(က)-တောင်ဥက္ကလာပမြို့နယ်၊ ဥက္ကလာပစေတီ ပရဝဏ်ပေ(၁၀၀)အတွင်းပေ(၇၀)ထက်မြင့်သော အထပ်မြင့်အဆောက်အဦဆောက်လုပ်နေခြင်းနှင့် ပတ်သက်၍သက်ဆိုင်ရာဌာနများအနေဖြင့်မည်သို့ စီစဉ်ထားသည်ကိုသိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (၁၄) ရက်မြောက်နေ့ (၂၈.၂.၂၀၁၇)

ဥက္ကလာပစေတီတော်ကြီးသည် သာသနာရေးဝန်ကြီးဌာနမှ နိုင်ငံအဝန်းထင်ရှားကျော်ကြားသော ဘုရားစေတီတော်အဖြစ် သတ်မှတ်ထားသော တောင်ဥက္ကလာမြို့နယ်၏ တစ်ခုတည်းသော စေတီတော် ဖြစ်ပါကြောင်း၊ ဉာဏ်တော် ၁၀၈ ပေရှိပြီး သီတင်းကျွတ်ပွဲတော်၊ တန်ဆောင်တိုင်ပွဲတော်၊ ညောင်ရေသွန်းပွဲတော်စသည့် ပွဲတော်များကို တောင်ဥက္ကလာပစေတီတော်ကြီး၏ ရင်ပြင်တွင် ကျင်းပပြုလုပ် ပါကြောင်း၊

ယခုအခါ ဘုရားစေတီတော်ကြီး ပရဝဏ်၏  ပေ ၁၀၀ အတွင်း သစ္စာလမ်းနှင့် သံသုမာလမ်းထောင့် (၁၄)ရပ်ကွက်တွင် ၉၆ ပေအမြင့်ရှိသော ရှစ်ထပ်ခွဲ အဆောက်အဦ၏ ဆောက်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ထိုသို့ဆောင်ရွက်နေခြင်းကို တောင်ဥက္ကလာပ မြို့နယ်၏ ပြည်သူပြည်သားများ၊ စေတီတော်ကြီး၏ ဂေါပကအဖွဲ့များမှ ကန့်ကွက်ခြင်းကြောင်း သက်ဆိုင်ရာသို့ အကြိမ်ကြိမ်တင်ပြခဲ့ ပါကြောင်း၊ သာ ၎င်း အဆောက်အဦအား မြို့နယ်အတွင်းရှိ ပြည်သူပြည်သားများနှင့် စေတီတော် ကြီး၏ ဂေါပကအဖွဲ့များမှ ပေ ၆၀၊ ပေ ၇၀ ထက်မမြင့်သောအဆောက်အဦဖြင့် ခွင့်ပြုခြင်းကိုသာ လိုလားလျက်ရှိပါသောကြောင့် ၎င်းအဆောက်အဦအား ပေ ၆၀၊ ပေ ၇၀ ထက်မမြင့်သော အဆောက်အဦအဖြစ်သာ ခွင့်ပြုပေးပါရန်နှင့် စပ်လျဉ်း၍ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

တောင်ဥက္ကလာပမြို့နယ် (၁၄)ရပ်ကွက် သစ္စာလမ်းနှင့် သံသုမာလမ်းထောင့်မှာ တည်ထားကိုးကွယ် လျက်ရှိသည့် ဉာဏ်တော် ၁၀၈ ပေရှိ ဥက္ကလာပစေတီပရဝဏ်၏ ပေ ၁၀၀ အတွင်းမှာ ပေ ၇၀ ထက်မြင့်သော အထပ်မြင့်အဆောက်အဦဆောက်လုပ်နေခြင်းနှင့်ပတ်သက်၍ ဂေါပကအဖွဲ့အနေဖြင့် စေတီတော်မြတ်ကြီး၏ ကြည်ညိုဖွယ်ရာမြင်ကွင်းကို ကွယ်စေခြင်း၊ အဂါရဝဖြစ်စေခြင်းတို့ကြောင့် နိုင်ငံတော်သံဃမဟာနယကအဖွဲ့သို့  တင်ပြလျှောက်ထားခဲ့ရာ နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ တာဝန်ကျဒုတိယအဖွဲ့ခွဲက ၂၀၁၄ ခုနှစ်၊ သြဂုတ်လ ၁ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့သို့ စိစစ်ဆောင်ရွက်ရန် လမ်းညွှန်မှုပြုခဲ့ပါကြောင်း၊

 နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့၏ လမ်းညွှန်ချက်အရ ရန်ကုန်တိုင်းဒေသကြီး သံဃနာယက အဖွဲ့က ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီ လ ၁ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးသံဃနာယကအဖွဲ့ရုံး၌ သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်၊ အာဏာပိုင်အဖွဲ့အစည်းအဆင့်ဆင့်တို့၏ ရှေ့မှောက်တွင် စေတီတော်ကြီး၏ ဂေါပကအဖွဲ့နှင့် ဆာကူရာ ကုမ္ပဏီလီမိတက်တို့ကို ခေါ်ယူ ညှိနှိုင်း ပေးခဲ့သော်လည်း ပြေလည်မှုမရရှိခဲ့ပါကြောင်း၊

တောင်ဥက္ကလာပစေတီတော်သည် ၁၉၉၀ ခုနှစ်တွင် တည်ဆောက်ခဲ့ပြီး ဉာဏ်တော် ၁၀၈ ပေ ရှိပါကြောင်း၊  မြေရှင် ဦးဌေးအောင်သည် မူလက မူအားဖြင့် ခွင့်ပြုထားသော Basement + ၁၂.၅ ထပ် တိုက်အစား လေးထပ်လျှော့ပြီး တောင်ဥက္ကလာပစေတီတော်၏ စိန်ဖူးတော်နှင့် ထီးတော်တို့ ထက်နှိမ့်ချ၍ အမြင့် ၉၈ ပေရှိ Basement + ၈.၅ ထပ်တိုက် အဆောက်အဦ ဆောက်လုပ် ခွင့်ပြုပေးပါရန် တင်ပြလျှောက်ထားမှုကို ၂၀၁၅ ခုနှစ်၊ ဧပြီလ ၈ ရက်နေ့ ပြုလုပ်သော ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ်(၁၈/၂၀၁၅) ဆုံးဖြတ်ချက်အပိုဒ်(၇) အရ သဘောတူညီချက်ကို အကြောင်းပြန်ခဲ့ပါကြောင်း၊ ထိုကိစ္စနှင့်ပတ်သက်ပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက သတ်မှတ်စည်းကမ်းများနှင့်ကိုက်ညီသဖြင့် ခွင့်ပြုပေး ခဲ့ခြင်း ဖြစ်ကြောင်း၊ စေတီတော်မြတ်ကြီး၏ ကြည်ညိုဖွယ်ရာမြင်ကွင်းကို မကွယ်နိုင်ကြောင်းကို ကုမ္ပဏီ အုပ်ချုပ်မှု ဒါရိုက်တာ ဦးဌေးအောင်က နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ကို တင်ပြလာခဲ့ပါကြောင်း၊ ထို့ကြောင့် ၂၀၁၅ ခုနှစ်၊ ဇွန်လ ၁၀ ရက်နေ့တွင် ကျင်းပသော သတ္တမအကြိမ် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ (ပထမအဖွဲ့ခွဲ)၏ ဒုတိယအကြိမ် နဝမအစည်းအဝေး၌ ဥက္ကလာပ စေတီ တော်အနီးပတ်ဝန်းကျင်တွင် အထပ်မြင့်အဆောက်အဦများ ဆောက်လုပ်ခြင်းကြောင့် စေတီ တော်၏ မြင်ကွင်းကိုထိခိုက်စေခြင်း၊ စေတီတော်၏ ကြံ့ခိုင်မှုကို ထိခိုက်စေခြင်းများ  မဖြစ်ပေါ်စေရေး၊ သာသနာ တော်အရှည်တည်တံ့နိုင်မည့်အရေးကိုတွက်ဆပြီး ဘာသာရေးရှုထောင့်၊ ယဉ်ကျေးမှုရှုထောင့်၊ ဘူမိဗေဒရှုထောင့်နှင့် အင်ဂျင်နီယာ ရှုထောင့်အသီးသီးတို့က ပညာရှင်များနှင့် စနစ်တကျ ပြန်လည်တွက်ချက်ပြီးမှ ဆောင်ရွက်ရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကို နိုင်ငံတော်သံဃ မဟာနာယက အဖွဲ့ကကနေ မေတ္တာရပ်ခံခဲ့ပါကြောင်း၊

