ဆိုက်ခေါင်-ပွန်ချောင်း-မောက်မယ် လမ်းပိုင်းများသည် မောက်မယ်မြို့နယ်မှ တစ်ဆင့် ဟိုနမ့်-ဆိုက်ခေါင်-တောင်ကြီးသို့ လည်းကောင်း၊ ဆိုက်ခေါင်-ကျောက်တလုံး-ပင်လောင်း-နေပြည်တော် သို့လည်းကောင်း ဆက်သွယ် သွားလာနိုင်သည့် လမ်းအူကြောင်းတစ်ခုဖြစ်ပါကြောင်း၊ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် မောက်မယ်မြို့နယ်အပိုင်းမှာ ပွန်ချောင်းအထိ ကတ္တရာခင်းခြင်း လုပ်ငန်း ၁၁ မိုင် ၆ ဖာလုံ ဆောက်ရွက်ပြီးစီးခဲ့ပါကြောင်း၊ သို့သော် ဆီဆိုင်မြို့နယ်ဘက်ခြမ်းရှိ ပွန်ချောင်း-ဆိုက်ခေါင် လမ်းပိုင်းမှာ ဆောင်ရွက်ရန်ကျန်ရှိနေပါကြောင်း၊ ၎င်းလမ်းပိုင်းသည် ပွင့်လင်းရာသီတွင် ကုန်ကားကြီး များ အနည်းငယ်သာသွားလာနိုင်ပါကြောင်း၊ မိုးတွင်းကာလတွင် အဆိုးဆုံးအခြေအနေဖြစ်ပြီး နှစ်ပေါင်းများစွာ ဗွက်မြေပေါက်ခဲ့သည့်လမ်းဖြစ်သည့် အတွက် မိုးရွာသည်နှင့်သွားရန် မလွယ်သည့် အနေအထား ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ပွန်ချောင်း- ဆိုက်ခေါင်လမ်းပိုင်းကို အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်ပေးပါရန် မိမိမေးမြန်းလိုသည်မှာ (၁) ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဆိုက်ခေါင်-ပွန်ချောင်း-မောက်မယ်လမ်းပိုင်းတွင် အဆင့်မြှင့်တင်ရန်ကျန်ရှိသော ပွန်ချောင်း-ဆိုက်ခေါင်လမ်းအပိုင်းအား ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် မည်သည့်အဆင့်အထိ မြှင့်တင် ဆောင်ရွက်ပေးနိုင်မည်နှင့် (၂) မည်သည့်ဘဏ္ဍာရေးနှစ် တွင် ကတ္တရာလမ်းပိုင်းအဆင့်အထိ ဆောင်ရွက်ပေးနိုင်မည် တို့ကိုသိလိုပါကြောင်းမေးမြန်းပါသည်။
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်ရှိ ဆိုက်ခေါင်-ပွန်ချောင်း လမ်းအပိုင်းသည် မိုင်တိုင် ဝ/၀ မှ ၁၈/၁ အထိ ၁၈ မိုင် ၁ ဖာလုံရှည်လျားပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ စီမံခန့်ခွဲသည့်လမ်းဖြစ်ပါကြောင်း၊ ၃၀-၃-၂၀၁၆ လမ်းအခြေအနေမှ ကတ္တရာလမ်းအဆင့် ၅ မိုင်၊ ကျောက်လမ်းအဆင့် ၄ မိုင် ၅ ဖာလုံနှင့် အမာခံလမ်းအဆင့် ၈ မိုင် ၄ ဖာလုံ စုစုပေါင်း ၁၈ မိုင် ၁ ဖာလုံဖြစ်ပါကြောင်း၊ ဆိုက်ခေါင်-ပွန်ချောင်းလမ်းပိုင်းကို ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ် ပြည်နယ်ငွေလုံးငွေရင်း/ပြင်ဆင်ထိန်းသိမ်းခြင်း ရန်ပုံငွေကျပ် ၆၄၇.၀၂၅ သန်းနှင့် ၃၄ ပေ အကျယ် လမ်းတာပေါင်ချဲ့ခြင်း ၇ မိုင် ၅ ဖာလုံ၊ အမာခံလမ်း ပျက်အားပြုပြင်ခြင်း ၈ မိုင် ၄ ဖာလုံ၊ အမာခံလမ်းမှ ကျောက်ခင်းလမ်းခင်းခြင်း ၃ မိုင် ၃ ဖာလုံ၊ ကျောက်လမ်းပျက်အား ပြုပြင်ခြင်း ၁ မိုင် ၇ ဖာလုံ စသည့်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသဖြင့် ယနေ့အချိန်ထိ ၇၅ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးဖြစ်ပါကြောင်း၊ လုပ်ငန်းများအားလုံး ဆောင်ရွက်ပြီး ပါက ၂၀၁၆-၁၇ ဘဏ္ဍာနှစ်ကုန်တွင် ကတ္တရာလမ်းအဆင့် ၅ မိုင်၊ ကျောက်လမ်းခင်းအဆင့် ၈ မိုင်နှင့် အမာခံလမ်းအဆင့် ၅ မိုင် ၁ ဖာလုံ ဖြစ်သွားမည်ဖြစ်ပါကြောင်း၊
၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် မိုင်တိုင် ၅/၀ မှ ၉/၁ အထိ ကျောက်လမ်း ၄ မိုင် ၁ ဖာလုံကို ကတ္တရာလမ်းအဆင့်တိုးမြှင့်ခြင်း၊ တံတားနှင့်ရေပြွန်တည်ဆောက်ခြင်း ၂၈ စင်း စသည့် လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ရန်ပုံငွေတင်ပြတောင်းခံထားရှိပြီး ရန်ပုံငွေရရှိမှု အပေါ်တွင်မူတည်ပြီး လုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ရန်ပုံငွေရရှိမည်ဆိုပါက ကတ္တရာလမ်း ၉ မိုင်ဖြစ် သွားမည် ဖြစ်ပါကြောင်း၊ ကျန်ရှိသည့်မိုင်တိုင် ၉/၁ မှ ၁၈/၁ အထိ ကျောက်ချောလမ်း ၉ မိုင်ကို ရာသီမရွေး သွားလာနိုင်မည့် ကျောက်ချောလမ်းအဆင့်အထိ ဆက်လက်ထိန်းသိမ်း ဆောင်ရွက်ပေးသွား မည်ဖြစ် ပါကြောင်းဖြေကြားခဲ့ပါသည်။
