီအစဉ်မရှိပါကြောင်း၊ ဆက်လက်တင်ပြလိုသည်မှာ ချီးမြှင့်ငွေနှင့်စပ်ဆိုင်သည့် ပုဒ်မ ၂၁ ပုဒ်မခွဲ(ဂ)နှင့် ပတ်သက်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် ပတ်သက်ပြီး ပြည်သူ့လွှတ်တော် ၊ အမျိုးသားလွှတ်တော်တို့တွင် ဆွေးနွေးခဲ့ပြီးဖြစ်ပါကြောင်း၊ ဥပဒေအဖြစ် တရားဝင် အတည်ဖြစ်လာလျှင် ဥပဒေနှင့်အညီ၊ ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းများနှင့်အညီ ကော်မရှင်အဖွဲ့ခွဲဝင်များကို ချီးမြှင့်ငွေနှင့် စရိတ်များ ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
