(ဂ)-နန်းယွန်းမြို့နယ်၏ အဓိကဆက်သွယ်ရေး လမ်းကြောင်းဖြစ်သော ရှင်ဗွေယန်-နန်းယွန်း-ပန်ဆောင်လမ်းပိုင်းလီဒိုလမ်းမကြီးအားရာသီမရွေး သွားလာနိုင်သောလမ်းမကြီးအဖြစ်အဆင့်မြှင့်တင် ရန်အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး အဋ္ဌမနေ့ (၄.၈.၂၀၁၆)

မေးခွန်း အကြောင်းအရာ 

wan hlaနန်းယွန်းမြို့နယ်သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်အတွင်း တည်ရှိသည့် လမ်းပန်းဆက်သွယ်ရေး အရ နန်းယွန်းမြို့နယ်၏ အဓိကအသက်သွေးကြောသည် စတီးဝေး လမ်းမကြီးအဖြစ် ထင်ရှားသည့် လီဒိုလမ်းမကြီးဖြစ်ပါကြောင်း၊ နန်းယွန်းမြို့နယ်၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ ဒေသဖွံ့ဖြိုးရေးများအတွက် ကုန်ပစ္စည်းများ၊ ရိက္ခာများကို သယ်ယူရာတွင်လည်း ၎င်း လမ်းကို အသုံးပြုရခြင်း ဖြစ်ပါကြောင်း၊ ယခုအချိန်တွင် မိုးများသည့်အတွက် လမ်း၊ တံတားပျက်ဆီးမှု၊ မြေပြိုမှုများပြီး ဒေသခံပြည်သူလူထုများ၊ နိုင်ငံ့ဝန်ထမ်းများ နှစ်စဉ်နှစ်တိုင်း ခရီးသွားလာမှု အခက်အခဲများကို ကြုံတွေ့ကြရပါကြောင်း၊ ရှင်ဗွေယန်မှ ပန်ဆောင်အထိ မိုင် ၇၀ ခန့်သာရှိသော်လည်း အကြောင်းအမျိုးမျိုးကြောင့် ယနေ့အချိန်အထိ ရာသီမရွေးသွားလာနိုင်သည့် ကားလမ်း ဖြစ်မလာသေးပါကြောင်း၊

လမ်းဦးစီးဌာနကလည်း မိုးကုန်ချိန် နိုဝင်ဘာလတွင် လမ်းပြုပြင်ရခြင်းကြောင့် ကားများသွားလာ လို့ရသည့် အချိန်က ပွင့်လင်းရာသီဖြစ်သည့် ဒီဇင်ဘာလမှ ဖေဖော်ဝါရီလအထိ သုံးလဖြစ်ပါကြောင်း၊ ဒေသဖွံ့ဖြိုးရေးအတွက် ကားများနှင့်ကုန်ပစ္စည်းများ သယ်ယူကြရပါကြောင်း၊ ၎င်းလမ်းမကြီးကို အဆင့်မြှင့်တင် ဆောင်ရွက်ပေးမည်ဆိုပါက အိန္ဒိယနိုင်ငံကို တိုက်ရိုက်ဆက်သွယ်နိုင်ပြီး ကုန်စည် ကူးသန်းရောင်း ဝယ်နိုင်မည်ဖြစ်သည့်အတွက် ဒေသခံပြည်သူများနှင့် နိုင်ငံတော်အတွက်လည်း များစွာ အကျိုးဖြစ်ထွန်း စေမည်ဖြစ်ပါကြောင်း၊ ရှင်ဗွေယန်-နန်းယွန်းလမ်းအပိုင်းနှင့် စပ်လျဉ်းပြီးလည်း ၃၀-၁၁-၂၀၁၃ ပထမအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေးတွင် သက်ဆိုင်ရာဝန်ကြီးဌာနက ဖြေကြားရာတွင် ၂၀၁၃-၁၄ ဘဏ္ဍာနှစ်နှင့် ၂၀၁၄-၁၅ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုငွေလုံးငွေရင်းနှင့် ဆောင်ရွက်မှုကို ဖြေကြားခဲ့ပြီး ၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီး ရန်ပုံငွေ ၈၈၅.၅ သန်း လျာထားတင်ပြ တောင်းခံထားကြောင်းသိရပါသည်။ ၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီး ရန်ပုံငွေကျပ် ၄၀၄.၅ သန်း လျာထားသည့်အတွက် ၃၁-၁၂-၂၀၁၅ ရက်မတိုင်မီ မပြီးနိုင်သည့်အတွက် ကတိကဝပ်စာရင်းက ပယ်ဖျက်ပေးရန် တင်ပြလာပါကြောင်း၊ ၁၉-၁၁-၂၀၁၄ ရက်စွဲပါစာအမှတ် လဆမ/ BOT/ နန်းယွန်း-ပန်ဆောင်/၂၀၁၄ -၁၅ (၁၅၄၅) ဦးဆောင်ညွှန်ကြားရေးမှူး ပြည်သူ့ဆောက်လုပ်ရေး၏ ရည်ညွှန်းချက်တွင် မြောက်ပိုင်းတော်ဝင်၊ ကျောက်စိမ်းကုမ္ပဏီ၏ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထိန်ချုံးတွင်ရှိသည့် ထိန်ပင်လမ်းဖောက်လုပ်ရေး ကုမ္ပဏီတို့ပူးပေါင်းပြီးမှ နန်းယွန်မှပန်ဆောင်အထိ ၂၂၈ မိုင်ကို ၆ နှစ် စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်ရန် တင်ပြလာမှုကို ပြည်ထောင်စုအစိုးရ အဖွဲ့အနေဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာနဆီ သဘောထားတင်ပြရန် အကြောင်းကြားခြင်းနှင့်အညီ ဆောက်လုပ်ရေးဝန်ကြီးဌာနမှလည်း တင်ပြချက်ကိုစိစစ်ပြီး စည်းမျဉ်းနှင့် ကိုက်ညီမှုရှိခြင်းကြောင့် ၁၉-၁၁-၂၀၁၄ ရက် နေ့တွင် BOT စနစ်ဆောင်ရွက်ခွင့်ပြုခဲ့သည်ကို သိရှိရပါကြောင်း၊ သို့သော်လည်း ယနေ့အချိန်အထိ နန်းယွန်း-ပန်ဆောင်လမ်းအပိုင်းကို တစ်စုံတစ်ရာ အကောင်အထည်ဖော် လုပ်ဆောင်ခြင်း မတွေ့ရသဖြင့် ဒေသခံပြည်သူလူထုများကိုယ်စား သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ
ဖြေကြားချက် 

win khaingစစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ရှင်ဗွေယန်-နန်းယွန်း-ပန်ဆောင်လမ်းသည် ၅၁ မိုင်ရှည်လျားပြီး စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ စီမံခန့်ခွဲသည့်လမ်းဖြစ်ပါကြောင်း၊ ၃၁-၃-၂၀၁၆ ရက်နေ့ လမ်း အခြေအနေသည် ၁၂ ပေအကျယ် ကျောက်လမ်း ၂ မိုင် ၂ ဖာလုံ၊ ၁၂ ပေအကျယ် အမာခံလမ်း ၄၈ မိုင် ၆ ဖာလုံဖြစ်ပါကြောင်း၊ ရှင်ဗွေယန်-နန်းယွန်း- ပန်ဆောင်လမ်းတွင် ၂၀၁၂-၁၃ ဘဏ္ဍာနှစ်မှ ၂၀၁၅-၁၆ ဘဏ္ဍာနှစ်အထိ နှစ်စဉ်ခွဲဝေရရှိသည့် ရန်ပုံငွေကျပ်သန်းပေါင်း ၂၅၇၆.၅ သန်းနှင့် ၃၄ ပေအကျယ်ရှိသည့် မြေသားတာပေါင် တင်ခြင်းလုပ်ငန်း ၁၅ မိုင် ၄ ဖာလုံ၊ အမာခံလမ်းအပျက်ကိုပြုပြင်ခြင်း ၃၂ မိုင် ၂ ဖာလုံ၊ တောင်ပြို မြေဖယ်ရှားခြင်း ၁ မိုင် ၅ ဖာလုံ၊ ကျောက်ချောလမ်းခင်းခြင်း ၂ မိုင် ၂ ဖာလုံ၊ ရေထုတ်ပြွန် တည်ဆောက်ခြင်း ၉ စင်း၊ သစ်သားတံတားတည်ဆောက်ခြင်း ၂၄ စင်း၊ Box Culvert တည်ဆောက်ခြင်း ၁၉ စင်း၊ သံမဏိကြမ်းခင်းနှင့် ဘေလီတံတားတည်ဆောက်ခြင်း တစ်စင်း၊ တံတားပြုပြင်ခြင်းနှစ်စင်းနှင့် ကျောက်စီကမ်း ကပ်ခုံနှင့် သစ်သားတံတားတည်ဆောက်ခြင်း ငါးစင်းစသည့်လုပ်ငန်းများကို ဆောင်ရွက်ပြီးစီးပြီးဖြစ်ပါကြောင်း၊ ရှင်ဗွေယန်- နန်းယွန်း- ပန်ဆောင်လမ်းကို ၂၀၁၆-၁၇ ဘဏ္ဍာနှစ် စစ်ကိုင်းတိုင်းဒေသကြီး ပြင်ဆင်ထိန်းသိမ်းခြင်း ရန်ပုံငွေဖြင့် မူလအမာခံလမ်းမှ ကျောက်ခင်းလမ်း ၅ မိုင်၊ ကျောက်စီကမ်းကပ်ခုံနှင့် သစ်သားကြမ်းခင်းတံတားတည်ဆောက်ခြင်း တစ်စင်း၊ ဘေလီတံတား ဘီးလမ်းကြမ်းခင်းလဲလှယ်ခြင်း၊ ဆေးသုတ်ခြင်းတစ်စင်း၊ ကွန်ကရစ် ရေထုတ်ပြွန်တည်ဆောက်ခြင်း ခြောက်စင်း စသည့် လုပ်ငန်းများကို ဆောက်ရွက်သွားမည်ဖြစ်ပါကြောင်း၊

