၁၄-၁-၁၉၈၉ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ် အမှတ်(၂)နှင့် အမှတ်(၃) ရပ်ကွက်တွင် အိမ်ခြေ ၃၇၀ မီးလောင်ခံခဲ့ရပါကြောင်း၊ မီးလောင်ခံခဲ့ရသည့် မြေပေါ်တွင် မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနက ခြောက်ခန်းတွဲ နှစ်ထပ်တိုက်ဆောက်လုပ်ပြီး မီးဘေးသင့်ပြည်သူများကို အပေါ်ထပ်တွင် ပြည်လည်နေရာချပြီး မြေညီထပ်များကို ဝန်ထမ်းများအား ရောင်းချပေးခဲ့ပါကြောင်း၊ ထိုစဉ်က ၁၂ ပေ x ၄၅ ပေ ခြောက်ခန်းတွဲ နှစ်ထပ်တိုက်တစ်လုံး ကျပ်ငွေတစ်သိန်းခန့်ဖြင့် ကန်ထရိုက်စနစ်နှင့် ဆောက်လုပ်ခဲ့သည့်အတွက် အရည်အသွေး ညံ့ဖျင်းပြီး ရေမြောင်းစနစ်၊ မိလ္လာစနစ်များလည်း ကောင်းမွန်ခဲ့ခြင်းမရှိခဲ့ပါကြောင်း၊ အဆိုပါ တိုက်အမျိုးအစားများက အမှတ်(၃)ရပ်ကွက်တွင် ၄၃ လုံးရှိပြီး အမှတ်(၂) ရပ်ကွက်တွင် အလုံး ၃၀ ခန့်ရှိပါကြောင်း၊ ၂၀၁၂ ခုနှစ်တွင် အမှတ် (၃) ရပ်ကွက် (၁၀) လမ်း၊ တိုက်(၂၉)၊ အခန်း(၁)တွင် မီးဖိုချောင် ပြိုကျခဲ့သည့်အတွက် မြို့တော်စည်ပင်သာယာနှင့် စစ်ဆေးရေးအဖွဲ့မှ လာရောက်စစ်ဆေးခဲ့ပြီး ၁၆-၁-၂၀၁၃ ရက်နေ့တွင် ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ အဆောက်အဦအင်ဂျင်နီယာဌာနက အန္တရာယ်ရှိ လူနေထိုင်ရန်မသင့်သည့် အန္တရာယ်ရှိအဆောက်အဦအဖြစ် ဆိုင်းဘုတ်တင်ခဲ့ပါကြောင်း၊ ယခုအခါတွင်လည်း အဆောက်အဦအများစု ကြံ့ခိုင်မှုမရှိဘဲ ယိုယွင်းပျက်စီးပြီး ရေနှင့်မိလ္လာများကလည်း တိုက်ခန်းများအတွင်းသို့ စီးဝင်လျက်ရှိပါကြောင်း၊ တိုက်ခန်းနေပြည်သူများအတွက် နေစရာအဆောက်အဦကလည်းမရှိ၊ လက်ရှိနေထိုင်သည့် အဆောက်အဦကလည်း အန္တရာယ်ရှိအဆောက်အဦများ ဖြစ်နေသည့်အတွက် ကန်ထရိုက်စနစ်ဖြင့် ပြန်လည်တည်ဆောက်ရန် ခွင့်ပြုချက်တောင်းခံရာတွင် ၂၅-၁၀-၂၀၁၃ ရက်စွဲဖြင့် စည်ပင်သာယာနှင့် မသက်ဆိုင်ကြောင်း၊ အိုးအိမ်ဦးစီးဌာနက ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း အကြောင်းပြန်ခဲ့ပါသည်။ အိုးအိမ်က ယခုလက်ရှိအချိန်ထိ မည်သည့်အရာမှ ဆောင်ရွက်ပေးထားခြင်း မရှိသေးပါကြောင်း၊
အမှတ်(၂)ရပ်ကွက်၊ အမှတ်(၃)ရပ်ကွက်က တိုက်ခန်းများဖြစ်ပါကြောင်း၊ တိုက်ခန်းအရည်အသွေး ညံ့ဖျင်းသည့်အတွက် တော်တော်လေး ယိုယွင်းပျက်စီးနေပါကြောင်း၊ လူနေထိုင်ရန်မသင့် အန္တရာယ်ရှိ အဆောက်အဦအဖြစ် သတ်မှတ်ချိတ်ဆွဲထားသည့် ဆိုင်းဘုတ်ဖြစ်ပါကြောင်း၊ ၂၀၁၂ ခုနှစ်ကတည်းက ချိတ်ဆွဲထားသည်မှာ ယခုစာတောင်မမြင်ရတော့ပါကြောင်း၊