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က  ရန်ကုန်မြို့တော်စည်ပင်သာယာရေးအဖွဲ့ကို ပညာရှင်များ ပါဝင်သည့်အဖွဲ့နှင့် ပြန်လည်သုံးသပ်စစ်ဆေးဖို့အတွက် ထပ်မံညွှန်ကြားခဲ့ရာ မြန်မာနိုင်ငံအင်ဂျင်နီယာ အသင်း၊ မြန်မာနိုင်ငံ ဗိသုကာအသင်း၊ မြန်မာနိုင်ငံဘူမိဗေဒအသင်း၊ တိုင်းဒေသကြီးသာသနာရေးမှူး ရုံးစသည့် ပညာရှင်များပါဝင်တဲ့အဖွဲ့နှင့် ကွင်းဆင်းစစ်ဆေးညှိနှိုင်းမှုများပြုလုပ်ခဲ့ပါကြောင်း၊ ထိုသို့ ဆောင်ရွက်ပြီးနောက် ၃-၃-၂၀၁၆ ရက်နေ့တွင် ကျင်းပသော ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့အစည်းအဝေးကို ပြန်လည်တင်ပြပြီး ပညာရှင်များအဖွဲ့၏ အစီရင်ခံချက်အရ အမြင့် ၉၆ ပေအထိကို ခွင့်ပြုကြောင်းကို အတည်ပြုခဲ့ပါကြောင်း၊

အလားတူပဲ ဥက္ကလာပစေတီတော် ဂေါပကအဖွဲ့က စေတီတော်၏ မဟာရံတံတိုင်းနှင့် ၅၉ ပေ ကွာဝေးသော မြေကွက်နေရာတွင် ဆာကူရာကုမ္ပဏီက ရှစ်ထပ်ခွဲအဆောက်အဦ ဆောက်လုပ်ရန် ကိစ္စနှင့် ပတ်သက်ပြီးတားမြစ်ပေးရန် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနကို ထပ်မံမေတ္တာရပ်ခံခဲ့ သည့်အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးတို့ကို ပြန်လည်သုံးသပ်ပေးပါရန် ထပ်မံညှိနှိုင်းခဲ့ပါကြောင်း၊ အပြန်အလှန်ညှိနှိုင်းချက်များအရ စိစစ်မှုအကြိမ်ကြိမ်ပြုလုပ်ပြီး Basement + ၈.၅ ထပ်တိုက်အား ခွင့်ပြုထားပြီးဖြစ်သဖြင့် ၂၀၁၆ ခုနှစ်၊ သြဂုတ်လ ၂၉ ရက်နေ့တွင် ကျင်းပသော ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတ၏ အစည်း အဝေးက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အစည်းအဝေးတွင် ခွင့်ပြုခဲ့သည့်အတိုင်း Basement + ၈.၅ တိုက်ကို အမြင့် ၉၆ ပေအထိ ခွင့်ပြုရခြင်းဖြစ်ကြောင်းကို  ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပါကြောင်း၊

 ဆာကူရာကုမ္ပဏီအနေဖြင့် အမြင့်ပေ ၉၈ ပေရှိ  ရှစ်ထပ်ခွဲအဆောက်အဦ ဆောက်လုပ်ခြင်းနှင့် ပတ်သက်ပြီး နိုင်ငံတော်သံဃမဟာနာယကအဖွဲ့နှင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနတို့ အနေဖြင့် ဥက္ကလာပစေတီတော် ဂေါပကအဖွဲ့တင်ပြချက်များအရ သက်ဆိုင်ရာတာဝန်ရှိသော ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီတို့ကို အကြိမ် ကြိမ်ညှိနှိုင်းအသိပေးခဲ့ပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့မှလည်း စုံစမ်းစစ်ဆေးရေးအဖွဲ့များကို ပညာရှင်များနဲ့ ဖွဲ့စည်းစစ်ဆေးပြီးမှ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အဆုံးအဖြတ်သည်သာ အဓိကဖြစ်ပါကြောင်း ပြန်လည်ရှင်းလင်းဖြေကြားပါသည်။

ဒေါက်တာစောနိုင်(တောင်ဥက္ကလာပ) မှ ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

