မေးခွန်း အကြောင်းအရာ
ပေါက်တော-စစ်တွေ သို့မဟုတ် ပေါက်တော-ပုဏ္ဏားကျွန်းမြို့များ ကိုဖြတ်၍ကစ္ဆပနဒီမြစ် (ကုလားတန်မြစ်) မြစ်ကူးတံတား သစ်တည်ဆောက်မည့်အစီအစဉ် မည်သည့် အဆင့်သို့ရောက်ရှိပြီဆိုသည် ကိုသိရှိလို၍ မေးမြန်းခြင်းဖြစ်ပါကြောင်း၊ ယခုမေးခွန်းနှင့် စပ်လျဉ်း၍ ပထမအကြိမ် အမျိုးသားလွှတ်တော် (၁၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေးတွင် လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အေးမောင်၏ မေးမြန်းချက်ကို ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးတင့်က ပြန်လည်ဖြေဆိုထားရာတွင် အဆိုပါစီမံကိုန်းကို ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် တည်ဆောက်ရန်လျာျထားသော်လည်း ဆောင်ရွက်နိုင်ခြင်းမရှိသည့်အတွက် ၂၀၁၆-၂၀၁၇ ခုနှစ်တွင် စတင်၍ ရန်ပုံငွေလျာထားဆောင်ရွက်ရန် စီစဉ်ထားသည့်အပြင် ပြည်ပအကူအညီရရှိပါကလည်း အမြန်ဆုံးဖြစ်အောင် ဆောင်ရွက်ပါမည်ဟု ဖြေကြားထားပါကြောင်း၊
ဆောက်လုပ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကျော်လင်း စစ်တွေသို့ ရောက်ရှိနေစဉ်ကာလ ၁-၆-၂၀၁၆ ရက်နေ့တွင် သတင်းစာသမားများမှ မေးမြန်းမှုကို မြန်မာ့အလင်းသတင်းစာက တစ်ဆင့်ဖတ်ရှုရာတွင် အိန္ဒိယအစိုးရက ကမ်းလှမ်းလာသည့် အစီအစဉ်တစ်ခုရှိပါကြောင်း၊ ၎င်းမှာ ပုဏ္ဏားကျွန်းမှ မင်းပြားသို့ ကစ္ဆပနဒီမြစ်ကိုဖြတ်၍ တံတားထိုးရန်အတွက် လမ်းအူကြောင်းသုံးကြောင်း ကာကွယ်ထားကြောင်းနှင့် ၎င်းလမ်းအူကြောင်းသုံးကြောင်းအနက် တစ်ခုခုပေါ်တွင် ကစ္ဆပနဒီတံတား သစ်တည်ဆောက်သွားမည်ဖြစ်ကြောင်း၊ ငါးနှစ်စီမံကိန်းကာလအတွင်း စီစဉ်ဆောင်ရွက်သွား မည်ဖြစ် ကြောင်းကို သိရှိရသည့်အတွက်ပေါက်တော-စစ်တွေ သို့မဟုတ် ပေါက်တော-ပုဏ္ဏားကျွန်းကိုဖြတ်၍ မဟာဗျူဟာမြောက် ကစ္ဆပနဒီ (ကုလားတန်)မြစ်ကူး တံတားတည်ဆောက်မည့်အစီအစဉ်မည်သို့ရှိသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ကစ္ဆပနဒီမြစ်ကူးတံတားတည်ဆောက်ရေးနှင့် ပတ်သက်ပြီး