ရှမ်းပြည်နယ်၊ မူဆယ်ခရိုင်၊ မူဆယ်မြို့သည် မြန်မာနိုင်ငံ၏ သွင်းကုန်/ထုတ်ကုန်များ အဓိက စီးဆင်းဝင်/ထွက်သည့် တံခါးပေါက်တစ်ခုဖြစ်ပါကြောင်း၊ တရုတ်နိုင်ငံကို ကုန်တင်ပို့ရာတွင် မူဆယ်မြို့ အထက်ဘက် ၇ မိုင်ခန့်ရှိ မိုင်းယု ၁၀၅ မိုင် ကုန်စည်စစ်ဆေးရေးဂိတ်၌ စိစစ်ခံပြီးသည့်နောက် မူဆယ်မြို့၏ အနောက်တောင်အရပ်မှ ရပ်ကွက်တစ်ခုအတွင်းရှိ မန့်ဝိန်း-ဂျယ်ကောင်နယ်ခြား စစ်ဆေးရေး ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ တင်ပို့ရပါကြောင်း၊ ထို့အတူ ပြည်တွင်းသို့ ကုန်များတင်သွင်းပါကလည်း မန့်ဝိန်း-ဂျယ်ကောင်စစ်ဆေးရေး ဂိတ်မှတစ်ဆင့် မိမိတို့နိုင်ငံအတွင်း ဝင်ရောက်လာပြီး မူဆယ် မြို့ကို ဖြတ်သန်းကာ မိုင်းယု ၁၀၅ မိုင်ကုန်စည်စစ်ဆေးဂိတ်သို့ စစ်ဆေးခံရန် ဝင်ရပါကြောင်း၊ ယခုအခါ တိုးတက်မြင့်မားလာတဲ့ မြန်မာ-တရုတ်ကုန်သွယ်မှု အနေအထားကြောင့်လည်းကောင်း ကုန်စည် စစ်ဆေးသည့်ဂိတ်များတွင် ကုန်စည်များစစ်ဆေးခံရန် စောင့်ဆိုင်းရသည့် အချိန်ကြာမြင့်ခြင်းကြောင့် လည်းကောင်း၊ လအလိုက်စံနှုန်းကောက်ယူသည့် နှစ်ရှည်ယာဉ်များ ဖြတ်သန်းသွားလာမှု အမှတ်အသားကို သက်ဆိုင်ရာဌာနက လစဉ်လဆန်း ၇ ရက်နေ့များတွင် ကောက်ယူထားသည့် စံနှုန်းများ ဖြစ်သည်ကို သိရှိရပါကြောင်း၊
အထက်တွင်တင်ပြခဲ့သည့် ဖြစ်စဉ်များအရ မတန်တဆများပြားလာသည့် ယာဉ်သွားလာမှုများကြောင့် မူဆယ်မြို့၏ မြို့တွင်း/မြို့ပြင်များတွင် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်လျက်ရှိခြင်း၊ မြန်မာ-တရုတ် နှစ်နိုင်ငံ၏ ဝင်/ထွက်တံခါးပေါက်များသည် မူဆယ်-နမ့်ခမ်းလမ်းမကြီးနှင့် ကပ်လျက်ရှိသဖြင့် ခရီးသွားပြည်သူများ အမြဲတစေကြပ်တည်းစွာ သွားလာနေရခြင်းစသည့် ပြည်သူများ၏ ကိုယ်စိတ် ပင်ပန်းဆင်းရဲမှုများ ကြုံတွေ့ခံစားနေရပါသောကြောင့် မူဆယ်မြို့တွင်း/မြို့ပြင်များတွင် နှစ်စဉ်နှင့် အမျှဖြစ်ပျက်နေသော လမ်းပိတ်ဆို့မှုများကို ဖြေရှင်းကျော်လွှား နိုင်စေရန်အတွက် မိုင်းယု ၁၀၅ မိုင် ကုန်စည်စီးဆင်းရေးဂိတ်မှ မန့်ဝိန်း-ဂျယ်ကောင် နယ်ခြားစစ်ဆေးရေးဂိတ်၏ အောက်ဘက်တစ်နေရာသို့ ဖောက်လုပ်သည့် မူဆယ်မြို့ရှောင်ကွင်းလမ်းကို သက်ဆိုင်ရာမှ ဖောက်လုပ်ပေးမည့် အစီအစဉ်ရှိ/မရှိ၊ ရှိပါကမည်သည့် အချိန်ကာလတွင် ဆောင်ရွက်ပေးနိုင်မည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့တွင်ရှိသည် မန္တလေး-လားရှိုး-မူဆယ်-ဗန်းမော်-မြစ်ကြီးနားလမ်း မိုင်းယု) Toll Gate မှ မူဆယ်မြို့သို့ မူဆယ်မြို့ရှောင်ကွင်းလမ်း ဖောက်လုပ်ရန် ကွင်းဆင်းတိုင်း တာ ဆောင်ရွက်မှုများ ဆောင်ရွက်လျက်ရှိကြောင်း၊ မူဆယ်မြို့ရှောင်လမ်း လမ်းအူကြောင်းတွင်ပါဝင်သည့် လယ်/ယာမြေ အဆောက်အဦများကို စိစစ်တိုင်းတာရန်အတွက် သက်ဆိုင်ရာမြို့နယ် အုပ်ချုပ်ရေးမှူး၊ မူဆယ်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဦးဆောင်ပြီး ဦးစီးအရာရှိ၊ လယ်/ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ မြို့နယ်သစ်တောဦးစီးဌာန၊ လမ်းဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ စက်မှုသီးနှံနှင့်ဖွံ့ဖြိုးရေး လုပ်ငန်းတို့မှအဖွဲ့ဝင်များ ပါဝင်သည့်အဖွဲ့ကို ၉-၇-၂၀၁၅ ရက်နေ့တွင် ဖွဲ့စည်းပြီး မူဆယ်မြို့ရှောင်လမ်း စတင်ဖောက်လုပ်ရန် ညှိနှိုင်းဆောင်ရွက်ခဲ့ကြပါကြောင်း၊ ကွင်းဆင်းတိုင်းတာမှုများအရ မန္တလေး-လားရှိုး-မူဆယ်-ဗန်းမော်-မြစ်ကြီးနားလမ်း မိုင် ၂၇၈/၀ မှစတင်ပြီး မူဆယ်မြို့အထွက် မိုင် ၂၈၅/၃ လမ်းဆုံအထိ စုစုပေါင်းဖြတ်ဖောက်ရမည့် မြို့ရှောင်လမ်း၏ အရှည်မှာ ၁၁ မိုင်ရှည်လျားပါကြောင်း၊ အဆိုပါ ရွေးချယ်ထားသည့် လမ်းအူကြောင်းတွင် ဖြစ်နိုင်ခြေအကောင်းဆုံးလမ်းမှာ အပျက်အစီးအနည်းဆုံး လမ်းကို ရွေးချယ်ထားပြီး လောလောဆယ် တိုင်းတာမှုများအရ ၎င်း သီးပင်များအနေဖြင့် လိုင်ချီး ဝ.၃၅၅ ဧက၊ သရက် ဝ.၆၇၆ ဧက၊ မက်ဂဒေးမီးယား ၂.၁၃၂ ဧက၊ ရော်ဘာ ၂၁.၀၀၇ ဧက၊ ကော်ဖီ ၁.၁၈၁ ဧက၊ လက်ဖက် ၁.၂၂၃ ဧက၊ ကြံ ၂၂.၉၀၉ ဧက၊ ပြောင်း ၂၈.၂၁၂ ဧက၊ ဝါ ဝ.၃၉၁ ဧက၊ ဆူးထင်းရှုး ၅.၆၇၁ ဧက၊ လယ်/ယာ ၂၄.၅၀၄ ဧက၊ ရေကန်က ၂ ကန်နှင့် စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းအပါအဝင် အဆောက်အဦ ၅၄ လုံးပါဝင်ပြီး ယနေ့အထိ ညှိနှိုင်းဆောင်ရွက်လျက်ရှိပါကြောင်း၊
မူဆယ်မြို့ရှောင်လမ်းကို အမြန်ဆုံးဖောက်လုပ်နိုင်ရေးအတွက် မိမိတို့အနေဖြင့် ပြည်သူလူထုနှင့် သက်ဆိုင်သော ဌာနအဖွဲ့အစည်းများပါဝင်ပြီး လမ်းအူကြောင်းတွင်ပါဝင်သည့် လမ်းနယ်များ သဘောတူညီမှု ရရှိဖို့ရန် ဝိုင်းဝန်းညှိနှိုင်း အကောင် အထည်ဖော် ဆောင်ရွက်ပေးကြပါရန် မေတ္တာရပ်ခံရင်းဖြင့် ရှင်းလင်းဖြေကြားပါသည်။