ရှင်ဗွေယန်- နန်းယွန်း- ပန်ဆောင်လမ်းကို ရာသီမရွေးသွားလာနိုင်သည့် ကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်တင်နိုင်ရန်အတွက် ခန့်မှန်းခြေကုန်ကျငွေကို ကျပ် ၄.၅ ဘီလီယံ လိုအပ်မည်ဖြစ်ပြီး ၃ နှစ် အတွင်း စီမံချက်များရေးဆွဲဆောင်ရွက်သွား မည် ဖြစ်သည့်အတွက် နှစ်စဉ်ခွဲဝေရရှိသော ရန်ပုံငွေအပေါ် မူတည်ပြီး ရာသီမရွေးသွားလာနိုင်သည့် ကျောက်ခင်းကျောက်ချောလမ်း လုပ်ငန်းများ ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဦးဝမ်းလှ(နန်းယွန်းမဲဆန္ဒနယ်)က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

မိမိတို့ ၂၀၁၂ မှ ၂၀၁၅-၁၆ တွင် ရှင်ဗွေယန်-နန်းယွန်း လမ်းအပိုင်းအတွက် ဝန်ကြီးဖြေကြားသွားသည့် အထဲတွင် ရေထုတ်ပြွန်များလည်း တစ်ခုမှမရှိပါကြောင်း၊ ထို့ကြောင့် ဝန်ကြီးဌာနတွင် တင်ပြလာသည့် စာရင်းများကို၊ ဓာတ်ပုံအကြမ်းများ ရိုက်ထားသည်ကိုပြန်ပြီး မဖြေကြားစေချင်ပါကြောင်း၊ မိမိတို့ လက်တွေ့ မြေပြင်တွင် ဖြစ်ပျက်နေသည့် အရာများကို လာရောက်အသေးစိတ်လေ့လာပြီး မိမိတို့ဒေသ၏ အကျိုးကို စေတနာရှိရှိနှင့် ဆောင်ရွက်ပေးခြင်းကို မိမိတို့ လိုချင်ပါကြောင်း၊ မိမိတို့ဆီတွင် Bus Car ၊ Car များ နန်းယွန်းနှင့် ရှင်ဗွေယန်လမ်းအပိုင်း တစ်ခုမှမရှိပါကြောင်း၊ ထို့ကြောင့် နောင်လာမည့်အချိန်တွင် လုပ်သည့် လုပ်ငန်းများတစ်ခုစီတိုင်းကို ဝန်ကြီးဌာနများမှ အသေးစိတ်ကြီးကြပ် ဆောင်ရွက်ပေးရန်အတွက်လည်း တင်ပြလိုပါကြောင်း၊ ယနေ့အချိန်အထိ ရှင်ဗွေယန်နှင့် နန်းယွန်းကြားတွင် ညအိပ်ပြီးသွားရပါကြောင်း၊ ဆိုင်ကယ်ခရီးကိုလည်း ခက်ခက်ခဲခဲသွားရပါကြောင်း၊ နန်းယွန်း-ရှင်ဗွေယန်လမ်းအပိုင်း၊ နန်းယွန်း-ပန်ဆောင်လမ်းအပိုင်းကို အချိန်မီအဆင့်မြင့်လမ်း ဖောက်လုပ်ပေးရန်အတွက် ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်

မိမိအနေဖြင့်လည်း တင်ပြချက်အပေါ် ပြန်လည်စိစစ်ပေးပါမည်။ မိမိအနေဖြင့် ဒီနှစ်ထဲတွင် ကျောက်ခင်းလမ်း ၁ မိုင်လုပ်ရန် လျာထားခြင်းဖြစ်ပါကြောင်း၊ သို့သော် ၎င်း ဒေသ၏ အရေးကြီးသည့် အနေအထားရှိသည့်အတွက် မိမိအနေဖြင့် ဒီနှစ်ကို ကျောက်ခင်းလမ်း ၅ မိုင်အထိ တိုးချဲ့ပါဆိုပြီးမိမိ၏ ဦးဆောင်မှုဖြင့် ၅ မိုင်ကျောက်ခင်း လမ်းဖြစ်အောင် ဖြည့်တင်းထားခြင်းလည်းဖြစ်ပါကြောင်း၊ ၎င်း လမ်းကိုလည်း ရာသီမရွေးသွားလာနိုင်သည့် လမ်းတစ်ခုဖြစ်ရန်အတွက် အခုနက တင်ပြသည့်အတိုင်း သုံးနှစ်အတွင်း ဘဏ္ဍာငွေ ၄.၅ ဘီလီယံ၊ တစ်နှစ်ကို ၁.၅ ဘီလီယံ ထည့်ပြီး ဖော်ပြပါ ရှင်ဗွေယန်-နန်းယွန်း-ပန်ဆောင်လမ်းကြီးကို ရာသီမရွေးသွားလာနိုင်သည့် အနည်းဆုံးကျောက်ချော၊ ကျောက်ခင်း လမ်းကြီး ဖြစ်အောင် ဆောင်ရွက်ပေးမည်ကို ရှင်းလင်းဖြေကြားပါသည်။