ပေါက်တော-ပုဏ္ဏားကျွန်းဘက်တွင် ပဏာမစီမံကိန်းဖြစ်မြောက်နိုင်စွမ်းလေ့လာမှု အရ ပုဏ္ဏားကျွန်းဘက်ကမ်း၊ တန်ဆွေကျေးရွာနှင့် ကျော်ဇံကျေးရွာအနီး၊ ပေါက်တောဘက်ကမ်းမှ လက်ပံပြားကျေးရွာတို့အား ဆက်သွယ်ထားရှိပြီး ကမ်းနှစ်ဘက်အကွာအဝေး ပေ ၈၂၅၀ ရှိပါကြောင်း၊ ပြည်တွင်းရေကြောင်း နှစ်ထပ်သင်္ဘောကြီးများ အနေဖြင့် စစ်တွေမြို့ ပုဏ္ဏားကျွန်း-မြောက်ဦး-ကျောက်တော်တို့ကို နေ့စဉ်သွားလာလျက်ရှိရာ ရေလမ်း ကင်းလွတ်အမြင့်ကို အနည်းဆုံး ၁၂ မီတာ (၃၆ ပေ) လိုအပ်မည်ဖြစ်ပါကြောင်း၊ ပင်မတံတားကြီး ပေ ၈၂၅၀ နှင့် ချဉ်းကပ်တံတား တစ်ဘက်ကို ပေ ၉၀၀ စီအပါအဝင် တံတားအရှည် စုစုပေါင်း ပေ ၁၀၀၀၀ လောက်ခန့်ရှိမည့် တံတားကြီးဖြစ်ပါကြောင်း၊ လမ်းသစ်ဖောက်လုပ်ရန်အတွက် ၂ မိုင်ခန့်နှင့် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဆောင်ရွက်ပြီးလမ်း ၁၂ မိုင်ကိုလည်း အဆင့်မြှင့်တင်ရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ခန့်မှန်းကုန်ကျမည့် တန်ဖိုးကို တွက်ချက်မည်ဆိုပါက တံတားလုပ်ငန်းအနေဖြင့် ကျပ်သန်းပေါင်း ၈၀၀၀၀ (ဘီလီယံ ၈၀)၊ လမ်းလုပ်ငန်းအနေဖြင့် ကျပ်သန်းပေါင်း ၄၀၀၀ စုစုပေါင်း စီမံကိန်းခန့်မှန်းခြေတန်ဖိုး ကျပ်သန်းပေါင်း ၈၄၀၀၀ ကုန်ကျမည်ဖြစ်ရာ လုပ်ငန်းပမာဏ အင်မတန်ကြီးမားသော လုပ်ငန်းကြီးဖြစ်ပါကြောင်း၊
စစ်တွေမှ ရန်ကုန်သို့သွားရာတွင် ပုဏ္ဏားကျွန်း-ကျောက်တော်- မြောက်ဦး-မင်းပြား-နရမ်းလမ်းဆုံအပိုင်းဆိုလျှင် ၈၆ မိုင်ကွာဝေးကွာပြီး ပုဏ္ဏားကျွန်းမှ ကစ္ဆပနဒီ(ကုလားတန်) မြစ်ကူးတံတားကြီးကို ဖြတ်သန်းပါက ပုဏ္ဏားကျွန်းမြို့-ပေါက်တောမြို့-မင်းပြားမြို့-နရမ်းလမ်းဆုံထိ မိုင် ၄၀ သာကွာဝေးသည့်အတွက် အဆိုပါတံတား၏အရေးပါမှုကိုလည်း သိရှိပါကြောင်း၊ မိမိတို့အနေဖြင့် တံတားဖြစ်မြောက်ရေးအတွက် ဖြစ်နိုင်သည့် နည်းလမ်းများကို အစဉ်အဆက် အမြဲကြိုးပမ်း ဆောင်ရွက်နေပါကြောင်း၊ ကြီးမားသည့် လုပ်ငန်းကြီးတစ်ခုဖြစ်နေခြင်းကြောင့် အလွယ်တကူ ဆုံးဖြတ်နိုင်ခြင်း မရှိသေးပါကြောင်း၊