ဝန်ကြီး၏ ဖြေကြားချက်တွင် စေတီတော်ကြီးကိုဖူးမျှော်သည့် အဓိကမြင်ကွင်းများ မကွယ်ပါကြောင်း၊ ထိခိုက်မှုမရှိပါကြောင်း ဖြေကြားခဲ့ပါကြောင်း၊  သို့သော် စေတီတော်ကြီး၏ အနောက်ဘက်တွင် ငမိုးရိပ်ချောင်းက ဝန်းရံထားသည့်အတွက် စေတီတော်ကြီး၏ မြင်ကွင်းသည် အရှေ့ဘက်တွင်သာ ရှိပါကြောင်း၊  စေတီတော်ကြီးပရဝဏ်နှင့် ယခု တည်ဆောက်နေသည့် အဆောက်အဦသည် ၅၉ ပေသာ ကွာဝေးပါကြောင်း၊ မူလပိုင်ရှင်များ နစ်နာမှုမရှိပါဟု ဆိုသည်မှာလည်း မူလပိုင်ရှင် မရှိပါကြောင်း၊ ဆာကူရာကုမ္ပဏီဥက္ကဋ္ဌ မြေကွက်ဖြစ်ပါကြောင်းနှင့်  ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီဝန်ဖြစ်သည့်အချိန်တွင်  ခွင့်ပြုပေးခဲ့ခြင်းဖြစ်ပါကြောင်း၊  ၂၀၁၃ ခုနှစ် ရန်ကုန် မြို့တော် စည်ပင်သာယာဥပဒေ အခန်း ၆၊ ပုဒ်မ ၁၄ (ဃ)တွင်လည်း ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီက မြေကိုအသုံးချမှု၊ အဆောက်အဦအထပ်အရေအတွက်နှင့် အမြင့်ပေများ သတ်မှတ်နိုင်သည်ဟု ပါရှိသည့်အတွက် စေတီတော်ကြီးပရဝဏ်၏ ပေ ၁၀၀ အတွင်း အမြင့်ပေ ၆၀ ပေ၊ ပေ ၇၀ ထက်မြင့်သော အဆောက်အဦဆောက်လုပ်ခြင်းကို ခွင့်မပြုရန်  လေးလေးနက်နက် ပြန်ည်စဉ်းစားပေးစေလိုပါကြောင်း မေးမြန်းပါသည်။

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို

တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ပညာရှင်များ ပါဝင်သောအဖွဲ့နှင့် ဒုတိယအကြိမ်ကွင်းဆင်း စုံစမ်းရာတွင် ပညာရှင်များ၏ တွေ့ရှိချက်အရ စေတီတော်ကြီး၏ ကြံ့ခိုင်မှု၊ မြင်ကွင်းနှင့် ဘူမိဗေဒ အနေအထားများ ထိခိုက်ပျက်ယွင်းမှုမရှိနိုင်သည့်အနေအထားများကြောင့် ခွင့်ပြုထားခြင်းဖြစ်ပါ ကြောင်းနှင့် နိုင်ငံတော်သံဃာ့ မဟာနာယက ပြန်လည်တင်ပြသည့်အခါတွင်လည်း နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့က မူအားဖြင့်လက်ခံခဲ့ပါကြောင်း၊

ဥက္ကလာပစေတီတော်သည် ၁၉၉၀ ပြည့်နှစ်တွင် တည်ထားသည့်  စေတီတော်တစ်ဆူဖြစ်သည့် အတွက် ရှေးဟောင်းသမိုင်းဝင်ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင် စေတီတစ်ဆူ မဖြစ်သေးပါကြောင်း၊ ရှေးဟောင်းသမိုင်းဝင်ဖြစ်သည့် ရွှေတိဂုံစေတီတော်ကြီးကိုသာ အဓိက ထားပြီး မြင်ကွင်းမကွယ်စေရန်၊ အဂါရဝမဖြစ်ရန်ကိုသာ အဓိကထားထိန်းသိမ်းကြပ်မတ်ပါကြောင်း၊ ဆူးလေစေတီတော်ကြီးရဲ့ အနီးပတ်ဝန်းကျင်တွင်လည်း စေတီတော်ကြီးထက်ပိုမြင့်သော အထပ်မြင့်အဆောက်အဦများကို တွေ့ရှိနိုင်မည်ဖြစ်ပါကြောင်း၊ အဆိုပါကိစ္စရပ်အပေါ် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ထပ်မံညှိနှိုင်းရန် ရှိသော်လည်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ယခုအတိုင်း Basement+၈.၅ ထပ်ကိုသာ ခွင့်ပြုမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။