ထို့ကြောင့် ရေမြောင်းစနစ်၊ မိလ္လာစနစ်၊ ကားပါကင်၊ ကစားကွင်း၊ ပန်းခြံစသည့် Town Plan များရေးဆွဲပြီး အဆင့်မြင့်ကွန်ဒိုများနှင့် တည်ဆောက်မည်ဆိုပါက မြို့တော်လည်း သန့်ရှင်းသာယာလှပမည်၊ နိုင်ငံတော်အတွက်လည်း အကျိုးရှိမည်၊ နေထိုင်မည့် ပြည်သူများအတွက်လည်း ကိုယ်စိတ်နှစ်ပါး ချမ်းသာမည် ဖြစ်သည့်အတွက် ပြန်လည်တည်ဆောက်ရန် အစီအစဉ်ရှိ/မရှိသိရှိလိုပါကြောင်း မေးမြန်းပါသည်။
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ် အမှတ်(၂)နှင့် အမှတ်(၃)ရပ်ကွက်တို့ရှိ အိမ်ခြေပေါင်း ၃၇၀ သည် ၁၉၈၉ ခုနှစ် ဇန်နဝါရီလတွင် မီးသင့်လောင်ကျွမ်းခဲ့ပါကြောင်း၊ မီးလောင်မြေပြန်လည် ဖွံ့ဖြိုးရေးစီမံချက်ကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန (ယခင်မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန)မှ ၂၀၀၀-၀၁ ခုနှစ်တွင် မြေပြင်ကွင်းဆင်းတိုင်းတာ ပုံထုတ်ပြီး စီမံကိန်းပုံစံရေးဆွဲပြီး အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါကြောင်း၊ လှိုင်မြိုနယ်အမှတ်(၂)နှင့် အမှတ်(၃)ရပ်ကွက် မီးလောင်မြေပြန်လည် ဖွံ့ဖြိုးရေးစီမံကိန်း ပုံစံမှာဆိုလျှင် လူနေရပ်ကွက်များနှင့် လေးခန်းတွဲ၊ ခြောက်ခန်းတွဲ၊ ရှစ်ခန်းတွဲနှင့် ၁၀ ခန်းတွဲနှစ်ထပ်အုတ်ညှပ် အဆောက်အဦများကို အခြေအနေအချိန်အခါနှင့်အညီ လိုအပ်ချက်အရထည့်သွင်းရေးဆွဲပြီး အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊
မီးဘေးသင့်ပြည်သူများသည် မိမိတို့အစီအစဉ်ဖြင့် အိမ်ဆောက်နေထိုင်သူများကို မြေကွက်များ ချထားပေးပြီး မိမိကိုယ်တိုင် အိမ်ရာပြန်လည် တည်ဆောက်နေထိုင်ရန် အခြေအနေမရှိသူများကို ဌာနကနေပြီး တည်ဆောက်ရေး ကုမ္ပဏီများကို လုပ်ငန်းအပ်နှံပြီး တည်ဆောက်ထားသည့် လူနေအဆောက်အဦများတွင် ပြန်လည်နေရာချထားပေးခဲ့ပါကြောင်း၊ ဌာနကနေပြီး အိမ်လခကောက်ခံခြင်း၊ ပြင်ဆင်ထိန်းသိမ်းစရိတ် ကောက်ခံခြင်းတို့ကို ပြုလုပ်ခြင်းမရှိဘဲ နေထိုင်သူများကို အခန်းပိုင်အဖြစ် ပိုင်ဆိုင်ခွင့်ပေးအပ်ထားခြင်း ဖြစ်ပါကြောင်း၊ မြေပိုင်ဆိုင်မှုကို လက်ရှိအချိန်အထိ ဌာနပိုင်မြေ အဖြစ်သတ်မှတ်ထားပါကြောင်း၊