ယခုအချိန်တွင် ဦးစားပေးအနေဖြင့် ရခိုင်ပြည်နယ်၏ အဓိက ဝင်ပေါက်လမ်းမကြီးများဖြစ်သော ဂွ-ငါးသိုင်းချောင်း-သံတွဲလမ်းပေါ်ရှိ ဒေါင်းချောင်းတံတား၊ ကျောက်ပါးစပ်တံတား၊ ကျောက်ကြီးတံတား၊ ဗောဓိတံတားအပါအဝင် တံတားကြီး ၁၀ စင်း ခန့်မှန်း တန်ဖိုးကျပ်သန်း ၃၂၉၁၊ မင်းဘူး-အမ်း-စစ်တွေလမ်းပေါ်ရှိ အုန်းတည်တံတား၊ ယောချောင်း တံတား၊ မြောင်းဘွေတံတား၊ တိမ်ညိုတံတား၊ ယိုးချောင်းတံတား၊ ပတ်ကွေ့တံတားအပါအဝင် တံတားကြီး ၆ စင်း ခန့်မှန်းတန်ဖိုး ကျပ်သန်းပေါင်း ၁၀၆၄၅ တို့ကို ယာယီဘေလီတံတားအဆင့်မှ အဆင့်မြှင့်တင်ရန်ကျန်ရှိနေသော်လည်း ရန်ပုံငွေအခြေအနေ ရရှိအောင် ဆောင်ရွက်နိုင်ခြင်းမရှိသေးပါကြောင်း၊
၂၀၁၆-၂၀၁၇ ဘဏ္ဍရေးနှစ်တွင် ရခိုင်ပြည်နယ်အတွင်း ပြည်ထောင်စုရန်ပုံငွေ ကျပ်သန်း ၁၉၀၀ဖြင့် အမ်း-စစ်တွေလမ်းပေါ်ရှိ ဒလက်ချောင်းတံတား အဆင့်မြှင့်တင်ခြင်း၊ ပြည်နယ်ရန်ပုံငွေ ကျပ်သန်း ၃၀၂၉.၅နှင့် မင်းပြား-မြေပုံလမ်းပေါ်ရှိ ကြပ်စင်တံတား၊ ပုဏ္ဏားကျွန်း-ရသေ့တောင် လမ်းပေါ်ရှိ တောဖျားချောင်းတံတား၊ ထွန်းရဝေတံတားများအား အသစ်ဆောက်လုပ်လျက် ရှိသည့်အပြင် တံတားများအတွက် ထပ်မံလိုအပ်နေသော ရန်ပုံငွေသည် ကျပ်သန်းပေါင်း ၁၂၄၀၀ ဖြစ်သည်ကိုလည်း တင်ပြလိုပါကြောင်း၊
ကစ္ဆပနဒီ(ကုလားတန်)မြစ်ကူးတံတားအတွက် စီမံကိန်းဖြစ်မြောက်နိုင်စွမ်း အတွက် မည်သည့် ငွေကြေးအထောက်အပံ့ဖြင့် ဆောင်ရွက်နိုင်မည်ဆိုသည်ကိုလည်းကောင်း၊ တံတားကြီးကို အရေးကြီးသည့် ကဏ္ဍအနေဖြင့် အလေးထားဆောင်နေသည်ကို လည်းကောင်း တင်ပြလိုပါကြောင်း၊ ယခုအချိန်တွင် ရခိုင်ပြည်နယ်အဓိကဝင်ပေါက် လမ်းမကြီးများပေါ်ရှိ တံတားများကိုသာ ယခု ငါးနှစ်စီမံကိန်းအတွင်းမှာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါကြောင်း၊
လုပ်ငန်းပမာဏအင်မတန် ကြီးမားသည့် အဆိုပါကစ္ဆပနဒီ(ကုလားတန်) မြစ်ကူးတံတားကို ဆောင်ရွက်သင့်သော်လည်း ယခုအချိန်တွင် မူလတင်ပြခဲ့သည့် ရခိုင်ပြည်နယ် ဝင်ပေါက်တံတားကြီးများကိုသာ ဦးစားပေးဆောင်ရွက်လျက်ရှိုနေကြောင်း ပြန်လည်တင်ပြပါသည်။
