မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအိုလမ်းမကြီးသည် ၂၁၈ မိုင်ရှိသော ပြည်ထောင်စုလမ်းမကြီးဖြစ်ပါ ကြောင်း ၊ သို့သော် မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအို ပြည်ထောင်စုလမ်းမကြီးသည် နှစ်ပေါင်း များစွာတည်ရှိခဲ့သော်လည်း ၂၀၁၆ ခုနှစ် စက်တင်ဘာလအလယ်အထိ နွေ၊ မိုး၊ ဆောင်း ရာသီမရွေး မော်တော်ကားကြီး/ကားငယ် သွားလာနိုင်သောလမ်းအဖြစ် တည်ဆောက်ပေးနိုင်ခြင်းမရှိ သော ကြောင့် ပူတာအိုခရိုင်ရှိ ဒေသခံပြည်သူလူထုများမှာ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး များနှင့် ဒေသဖွံ့ဖြိုးမှုအင်မတန်နောက်ကျခဲ့ရသည် ကို တွေ့ရပါကြောင်း၊
မြစ်ကြီးနား- ဆွမ်ပရာဘွမ်-ပူတာအိုပြည်ထောင်စုလမ်းမကြီးသည် ပွင့်လင်းရာသီတွင် ကုန်ကားကြီးများ သွားလာနိုင်ပြီး မိုးရာသီကာလတွင် ကုန်ကားကြီးများ သွားလာနိုင် ခြင်းမရှိသောကြောင့် ဒေသခံပြည်သူများမှာ စားသုံးကုန်များကို ဈေးကြီးစွာ ဝယ်ယူ စားသုံးနေရပါကြောင်း၊
ထို့ကြောင့် မိမိသိလိုသည်မှာ (၁)မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအိုလမ်းမကြီး အား မော်တော် ကားကြီး/ကားငယ် ရာသီမရွေးသွားလာနိုင်ရန် တည်ဆောက်ပေးဖို့အစီအစဉ်ရှိ/မရှိ၊ (၂) ၎င်းပြည်ထောင်စုလမ်းမကြီးပေါ်ရှိ အဆိုးဆုံး ရွှံ့ဗွက်တန်းကို မည်ကဲ့သို့စီမံကိန်းအမျိုးအစား ဆောင်ရွက်ပေးမည်နည်း။ (၃) ဆောင်ရွက်ပေးမည်ဆိုပါက မည်သည့်ကုမ္ပဏီအမျိုးအစားဖြင့် ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်းနှင့် (၄) ဆောင်ရွက်ပေးမည်ဆိုပါက မည်သည့်အချိန်မှစပြီး မည်သည့်အချိန်ကာလအတွင်း ပြီးစီးအောင်ဆောင်ရွက်ပေးမည်ကို သိလိုသောကြောင့် မေးမြန်းပါသည်။
မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအိုလမ်းဟာဆိုရင် မြစ်ကြီးနားမိုင်တိုင် ဝ/၀ မှ ပူတာအိုမိုင်တိုင် ၂၁၈/၀ အထိ ၂၁၈ မိုင်ရှည်လျားပြီး ပြည်ထောင်စုအစိုးရအဖွဲ့မှ စီမံခန့်ခွဲသည့်လမ်းဖြစ်ပါကြောင်း၊ ၃၁-၃-၂၀၁၆ နေ့ အထိ ကွန်ကရစ်လမ်း ၁၁ မိုင် ၂ ဖာလုံ၊ ကတ္တရာလမ်း ၆၇ မိုင် ၆ ဖာလုံ၊ ကျောက်လမ်း ၃၈ မိုင် ၇ ဖာလုံ၊ အမာခံလမ်း ၈၈ မိုင် ၁ ဖာလုံနှင့် မြေလမ်း ၁၂ မိုင်ဖြစ်ပါကြောင်း၊ ပေ ၅၀ အောက်တံတား ၈၈၀ စင်း၊ ပေ ၅၀ မှ ပေ ၁၀၀ ကြားတံတား ၂၀ စင်း၊ ပေ ၁၀၀ မှ ၁၈၀ ပေကြားတံတား ၁၂ စင်း၊ ပေ ၁၈၀ နှင့်အကြား ၁၁ စင်း စုစုပေါင်း အဲဒီလမ်းကြီးပေါ်မှာတံတားပေါင်း ၉၂၃ စင်း ရှိပါကြောင်း၊
၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုပြည်နယ်ရန်ပုံငွေကျပ် ၁၂၁၀၃.၉၅ သန်းဖြင့် ၃၄ ပေအကျယ် တာပေါင်ချဲ့ပြီး ၂၃ ပေအကျယ် ကတ္တရာလမ်းခင်းခြင်းလုပ်ငန်း ၃ မိုင်၊ ၁၆ ပေအကျယ် ကတ္တရာလမ်းခင်းခြင်းလုပ်ငန်း ၄ မိုင် ၆ ဖာလုံ၊ ၂၃ ပေအကျယ်ကျောက်လမ်းခင်းခြင်းလုပ်ငန်း ၆ မိုင် ၇ ဖာလုံ၊ ၃၄ ပေအကျယ် တောင်ချဲ့ခြင်းလုပ်ငန်း ၂၂ မိုင် ၇ ဖာလုံ၊ ၂၃ ပေအကျယ် ကတ္တရာလမ်းခင်းခြင်းလုပ်ငန်း ၅ မိုင် ၇ ဖာလုံ၊ ၁၆ ပေအကျယ် ကတ္တရာလမ်းချဲ့ပြီး ထပ်ပိုးလွှာခင်းခြင်း ၅ မိုင် ၄ ဖာလုံနှင့် လမ်းအနိမ့်အမြင့်ညှိပြီး ရေပိတ်လွှာလောင်းခြင်းလုပ်ငန်း ၈ မိုင် ၄ ဖာလုံ၊ မိုင် ၁၆၃/၀ မှာရှိသည့် ခင်ဒူယန်ချောင်းအား ရေကျော်ယာဉ် သွားလမ်း တစ်ခုနှင့် ပေ ၂၆၀ အရှည် အင်စွတ်တံတားအား သံကူကွန်ကရစ်တံတားအဖြစ် တည်ဆောက်ခြင်းလုပ်ငန်း၊ ရေပြွန်တည်ဆောက်ခြင်းလုပ်ငန်း ၁၆ စင်း၊ ပေ ၃၀ အကျယ်ကွန်ကရစ် တံတားချဲ့ခြင်းလုပ်ငန်း အစင်း ၂၀၊ ပေ ၆၀ အရှည် သံကူကွန်ကရစ်တံတားတည်ဆောက်ခြင်းလုပ်ငန်း နှစ်စင်း၊ ပေ ၁၂၀ အရှည် သံကူကွန်ကရစ်တံတားတည်ဆောက်ခြင်းလုပ်ငန်း တစ်စင်း စသည့် လုပ်ငန်း များကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ထို့အပြင် ပြည်နယ်ရန်ပုံငွေကျပ် ၇၀၂၆.၁၅ သန်းဖြင့် မြစ်ကြီးနား- ဆွမ်ပရာဘွမ်-ပူတာအိုလမ်းပေါ်ရှိ မိုင်တိုင် ၈၇/၀ နှင့် မိုင်တိုင် ၁၀၀/၄ အတွင်းမှာရှိသည့် နေရာနှင့် မိုင် ၁၄၄/၆-၁၅၂/၄ အတွင်းရှိ စုစုပေါင်း ၆ မိုင် ၅ ဖာလုံအား ၃၄ ပေအကျယ် တောင်နံရံချဲ့ပြီး ၁၈ ပေအကျယ် ကွန်ကရစ်လမ်းအား ကွန်ကရစ်ရေမြောင်း ကျောက်စီမြေကာနံရံများအပါအဝင် ပူးတွဲဆောင်ရွက်လျက်ရှိပါကြောင်း၊ မိုင်တိုင်(၉၂/ဝ)မှ (၁၆၁/ဝ)အတွင်း အဆိုးဆုံး ဗွက်တန်း နေရာ ဖြစ်သည့် မိုင်တိုင်(၉၉/ဝ)မှ (၁၀၀/၄)အတွင်း ၁ မိုင်နှင့် ၄ ဖာလုံအား မန်းပြည်တံခွန်ကုမ္ပဏီ၊ မိုင်တိုင်(၁၅၁/ဝ)မှ (၁၅၂/၂)အတွင်း ၁ မိုင် ၂ ဖာလုံအား ဇင်းနစ်တိုးအောင်ကုမ္ပဏီ၊ မိုင်တိုင်(၁၄၄/၆)မှ (၁၄၅/၆)အတွင်း ၁ မိုင်နှင့် မိုင်(၁၅၀/ဝ)နှင့် (၁၅၁/ဝ)အတွင်းရှိ ၁ မိုင်အား လမ်းထုဗွက်တစ် လမ်းဦးစီးဌာနတို့မှ တာဝန်ယူပြီး လမ်းပိုင်းအလိုက် တောင်နံရံချဲ့ခြင်း၊ ၁၈ ပေအကျယ်ကွန်ကရစ်လမ်းခင်းခြင်းနှင့် လုပ်ငန်းများကို ဆောင်ရွက်လျက် ရှိပါကြောင်း၊ မိုးတွင်းကာလတွင် မော်တော်ယာဉ်များအဆင်ပြေစွာ သွားလာနိုင်ရန်အတွက် ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ် ပြည်နယ်ရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့်လုပ်ငန်း များမှာ မိုင်တိုင်(၅၃/ဝ)မှ (၁၆၈/ဝ)အတွင်းရှိသည့် သစ်သားတံတားငယ် ၁၉၀ ကို ပြုပြင်သွားမည်ဖြစ်ပါကြောင်း၊ မြစ်ကြီးနား- ဆွမ်ပရာဘွမ်-ပူတာအိုလမ်းအား လမ်းဦးစီးဌာနနှင့် တံတားဦးစီးဌာနတို့ လမ်းပိုင်းအလိုက် လမ်း တံတားများကို အဆင့်မြှင့်တင်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများအား ဆောင်ရွက်လျက်ရှိသည့် အပြင် ကုမ္ပဏီကိုးခုအားလည်း လုပ်ငန်းတင်ဒါစနစ်ဖြင့် လမ်းတံတားအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းများပြီးစီးပါက မြစ်ကြီးနား မိုင်တိုင်(ဝ/၀)မှ တရန်စွတ်ရွာ မိုင်တိုင်(၅၃/ဝ)အထိ ၅၃ မိုင်နှင့် စွန်ပီရန်ရွာ မိုင်တိုင်(၁၈၈/၆)မှ ပူတာအိုမိုင်တိုင်(၁၁၈/ဝ)အထိ ၄၉ မိုင် ၂ ဖာလုံ အားလုံးစုစုပေါင်း ၁၀၂ မိုင် ၂ ဖာလုံအား ကတ္တရာလမ်း၊ ကွန်ကရစ်လမ်းများအဖြစ် တစ်ဆက်တစ်စပ်တည်း သွားလာနိုင်တော့မည်ဖြစ်ပြီး မိုင်တိုင်(၅၃/ဝ)နှင့် (၁၇၀/ဝ)အတွင်းရှိ ဆိုးရွားစွာ ပျက်စီးနေပြီးဗွက်တန်းဖြစ်ပေါ်နေသည့် နေရာများကိုလည်း ကွန်ကရစ်လမ်းများအဖြစ် ကောင်းမွန်စွာ သွားလာနိုင်တော့မည် ဖြစ်ပါကြောင်း၊ ၂၀၁၆-၁၇ ဘဏ္ဍာနှစ်ကုန် ၃၁-၃-၂၀၁၇ ရက်နေ့တွင် ဖြစ်ပေါ်လာမည့်လမ်းအခြေအနေမှ ကွန်ကရစ်လမ်းအဆင့် ၁၈ မိုင်၊ ကတ္တရာလမ်းအဆင့် မိုင် ၈၀၊ ၄ ဖာလုံ ကျောက်လမ်းအဆင့် ၃၇ မိုင် ၆ ဖာလုံ၊ အမာခံလမ်းအဆင့် ၈၁ မိုင် ၆ ဖာလုံရှိလာမည် ဖြစ်ပါကြောင်း၊ မြစ်ကြီးနား- ဆွမ်ပရာဘွမ်-ပူတာအိုလမ်းအား ရာသီမရွေးသွားလာ နိုင်သော လမ်းအဆင့်ရောက်ရှိနိုင်ရေးအတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် စီမံချက်များ ရေးဆွဲပြီး ရန်ပုံငွေတင်ပြတောင်းခံပြီး ဆောင်ရွက်သွားမည်ဖြစ်ပြီး ခွင့်ပြုရန်ပုံငွေများရရှိပါက ၂၀၁၇-၁၈ ဘဏ္ဍာနှစ်ကုန်တွင် ရာသီမရွေးသွားလာနိုင်သော လမ်းအဆင့်သို့ ရောက်ရှိမည် ဖြစ်ပါကြောင်း ဖြေကြားပါသည်။
ဦးမိုးရွှေ(ပူတာအိုမဲ) မှ ဆက်စပ်မေးခွန်းမေးမြန်းပါသည်။
မြစ်ကြီးနား- ဆွမ်ပရာဘွမ်-ပူတာအို ပြည်ထောင်စုလမ်းမကြီး သည် ဆောင်းရာသီပွင်းလင်းချိန်တွင် နှစ်စဉ်နှစ်တိုင်းကောင်းလျက်ရှိပါကြောင်း၊ မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအို ပြည်ထောင်စု လမ်းမကြီး သည် နှစ်စဉ်နှစ်တိုင်းမိုးရာသီတွင် ရွှံ့ဗွက်တန်းများ ဖြစ်ပေါ်လာသည့်အတွက် ကားကြီး များ သွားလာနိုင်ခြင်း မရှိပါကြောင်း၊ မိမိဆက်စပ်မေးမြန်းလိုသည်မှာ မြစ်ကြီးနား- ဆွမ်ပရာဘွမ် -ပူတာအို ပြည်ထောင်စု လမ်းမကြီး အား ၂၀၁၇-၁၈ ခုနှစ်တွင် စတင်ဆောင်ရွက်မည့်လုပ်ငန်းများကို မိုးမကျမီ ဇွန်လ၊ ဇူလိုင်လတွင် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများမှ စိစစ်စစ်ဆေးဖို့အစီအစဉ်ရှိ/မရှိ ကိုသိလိုပါကြောင်း ဆက်စပ်မေးခွန်းမေးမြန်းပါသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဦးဝင်းခိုင်
မြစ်ကြီးနား- ဆွမ်ပရာဘွမ်-ပူတာအိုလမ်းသည် မိမိတို့ဌာန၏ ဦးစားပေးအဆင့်အမြင့်ဆုံးမှာရှိ သည့် လမ်းတစ်လမ်းဖြစ်ပါကြောင်း၊ မြစ်ကြီးနား- ဆွမ်ပရာဘွမ်-ပူတာအို လမ်းကို မိမိတို့ဌာနအနေဖြင့် အတတ်နိုင်ဆုံး၊ အကောင်းဆုံး ရာသီမရွေးသွားလို့ရသည့်လမ်းဖြစ်အောင် မိမိတို့ ကြိုးစားသွား မည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။