တည်ဆောက်ခဲ့သည့် လူနေအဆောက်အဦများတွင် လတ်တလောနေထိုင်ရန်နေရာ အရေးတကြီးလိုအပ်မှု ဖြည့်ဆည်းပေးရန်ဖြစ်သဖြင့် တည်ဆောက်ချိန်ကာလ လျော့နည်းသက်သာပြီး အလျင်အမြန် အကောင်အထည်ဖော်နိုင်မည့် အုတ်ညှပ်အဆောက်အဦ ဒီဇိုင်းပုံစံကို ကာလတိုသက်တမ်းအဖြစ် ရည်ရွယ် တည်ဆောက်ခဲ့ခြင်း ဖြစ်သည့်အတွက် နေထိုင်သူများမှ ပြုပြင်ထိန်းသိမ်းမှုလည်း အားနည်းကြောင်း၊ အချိန်မတိုင်မီ ပျက်စီးယိုယွင်းမှုများ ဖြစ်ပေါ်လာပြီး အန္တရာယ်ရှိသည့် အဆောက်အဦအဖြစ်သို့ ရောက်ခဲ့ခြင်းလည်းဖြစ်ပါကြောင်း၊
ဌာနအနေဖြင့် စီမံကွပ်ကဲလျက်ရှိသည့် အငှားအိမ်ရာ၊ ပြည်သူ့အိမ်ရာများမှာတွင် သက်တမ်းလွန်ခြင်း၊ ပျက်စီးယိုယွင်းခြင်းများရှိပါက မူလနေထိုင်သူများနှင့် ဆွေးနွေးညှိနှိုင်းပြီး ပြန်လည်ဖွံ့ဖြိုးရေးလုပ်ငန်း (Redevelopment) ကို ဆောင်ရွက်ပေးလျက်လည်းရှိပါကြောင်း၊ လက်ရှိအခြေအနေတွင် လှိုင်မြို့နယ် အမှတ် (၂) ရပ်ကွက်၊ ဘုရင့်နောင်လမ်း၊ တိုက်အမှတ် (၈၅/၈၆) တွင်ရှိသည့် နေထိုင်သူများက ၎င်းတို့ နေထိုင်သည့် တိုက်အားပြန်လည် ပြုပြင်တည်ဆောက်ပေးပါရန် ဌာနသို့အဆိုပြုတင်ပြလာပါသဖြင့် အဆိုပါတိုက်နေရာမှာ ခေတ်အခြေအနေနှင့် လျော်ညီမည့် မြေအောက် Car Parking နှစ်ထပ်ပါဝင်ပြီး ခေတ်မီအထပ်မြင့် အဆောက်အဦအဖြစ် Redevelopment ပြုလုပ်ရန် လက်ရှိနေထိုင်သူများနှင့် ညှိနှိုင်းဆောင်ရွက်လျက် ရှိပါကြောင်း၊
ယခုအခါ လှိုင်မြို့နယ် အမှတ်(၂)နှင့် အမှတ်(၃) ရပ်ကွက်တို့သည် ပြောင်းလဲဖြစ်ပေါ်လာသည့် မြို့ပြ ဖွဲ့စည်းပုံအရ မြေနေရာကောင်းများ ဖြစ်လာပြီး Infill Process အရ ရန်ကုန်မြို့၏ အိမ်ရာလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည့် အခြေအနေမှာရှိသည့်အတွက် စနစ်တကျ Plan ရေးဆွဲပြီး ပြန်လည်ဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်သင့်ကြောင်း ဌာနကသုံးသပ်ထားပြီးဖြစ်ပါသည်။
လှိုင်မြို့နယ် အမှတ်(၂)နှင့် အမှတ်(၃) ရပ်ကွက်မှာရှိသည့် အန္တရာယ်ရှိအဆောက်အဦများအား အမြန်ဆုံးပြန်လည်တည်ဆောက်ရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်း၍ အဆိုပါအဆောက်အဦများသည် အရောင်းအိမ်များ ဖြစ်သည့်အတွက် အန္တရာယ်ရှိသော အဆောက်အဦများတွင် နေထိုင်သူအိမ်ပိုင်ရှင်များ အနေဖြင့် ၎င်းတို့၏ စုပေါင်းအစီအစဉ်နှင့် ပြန်လည်တည်ဆောက်နိုင်ပြီး ဌာနအနေဖြင့် လိုအပ်သည်များကို ညှိနှိုင်းကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်းရှင်းလင်း ဖြေကြားပါသည်။
